AI အဖွဲ့ကြီး ရွှေရတုအခမ်းအနားမှာ ကိုဇာဂနာ ဟောပြောမည်

မတ်လ ၄ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် AI အဖွဲ့ကြီးရဲ့နှစ် ၅၀ ပြည့် ရွှေရတု အခမ်းအနားမှာ မြန်မာ ဟာသအနုပညာရှင် ကိုဇာဂနာ တက်ရောက် ဟောပြောမှာဖြစ်ကြောင်း AI အဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၂ ရက်နေ့တွင် ဝါရှင်တန်ဒီစီ NED ( National Endowment for Democracy ) က ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတွင် ကိုဇာဂနာ ဆွေးနွေးနေစဉ် Photo:RFA

အဲဒီအခမ်းအနားမှာ မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ရေးအတွက် တိုက်တွန်းပြောဆိုဖို့ ရှိတယ်လို့ ကိုဇာဂနာက ပြောပါတယ်။

မိမိ ထောင်ထဲမှာရှိနေစဉ် ကာလက ထောင်က လွှတ်ပေးဖို့ AI အဖွဲ့က စဉ်ဆက်မပြတ် တောင်းဆိုပေးခဲ့တာကြောင့် ကျေးဇူးရှင်ကို ကျေးဇူးတင်စကား သွားပြောမှာ ဖြစ်ကြောင်း၊ အခမ်းအနားမှာ ကမ္ဘာကျော် ဟာသပညာရှင်ကြီးတွေကပါ ဝိုင်းကူကြမယ်ဆိုတဲ့အတွက် ဗမာလူမျိုးတစ်ယောက်အနေနဲ့ ပထမဆုံးရတဲ့ အခွင့်အရေးလို့ သတ်မှတ်ပြီး ဝမ်းမြောက်ရကြောင်းကိုလည်း ကိုဇာဂနာက ပြောပါတယ်။

အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ကာလတွင်း မိမိ လွတ်မြောက်ရေးအတွက် AI အဖွဲ့ကြီးက တောင်းဆိုလှုပ်ရှားတဲ့ ပို့စကတ် ၄၉ ခု လက်ခံရရှိခဲ့တယ်လို့ ကိုဇာဂနာက ပြောပါတယ်။

AI အဖွဲ့ကြီးရဲ့နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားမှာ ကိုဇာဂနာနဲ့အတူ ကမ္ဘာကျော် ဟာသပညာရှင် ၃၅ ဦးလည်း တက်ရောက် ဟောပြောကြမှာဖြစ်ပါတယ်။

AI အဖွဲ့ဟာ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးတစ်ခုအနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့တကွ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ အစဉ်တစိုက် တောင်းဆို လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org