အမရပူရမြို့သစ်စီမံကိန်း တောင်သူတွေ လျော်ကြေးတောင်း

မန္တလေးမြို့ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းထဲမှာ ပါဝင်သွားတဲ့ မြေတွေကို လျော်ကြေးပေးဖို့အတွက် တောင်သူတွေဘက်က ခေါင်းဆောင်အချို့နဲ့ ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ၊ လယ်ယာမြေ စီမံခန့်ခွဲ မှုကော်မတီတို့ ဒီကနေ့ ရှမ်းလေးကျွန်းကျေးရွာက အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအတွင်းမှာ ၂၀၁၉ ဒီဇင်ဘာ ၂၆ ရက်‌နေ့က မြေယာလျော်‌ကြေး တောင်းဆိုနေစဉ် Photo: Kaymani Win/ RFA

မန္တလေး၊ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းရွာအနီး တည်ဆောက်နေတဲ့ အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအတွင်းမှာ တောင်သူ ၆၅ ဦးရဲ့ မြေနုကျွန်းမြေ ဧက ၂၀၀ ကျော်ဟာ ပါဝင်နေပြီး ဒီမြေတွေအတွက် လျှော်ကြေးလည်းမရ၊ လုပ်ကိုင်စားလို့လည်း မရတာကြောင့် နစ်နာနေရတယ်လို့ တောင်သူတွေက RFA ကို ပြောပါတယ်။

ဒီမြေတွေအပါအဝင် ဧက ၂၅ဝဝ ကျော်ရှိတဲ့ အကျယ်အဝန်းကို ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ယခင်စစ်အစိုးရနဲ့ နီးစပ်ခဲ့သူတစ်ဦးလည်းဖြစ်တဲ့ ဦးမောင်ဝိတ် က Mandalay Business Capital City Development ဆိုတဲ့ ကုမ္ပဏီနာမည်နဲ့ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။

အမရပူရမြို့ပြစီမံကိန်းဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ဆောက်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး နစ်နာကြေး ယူမထားတဲ့ တောင်သူပိုင်မြေတွေကို ကုမ္ပဏီဘက်က သွပ်ပြားတွေ သစ်သားတွေနဲ့ ကာထား တာကြောင့် ဝင်ရောက်စိုက်ပျိုးလို့ မရဘူးဖြစ်နေတယ်လို့ ရှမ်းလေးကျွန်းကျေးရွာက  ဒေါ်ကြည်စိန်ကပြောပါတယ်။

“နှစ်တိုင်း လုပ်စားနေရတယ်။ အခုတော့ ဒီနေရာတွေ ကာထားလို့ လုပ်စားမရဘူး၊ ကုမ္ပဏီကိုလည်း တားတာလည်းမဟုတ်ပါဘူး၊ ရပ်ခိုင်းတာလည်းမဟုတ်ပါဘူး၊ တောင်သူတွေ နစ်နာနေတာကို  ညိနှိုင်းပေးစေချင်တာ”

မြေနုကျွန်း နစ်နာသူတောင်သူတွေဟာ တစ်ဦးကို ကျပ်သိန်း ၃၀၀ ရလိုကြတာဖြစ်တယ်လို့ ပြောကြပါတယ်။

မြေယာလျော်ကြေးရချင်တဲ့ တောင်သူတွေဘက်က ခေါင်းဆောင်အချို့နဲ့ ကုမ္ပဏီဘက်က တာဝန်ရှိ သူတွေ၊ လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီနဲ့ ရှမ်းလေးကျွန်းကျေးရွာက အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြပါတယ်။

ဆွေးနွေးမှု ရလဒ်နဲ့ပတ်သက်ပြီး ကုမ္ပဏီက လက်ထောက်မန်နေဂျာဖြစ်တဲ့ ဦးကျော်ဝင်းက အခုလိုပြောပါတယ်။

“ စီမံကိန်းမြေမှာ လက်ကျန် ကွက်လေးတွေရှိတယ်ပေါ့၊ အဲဒီအပေါ်မှာ သူတို့ရဲ့ ရလိုမှုလေး၊ အတိုင်း အတာတစ်ခုလိုချင်တယ်ပေါ့၊ ကျေးရွာလယ်စီရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဆောင်ရွက်ကြတဲ့အတွက် တင်ပြချင်တာကို  ကျေးရွာလယ်စီကိုတင်ပြ၊ အဲဒီကနေ ကုမ္ပဏီကိုတင်ပြမယ်။ ကုမ္ပဏီကိုပို့တဲ့အခါ မှာလည်း မြို့နယ်မြေစားရင်းမှာ ခိုင်မာမှု ရှိ မရှိ စစ်ရမယ်၊ ကုမ္ပဏီကလည်း ညိနှိုင်းဆောင်ရွက်မှုတွေနဲ့ ‌ဆောင်ရွက်သွားမှာပါ”

ကုမ္ပဏီဟာဆိုရင် စီမံကိန်းဧရိယာအနေနဲ့ကတော့ မြေဧက ၂၅၀၀ ကျော်အသုံးပြုမှာဖြစ်ပြီး  အသုံးပြုမယ့် မြေတွေအတွက် တန်ရာတန်ကြေး ပေးဝယ်ထားတာဖြစ်တယ်လို့ ကုမ္ပဏီက လက်ထောက်မန်နေ ဂျာ ဦးကျော်ဝင်းကပြောပါတယ်။

ဒီစီမံကိန်းဟာ လက်ရှိမှာတော့ မြေဖို့တဲ့လုပ်ငန်းတွေ ၂၀၁၇ ခုနှစ်က စတင်လုပ်ဆောင်နေတာဖြစ်ပြီး  အဆောက်အဦးတွေဆောက်မဲ့ ပုံစံကိုတော့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ တိုင်ပင်ထားပြီးဖြစ်တယ်လို့ ကုမ္ပဏီဘက်ကသိရပါတယ်။

တောင်သူတွေ တောင်းဆိုချက်နဲ့ ပတ်သက်လို့ကတော့ ပိုင်ဆိုင်မှု မှန်ကန်ရင် နစ်နာကြေးရမှာဖြစ်တယ်လို့ ရှမ်းလေးကျွန်း ကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်သလို မြေယာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးကျော်ဆန်းလွင်က ပြောပါတယ်။

“အုပ်ချုပ်ရေး အဖွဲ့ဆိုတာကတော့ ဒီရွာရဲ့ ရပ်မိရပ်ဖဆိုလည်း ဟုတ်တယ်၊ ဖြစ်လာတဲ့ ပြဿနာ ဖြေရှင်း ရမယ်ဆိုတာလည်း မှန်ပါတယ်။ ဒီတောင်းဆိုမှုက ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာ ဥပဒေကြောင်း အရရှိတယ်။ တောင်းဆိုမှုက တကယ်လည်းရှိခဲ့တယ်။ စိုက်ခဲ့တယ်ဆိုရင် သူရတဲ့ အခွင့်အရေးကတော့ ရမှာပေါ့”

ကုမ္ပဏီဘက်က ပြောစကားနဲ့ ပတ်သက်ပြီး ရှမ်းလေးကျွန်းကျေးရွာက မအေးခိုင်က

“ကုမ္ပဏီနဲ့ မြေစားရင်းနဲ့ လယ်စီနဲ့ပေါင်းပြီး လှည့်ထားတာ၊ လှည့်ကွက်ပေါ့၊ အဲလိုပဲ ကျမတို့က ယူဆတယ်၊ သူတို့သုံးဖွဲ့က ဘောလီဘောရိုက်နေတာ၊ ကျမတို့တောင်သူတွေက ခံနေရတာ၊  ကျမတို့ကို နစ်နာကြေး ရာဂဏန်းလောက် ပေးလိုက်ရတယ်”


စီမံကိန်းက မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့် ဆောင်ရွက်နေတာဖြစ်ပါတယ်။


စီမံကိန်းကနေ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ၂၅ ရာခိုင်နှုန်းရမယ်လို့ ၂၀၁၇ ခုနှစ်ကပြုလုပ်တဲ့ အမရပူရမြို့ပြစီမံကိန်းနဲ့ပတ်သက်ပြီး ပညာရှင်တွေ၊ ဒေသခံအချို့ တွေ့ဆုံပွဲက သိရပါတယ်။

မြေနုကျွန်းပြဿနာကို ဖြေရှင်းပေးဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံ၊ သမ္မတရုံး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ပြည်သူ့လွတ်တော်ကိုလည်း အခုနှစ် ဇွန်လက နစ်နာသူ တောင်သူတွေက တိုင်ကြားထားတယ်လို့ သိရပါတယ်။

ဒီမြေနုကျွန်းတွေမှာ နှစ်စဉ်မိုးကုန်ရင် မြေပဲ၊ ပဲ၊ နှမ်း လိုသီးနှံတွေ စိုက်ပျိုးကြတာဖြစ်ပြီး ဒီယာထွက်ကုန်တွေဟာ ဒေသခံတောင်သူတွေရဲ့ စားဝတ်နေရေးအတွက် အရေးပါတဲ့ သီးနှံတွေလည်းဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org