ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း အရပ်သား ၂၇၀ နီးပါး သေဆုံး
ရခိုင်ပြည်နယ်က တကျော့ပြန်တိုက်ပွဲ ခြောက်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ လက်နက်ငယ်ပစ်ခတ်မှုတွေကြောင့် အရပ်သား ၂၆၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၆၄၀ အထိလာပါတယ်။
-
RFA Burmese
2024-05-28 -
-
-
ရခိုင်ပြည်နယ်က တကျော့ပြန်တိုက်ပွဲ ခြောက်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ လက်နက်ငယ်ပစ်ခတ်မှုတွေကြောင့် အရပ်သား ၂၆၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၆၄၀ အထိလာပြီလို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ပေးရေးရုံး (HDCO) က မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အခု အရေအတွက်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်နေ့အတွင်း အရပ်သား ထိခိုက်သေဆုံးမှု အရေအတွက်ဖြစ်ပါတယ်။
ဒီအထဲမှာ မင်းပြားမြို့နယ်ကတော့ သေဆုံးသူ ၅၆ ဦးနဲ့ ဒဏ်ရာရသူ ၁၇၂ ဦးအထိရှိခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှု အများဆုံးရှိခဲ့တဲ့ မြို့နယ်ဖြစ်ပါတယ်။ မြောက်ဦးမြို့နယ်မှာတော့ သေဆုံးသူ ၄၂ ဦးနဲ့ ဒဏ်ရာရသူ ၇၂ ဦးအထိရှိခဲ့ပြီး သေဆုံးထိခိုက်မှု ဒုတိယအများဆုံးဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်က အရပ်သား နေထိုင်တဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရာသူတွေလည်း ထပ်တိုးလာပြီး လက်ရှိမှာ စစ်ဘေးဒုက္ခသည် ငါးသိန်းခုနစ်သောင်းကျော် (၅၇၂၃၀၀) အထိရှိလာပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ဘေးဒုက္ခသည်စခန်းအများစုမှာလည်း စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာစတဲ့ အရေးပေါ်လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုလာတာ မရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
တကျော့ပြန်တိုက်ပွဲ ခြောက်လအတွင်း ရခိုင်ပြည်နယ်နယ်က မြို့နယ်ကိုးမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပါတယ်။ လက်ရှိမှာလည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့နယ် အပါအဝင်၊ ဘူးသီးတောင်၊ မောင်တောနဲ့ သံတွဲမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။