စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အရပ်သားနှစ်ထောင်နီးပါး သေဆုံး

ဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၂၄၈ ဦး ပါဝင်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၆၄၁ ဦးနဲ့ အများဆုံး သေဆုံးခဲ့ရတာလို့ AAPP က ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရအပြီး ပျက်စီးသွားသည့် အဆောက်အအုံတချို့အား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - လားရှိုးမြို့ ပြန်လည်ထူထောင်ရေး/ Faceobook

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ထောင်နီးပါး (၁၈၂၃ ဦး) သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသား ၁၁၉၄ ဦး၊ အမျိုးသမီး ၆၂၈ ဦးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတစ်ဦး သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၄၈ ဦး ပါဝင်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၆၄၁ ဦးနဲ့ အများဆုံး သေဆုံးခဲ့ပြီး လက်နက်ကြီးကြောင့် ၅၂၅ ဦးနဲ့ ဒုတိယအများဆုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ အရပ်သား ၇၆၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

အဲဒီထဲမှာ အမျိုးသား ၅၅၀ ဦး၊ အမျိုးသမီး ၂၁၅ ဦးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ တစ်ဦးပါဝင်ပြီး ရန်ကုန်တိုင်းမှာ ၂၀၈ ဦး ဖမ်းဆီးခံရပြီး အများဆုံးလို့လည်း ဆိုပါတယ်။

AAPP ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၉ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ခြောက်ထောင်ကျော် (၆,၁၂၉ ဦး) သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org