ပြည်ပရောက် အလုပ်သမားတွေ စစ်မှုထမ်းဖို့ အေဂျင်စီတွေက ပြန်ခေါ်ပေးရမည်
စစ်ကောင်စီရဲ့ ပြင်ဆင်ချက်အသစ်ကြောင့် ပြည်ပသွားမဲ့ အလုပ်သမားတွေထက် အေဂျင်စီတွေအတွက် ပိုပြီးအကျပ်အတည်းဖြစ်လာနိုင်တယ်လို့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။
-
RFA Burmese
2024-11-14 -
-
-
ပြည်ပရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ စစ်မှုထမ်းဖို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက တာဝန်ယူပြီး မဖြစ်မနေ ခေါ်ပေးရမဲ့ ပြင်ဆင်ချက်အသစ်ကို စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်နေ့မှာ အသိပေးအကြောင်းကြားလာတယ်လို့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက RFA ကို အတည်ပြုပြောပါတယ်။
ပြင်ဆင်လိုက်တဲ့ အလုပ်ရှင်၊ အလုပ်သမား၊ အေဂျင်စီ သုံးပွင့်ဆိုင် စာချုပ်အသစ်ထဲမှာ ပြည်ပရောက်သွားတဲ့ အလုပ်သမားတွေ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့အချိန် မြန်မာနိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းနိုင်ဖို့အတွက် အလုပ်သမား အေဂျင်စီတွေဘက်က တာဝန်ယူခေါ်ပေးရမဲ့ ပြင်ဆင်ချက်ကို ထည့်သွင်းပြဋ္ဌာန်းလိုက်တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပြင်ဆင်ချက်အသစ်ကြောင့် ပြည်ပသွားမဲ့ အလုပ်သမားတွေထက် အေဂျင်စီတွေအတွက် ပိုပြီးအကျပ်အတည်း ဖြစ်လာနိုင်တယ်လို့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။
“စာချုပ်အသစ်ကို အလုပ်သမားက မကြိုက်ရင်တောင် လက်မှတ်ထိုးပြီး ထွက်ရရင်ပြီးရော လုပ်သွားလို့ရသေးတယ်။ တကယ်လို့ ကျွန်တော်တို့ လွှတ်လိုက်တဲ့အထဲက အလုပ်သမားက စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရပြီဆိုရင် အဲဒီမှာစပြီး ဒုက္ခရောက်ပြီ။ သူက ပြန်မလာဘူးဆိုရင် ကျွန်တော်တို့ကို အရေးယူမှာလား၊ လူစားထိုး ရှာပေးရမှာလား၊ စစ်မှုထမ်းဖို့အတွက် အေဂျင်စီရဲ့တာဝန် ဖြစ်လာတယ်။ တာဝန်ခံပြီး ပြန်ခေါ်ပေးရမယ်ဆိုတဲ့ ပုံစံမျိုး စစ်ကောင်စီဘက်က လုပ်လိုက်တာ။ ဖိအားတွေ အရမ်းများလာတယ်”
ပြည်ပရောက် အလုပ်သမားတွေ စစ်မှုထမ်းဖို့ ချုပ်ဆိုရတဲ့ စာချုပ်အသစ်ထဲမှာ အလုပ်လုပ်တဲ့ကာလ နှစ်နှစ်အတွင်း ဆင့်ခေါ်မှာမဟုတ်ဘူးလို့ ညွှန်ကြားထားပေမဲ့ စစ်မှုထမ်းဖို့ လူလိုတဲ့အခါ အေဂျင်စီတွေကို ဖိအားပေး ခေါ်ခိုင်းလာမှာကိုလည်း စိုးရိမ်တယ်လို့ သူက ပြောပါတယ်။
ပြည်ပရောက် အလုပ်သမားတွေ လုပ်အားခ ရငွေရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေပြန်မလွှဲတဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေ လိုင်စင်ပိတ်သိမ်းခံရတာကြောင့် အခုလည်း စစ်မှုထမ်းဖို့ မခေါ်ပေးနိုင်တဲ့ အေဂျင်စီတွေ ဆက်ပြီး ပိတ်သိမ်းခံရနိုင်တယ်လို့ အေဂျင်စီတွေဘက်က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်မှုထမ်းဖို့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေ အကျုံးဝင်ပြီး ငြင်းဆိုရင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
ဒါကြောင့် စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေလည်း များပြားလာတာပါ။
စစ်မှုထမ်းဖို့ စာရင်းသွင်းပြီးမှ အကြောင်းအမျိုးမျိုးနဲ့ ပျက်ကွက်နေသူတွေကို အရေးယူဖို့ဆိုပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက နိုဝင်ဘာ ၇ ရက်နေ့က ပြောဆိုထားပါတယ်။
နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ထက်မနည်း ရှိနေတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။