ရခိုင်အသင်း(စင်္ကာပူ) ဥက္ကဋ္ဌအပါအဝင် ကိုးဦးကို ရမန်ယူ

ရခိုင်အသင်း( စင်္ကာပူ)ရဲ့ ဥက္ကဋ္ဌအပါအဝင် စင်္ကာပူနိုင်ငံကနေ ပြန်ပို့ခံရတဲ့ စုစုပေါင်း ခြောက်ဦးကို ဇူလိုင်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ရန်ကုန်လေဆိပ်နဲ့ အမြန်လမ်းမတွေမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုဟိန်းဇော် အမေကို ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က မရမ်းကုန်းမြို့နယ်တရားရုံးမှာ တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

ရခိုင်အသင်း( စင်္ကာပူ)ရဲ့ ဥက္ကဋ္ဌအပါအဝင် စင်္ကာပူနိုင်ငံကနေ ပြန်ပို့ခံရတဲ့ စုစုပေါင်း ခြောက်ဦးကို ဇူလိုင်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ရန်ကုန်လေဆိပ်နဲ့ အမြန်လမ်းမတွေမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီအမှုနဲ့ဆက်စပ်တယ်ဆိုပြီး နောက်ထပ် သုံးဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးထားသူ ကိုးဦးစလုံးကို အနောက်ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူခဲ့ပြီး မိသားစုတွေကို တွေ့ဆုံခွင့်မပေးတဲ့အပြင် အကြောင်းကြားတာလည်းမရှိဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

AA နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲခံရတဲ့ ကိုးဦးစလုံးကို မြန်မာနိုင်ငံ သတင်းရဲတပ်ဖွဲ့က ရဲမှူး ဦးတင့်ရွှေက တရားလုပ်ပြီး မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ဒီနေ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ အချုပ်ရမန်လာယူတာဖြစ်တယ်လို့ အနောက်ပိုင်းခရိုင်တရားရုံး သတင်းနဲ့ပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ပြောပါတယ်။

“အဲဒီ ကိုးယောက်ကို မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းကနေ အချုပ်မိန့်ရမန် တောင်းခံလာတာဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တင်ပြတောင်းခံလာတဲ့ ရမန်တောင်းပုံစံမှာ ဖော်ပြလာတဲ့ စွပ်စွဲချက်ပုဒ်မကတော့ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ဟိန်းဇော် သူတို့အပေါ်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)(ခ)(ဂ) ပုဒ်မတပ်ပြီး သူတို့ သုံးယောက်ကို ရမန်တောင်းပါတယ်၊ နောက်ကျန်တဲ့ ခြောက်ယောက်ကိုတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(ခ)(ဂ)ရမန်တောင်းပါတယ်”

ဒီဖမ်းဆီးခံရသူတွေထဲက AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီဖြစ်သူ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေးနဲ့ ကိုဟိန်းဇော်တို့ သုံးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)(ခ)(ဂ)တို့နဲ့ အမှုဖွင့်ထားတာဖြစ်ပြီး ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုမြတ်လင်းဦး၊ ကိုရွှေလှိုင်သန်းနဲ့ ကိုအောင်မျိုးဝင်းတို့ ခြောက်ဦးကိုတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(ခ)(ဂ)ပုဒ်မ ၂ ခုနဲ့ စစ်ဆေးဖို့ ရမန်ယူခဲ့တာဖြစ်ပါတယ်။

ဒီ ကိုးဦးစလုံး အချုပ်ရမန်ကို လာမယ့် သြဂုတ်လ ကိုးရက်နေ့အထိ ပေးလိုက်တာဖြစ်ပြီး ပထမအကြိမ်တုန်းကလည်း မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဇူလှိုင်လ ၁၂ ရက်နေ့တုန်းက ပထမအကြိမ် အချုပ်ရမန်ယူခဲ့တာဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်းတုန်းက ဖမ်းဆီးခံထားရတဲ့ ရခိုင်လူငယ်တွေ မိသားစုဝင်တွေနဲ့ သူတို့ကို လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတို့ဟာ မရမ်းကုန်းမြို့နယ်တရားရုံးမှာ စောင့်နေပေမယ့် အနောက်ပိုင်းခရိုင်တရားရုံးကို ရွှေ့ပြောင်းကာ ရမန်ထပ်ယူခဲ့တာဖြစ်ပါတယ်။

ဒီစင်္ကာပူကနေပြန်လာတဲ့ ရခိုင်လူငယ်တွေ အပါအဝင် AA အဖွဲ့နဲ့ပတ်သက်မှုရှိတယ်ဆိုပြီး စွပ်စွဲခံရသူတွေဟာ ဖမ်းဆီးခံရတဲ့ ဇူလှိုင်လ ၁၁ ရက်နေ့ကတည်းက မိသားစုနဲ့ အဆက်အသွယ်မရကြသေးပါဘူး။

ဒီနေ့လည်း ရမန်ယူပေမယ့် အာဏာပိုင်တွေက အကြောင်းမကြားတာမို့ မိသားစုနဲ့တွေခွင့်မပေးတာ၊ အဆက်အသွယ်မရတာကြောင့် မိသားစုဝင်တွေအနေနဲ့ စိုးရိမ်ပူပန်နေကြပါတယ်။

“စိတ်ပူတယ်ဆိုတာက အန်တီက သားလေးလာပါတယ်၊ မေမေဆိုပြီးပြောပြီး အသံလေးပဲကြားလိုက်ရပါတယ်၊ လေဆိပ်မှာလည်း မတွေ့ဘူး၊ အခုချိန်ထိ ကျမသားလေးကို မတွေ့ရသေးပါ၊ အခုချိန်ထိ ကျမတို့ မရမ်းကုန်းတရားရုံးကို ရုံးထုတ်မယ်ပြောလို့ သားလေးကို တွေ့ချင်ဇောနဲ့ အမေတစ်ယောက်အနေနဲ့ စောင့်ဆိုင်းနေတာ ခုချိန်ထိ သားလေးကို မတွေ့ရသေးပါ၊ သားလေးကို အရမ်းစိတ်ပူနေရပါတယ်”

ဖမ်းဆီးခံထားရတဲ့ ကိုဟိန်းဇော် အမေ ပြောသွားတာပါ။

ဖမ်းဆီးခံရတဲ့အထဲမှာပါဝင်တဲ့ မအေးမြတ်မွန်ရဲ့ အမျိုးသားကလည်း ခုချိန်ထိ အဆက်အသွယ် မရသေးကြောင်း ပြောပါတယ်။

“သူတိ့ုက ရခိုင်အသင်း စင်္ကာပူဆိုပြီး ပရဟိတလုပ်တာပါ၊ လေဆိပ်မှာ အဖမ်းခံတာမဟုတ်ပါဘူး၊ အပြင်ရောက်မှာပါ အမြန်လမ်းမှာ အဖမ်းခံရတာ၊ ဖမ်းခံရပြီးနောက်ပိုင်းမှာ ကျနော်တို့ လုံးဝသတင်းမရပါဘူး၊ ခုချိန်ထိပါ ဒီနေ့မှာ ကျနော်တို့ မရမ်းကုန်းတရားရုံးမှာ ရုံးထုတ်မယ်လို့ကြားပါတယ်၊ နေဝက်ကျော်သွားပါပြီ ခုချိန်ထိ ဘာသတင်းမှ မရသေးပါဘူး”

ဒီဖမ်းဆီးခံရတဲ့ ကိုးဦးဟာ ဖမ်းဆီးခံရချိန် နှစ်ပတ်ကျော်ပေမယ့် ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်ဆိုတာကို မသိရသေးတာကြောင့် အခုလို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကို မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ရဖို့ ကူညီဆောင်ရွက်ပေးနေတဲ့ ANP ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်က ဖမ်းဆီးထားသူတွေကို အောင်သပြေစစ်ကြောရေးစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရကြောင်း ပြောပါတယ်။

“ကျနော် ဘယ်မှာရှိနေလည်းဆိုတာကို မေးလိုက်တယ်၊ အောင်သပြေစခန်းမှာရှိတယ်ဆိုတာကို အကြောင်းပြန်ပါတယ်၊ ကျနော်တို့ မိဘတွေနဲ့ မတွေ့ရသေးဘူး တွေ့ဖို့စီစဉ်ပေးပါဆိုတော့ တရားရုံးကို အမြန်ဆုံးထုတ်နိုင်အောင်ပြောထားတယ်၊ တရားရုံးရောက်မှပဲ တွေ့ပါလို့ အကြောင်းပြန်ထားတယ်”

ဖမ်းဆီးထိန်းသိမ်းခံရသူတွေနဲ့ မိသားစုဝင်တွေကို တွေ့ဆုံခွင့်ရအောင် ကူညီဆောင်ရွက်ပေးသွားမယ်လို့ စင်္ကာပူနိုင်ငံကနေပြန်လာပြီး ဖမ်းဆီးခံထားရတဲ့ ခြောက်ဦးရဲ့ ရှေ့နေအဖြစ် ဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောပါတယ်။

“မိသားစုဝင်တွေအနေနဲ့ တော်တော်စိုးရိမ်နေတယ်ဗျ၊ ဖမ်းဆီးခံထားစဉ်ကတည်းကကို လုံးဝသူတို့ရဲ့ မိသားစုဝင်တွေ၊ သားသမီးတွေ၊ ခင်ပွန်းတွေနဲ့ တွေ့ဆုံခွင့်မရတဲ့အပေါ်မှာ တော်တော်လေး စိုးရိပ်ပူပန်နေပါတယ်၊ တရားလိုပြုလုပ်ပြီး စွဲဆိုတာကတော့ ရန်ကုန်တိုင်းသတင်းရဲတပ်ဖွဲ့က ရဲမှူး ဦးတင့်ဆွေလို့ သိရပါတယ်၊ ကျနော်တို့ကတော့ ရဲမှူး ဦးတင့်ဆွေကိုဆက်ပြီး ဆက်သွယ်ပြီး ဆောင်ရွက်ပါမယ၊် မိသားစုဝင်တွေနဲ့ တွေခွင့်ရဖို့အရေးပေါ့နော်”

ဒီနေ့အချိန်ထိလည်း နိုင်ငံတော်အစိုးရဘက်က ဒီဖမ်းဆီးခံထားရသူတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

အစိုးရအာဏာပိုင်တွေဘက်ကရော၊ ရဲတပ်ဖွ့ဲကပါ တစ်စုံတစ်ရာ မှတ်ချက်ပေးပြောကြားမှု မရှိတာ၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မပေးတာတွေကြောင့် ဖမ်းဆီးစစ်ဆေးခံရသူတွေဟာ စစ်ဆေးရင်းသေဆုံးသွားတယ်ဆိုတဲ့ ကောလာဟလတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ရှိခဲ့ပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org