ANP ကိုယ်စားလှယ်လောင်း မြို့နယ်အလိုက် မဲနဲ့ရွေးချယ်

ရခိုင်အမျိုးသားပါတီကနေ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အရေအတွက်များနေတာကြောင့် ပါတီဗဟိုကော်မတီကနေ ဆုံးဖြတ်ချက် မပေးနိုင်ဘဲ မြို့နယ်အလိုက် မဲစနစ်နဲ့ စတင်ရွေးချယ်နေပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်မှုဆောင် အစည်းအဝေး ကို ဧပြီလ ၂ ရက်နေ့က စစ်တွေမြို့မှာကျင်းပစဉ် Photo: Min Thein Aung/RFA

ရခိုင်အမျိုးသားပါတီကနေ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အရေ အတွက်များနေတာကြောင့် ပါတီဗဟိုကော်မတီကနေ ဆုံးဖြတ်ချက် မပေးနိုင်ဘဲ မြို့နယ်အလိုက် မဲစနစ်နဲ့ စတင်ရွေးချယ်နေပါတယ်။

ရသေ့တောင်မြို့နယ်မှာ ကိုယ်စားလှယ်ရွေးချယ်ပွဲကို ဒီကနေ့ မဲပေးစနစ်နဲ့ ကျင်းပခဲ့တာ ဖြစ်ကြောင်း ရခိုင် အမျိုးသားပါတီက ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မ တီအဖွဲ့ဝင် ဦးအောင်ဝင်း က ပြောပါတယ်။

"ကိုယ်စားလှယ်လောင်းတွေကတော့ တော်တော်များ များရှိတယ်၊  တချို့မြို့နယ်တွေ မှာဆိုရင် တစ်နေရာထဲ မှာ ၄၊ ၅ ယောက်ရှိတယ်၊  လွှတ်တော်ကိုယ်စား လှယ်လောင်းတွေက အဲ့လိုယှဉ်ပြိုင်ကြတဲ့အခါမှာ စိတ်ဝင်စားမှုရှိတယ်၊ ၂၀၁၀ တုန်းကဆို ရင် ရွေးကောက်ပွဲဝင်ဖို့  လွှတ်တော်ကိုယ်စားလှယ်လောင်းရှာရတာ သိပ်အခက်အခဲရှိတယ်၊ တက်တက်ကြွကြွနဲ့ပါပဲ၊  အကုန်လုံးက ဝိုင်းဝန်းပြီးတော့ ယှဉ်ပြိုင်လာတဲ့အတွက်ကြောင့် ဦးတို့က  ဝမ်းသာရတာပါ"

ရသေ့တောင် မဲဆန္ဒနယ်မြေကနေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ဖို့ လျှောက်လွှာတင်သူ ၁၁ ဦး ရှိခဲ့ပြီး အဲဒီထဲက ၄ ဦးကို  မဲစနစ်နဲ့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်၊ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ဦးသန်းနိုင်နဲ့ ဦးဖိုးဝင်း တို့ကမဲအများဆုံးရခဲ့ပါတယ်။

ကျန်တဲ့ မြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ အစရှိတဲ့ မဲဆန္ဒနယ်မြေတွေအပြင် ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာလည်း လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲတွေကို ပြုလုပ်သွား ဖို့ ရှိတယ်လို့ သိရပါတယ်။

ရခိုင်အမျိုးသားပါတီက ရသေ့တောင်မြို့နယ်ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင် ဦးအောင်ဝင်း ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org