လွတ်ငြိမ်းချမ်းသာခွင့်မှာ ကန့်သတ်ချက်တွေ ရှိနေကြောင်း အေအေပီပီပြော
မနေ့က ထုတ်ပြန်လိုက်တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးမယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်မှုမျိုး မတွေ့ရှိရကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ အေအေပီပီ က ပြောဆိုလိုက်ပါတယ်။
-
2011-10-11 -
-
-
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ချိတ်ဆွဲခဲ့သည့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပိုစတာ ဖြစ်ပါသည်။
သမ္မတ ဦးသိန်းစိန်ရဲ့ ကြေညာချက်မှာ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံထားပြီး အကျင့်စာရိတ္တ ကောင်းမွန်လာတဲ့ အကျဉ်းသားတွေကို လူသားချင်း စာနာမှု၊ မိသားစုဝင်တွေ အပေါ် ငဲ့ညှာမှုနဲ့ နိုင်ငံ့အကျိုး အတွက် တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အတွက်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ
ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်လို့ ဖော်ပြ ထားပါတယ်။
ဒီထုတ်ပြန်ချက် အရ ဆိုရင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးတာမျိုး မဟုတ်ဘဲ အကန့်အသတ်တွေနဲ့ ဖြစ်နေကြောင်း၊ ဘယ်သူတွေပဲ ပြန်လွတ်လွတ် အကျဉ်းသားတွေ ပြန်လွှတ်တာဟာ ကောင်းပါကြောင်း၊ ဒါပေမဲ့ ကျန်းမာရေး မကောင်းသူတွေ၊ အသက်အရွယ် ကြီးရင့်နေသူတွေ၊
စည်းကမ်း လိုက်နာသူတွေကို ပြန်လွှတ်မယ်လို့ဆိုရာမှာ ပြည်တွင်း ပြည်ပက တောင်းဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကို အသိအမှတ် မပြုသလို ဖြစ်နေကြောင်း အေအေပီပီ အတွင်းရေးမှုး ဦးတိတ်နိုင်က အာအက်ဖ်အေ ကို ပြောပါတယ်။
ဒါပေမယ့် အခုတစ်ကြိမ် သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာချက် အရ နိုင်ငံရေး အကျဉ်းသား အများအပြား လွတ်မြောက်လာလိမ့်မယ်လို့ခန့်မှန်းထားကြောင်း ဦးတိတ်နိုင် က ပြောပါတယ်။
ဒီကနေ့စတင် လွတ်မြောက်လာမယ့် နိုင်ငံရေးအကျဉ်းသားတွေ ရဲ့အမည်စာရင်းတွေကိုလည်း အေအေပီပီ က ပြုစု ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
အေအေပီပီ က ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း နှစ်ထောင်ကျော် ရှိနေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် သိရအောင် ဦးတိတ်နိုင ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့ ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |