ပြစ်ဒဏ်ကျ လွှတ်တော် အမတ် ကျောက်ဖြူထောင် ကို ပြောင်း
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တရားရုံးက ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှု စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ခံလိုက်ရတဲ့ ရခိုင်အမျိုးသားပါတီဝင်၊ မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကို မင်းပြား မြို့နယ်ရဲစခန်းကနေ ကျောက်ဖြူအကျဉ်းထောင်ကို ရွှေ့ပြောင်းလိုက်ပါတယ်။
-
2016-01-31 -
-
-
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တရားရုံးက ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှု စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံ လိုက်ရတဲ့ ရခိုင်အမျိုးသားပါတီဝင်၊ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကို မင်းပြားမြို့ နယ်ရဲစခန်းကနေ ကျောက်ဖြူအကျဉ်းထောင်ကို ရွှေ့ပြောင်းလိုက်ပါတယ်။
လာမယ့်ဖေဖော်ဝါရီလဆန်းပိုင်းမှာ မြောက်ဦးခရိုင်တရားရုံးကနေ အယူခံဝင်သွားမယ်လို့ အဲဒီအမှုကို လိုက်ပါဆောင် ရွက်ပေးနေတဲ့ တရား လွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
"ဦးလှအောင်ညွန့်ရဲ့အကျဉ်းသားနံပါတ်နဲ့ ကိုယ်စားလှယ်လွှဲစာ ကျမတို့ဆီရောက်တာနဲ့ ကို အမြန်ဆုံးနည်းနဲ့တင်သွင်းဖို့ အစီအစဉ်လုပ်ပြီးသားရှိပါတယ်၊ အယူခံ တင်ရမယ့်အနေအထားက တိုင်တန်းတဲ့ တိုင်ချက်ကိုကြည့်တာနဲ့ ဒါဟာပြိုင်ဘက်ရွေးကောက်ပွဲဝင်မယ့် အုပ်စုက အနိုင်လိုချင်တဲ့အတွက် ဦးလှအောင်ညွန့်အပေါ် မှာ မတော်မတရားစွပ်စွဲပြီးတော့ တိုင်ကြားတယ်ဆိုတာ ပေါ်ပေါက်နေပြီးသား ဖြစ်ပါတယ်"
ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်ကို ကိုယ်စားလှယ် အဖြစ်က ထုတ်ပယ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အကြောင်း ကြားစာပေးပို့တာတော့ မရှိသေးပါဘူး။
ပြည်နယ်ရွေးကောက်ပွဲဥပဒေမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ခံရရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်သွားတယ်လို့ ဖော်ပြထားပါတယ်။
အယူခံဝင်ဖို့ ရက်ပေါင်း ၆၀ အတွင်း ခရိုင်၊ ပြည်နယ်နဲ့ ဗဟိုအဆင့် တရားရုံးတွေအထိ အဆင့်ဆင့် အယူခံဝင်သွားမယ်လို့လည်း ရခိုင်အမျိုးသားပါတီ ရဲ့ဗဟိုအလုပ်မှု ဆောင်ကော်မတီဝင် ဦးအောင်ဝင်း က ပြောပါတယ်။
ဦးလှအောင်ညွှန့်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြုပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) ကနေ ဝင်ရောက်အရွေးခံခဲ့ရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာ စံရွှေအောင်ကို ဆန္ဒမဲ နှစ်သောင်းကျော်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဒေါက်တာစံရွှေအောင်ရဲ့ လူမှုရေးလုပ်ငန်း တွေမှာ လုပ်ကိုင်ပေးနေတဲ့ မင်းပြားမြို့ခံ အမျိုးသမီးတစ်ဦး ကို အဲဒီလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခြင်းမပြုဖို့ ဦးလှအောင်ညွှန့်က သွားရောက်တားဆီး ခဲ့တာကြောင့် ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှု စတဲ့ ပုဒ်မ နှစ်ခုနဲ့ တရားစွဲခံရတာ ဖြစ်ပါတယ်။