ခရီးသည် ၁၂ ဦးကို AA ပြန်လွှတ်၊ မီးသတ် ၁၉ ဦးကို ဆက်ဖမ်းထား
ရက္ခိုင့်တပ်တော် AA က မြောက်ဦးမြို့နယ်အနီး အဝေးပြေးကားတစ်စီးကို တားပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ထဲက ခရီးသည် ၁၂ ဦးကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပြီး မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားပါတယ်။
-
2019-10-28 -
-
-
Your browser doesn’t support HTML5 audio
ရက္ခိုင့်တပ်တော် AA က မြောက်ဦးမြို့နယ်အနီး အဝေးပြေးကားတစ်စီးကို တားပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ထဲက ခရီးသည် ၁၂ ဦးကို မနေ့က ပြန်လွှတ်ပေးလိုက်ပြီး မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားပါတယ်။
ခေါ်ယူထိန်းသိမ်းခဲ့တဲ့သူတွေအထဲက ကားသမား ခရီးသည် သုံးယောက်နဲ့ အေးရှားဝေါလမ်းလုပ်သား ကိုးယောက် စုစုပေါင်း ၁၂ ယောက်ကို အရပ်သားစစ်စစ်ဖြစ်ကြောင်း စီစစ်တွေ့ရှိတာကြောင့် ပြန်လွှတ် ပေးလိုက်တာ ဖြစ်တယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။
"သူတို့ကိုတော့ အရပ်သားစစ်တွေဆိုတာကို စိစစ် တွေ့ရှိတဲ့အတွက်ကြောင့် ကောင်းကောင်း မွန်မွန်ပဲ သူတို့ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ သူတို့အားလုံးကတော့ ဗမာလူမျိုးတွေ ဖြစ်တယ်။ စစ်ဘက်နဲ့ ဘာမှမဆိုင်တဲ့ အရပ်သား စစ်စစ်တွေ ဖြစ်တဲ့အတွက် ကောင်းကောင်းမွန်မွန် လုံလုံခြုံခြုံနဲ့ ပြန်လည် ပို့ဆောင်ပေးခဲ့တာ ဖြစ်တယ်"
သူတို့တွေဟာ အဖမ်းခံရအပြီး ၁၇ ရက်အကြာမှာ ပြန်လွှတ်လာခဲ့တာပါ။
လွှတ်ပေးလိုက်တဲ့ လမ်းလုပ်သားအပါအဝင် ခရီးသည် ၁၂ ယောက်ကို ရန်ကုန်-စစ်တွေ ကားလမ်း၊ ပေါက်တောပြင်အလွန် လမ်းဘေးမှာ မနေ့က ည ၆ နာရီလောက်က တွေ့ခဲ့တာကြောင့် မြောက်ဦး ကားဂိတ်ကို လိုက်ပို့ပေးခဲ့တယ်လို့ မြောက်ဦးမြို့နယ် ကန်စောက်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးစောနိုင်က RFA ကို ပြောဆိုပါတယ်။
"ကျွန်တော်တို့ မြောက်ဦးကအပြန်မှာ မြောက်ဦးစစ်တွေရဲ့ ကားလမ်းဘေးပေါ်မှာ သူတို့ ၁၂ ယောက်ကို တွေ့တယ်။ ဘယ်ကလာတာတုန်းဆိုရင် ဒီလိုဒီလိုပြောတယ် ( AA က ဖမ်းခေါ်သွားခံရပြီး ပြန်လွှတ်ပေးလိုက်တာ ) ကျွန်တော်တို့က ကူညီပေးတဲ့အနေနဲ့ အဲဒီ လူ ၁၂ ယောက်ကို မြောက်ဦး ကားဂိတ်ကို သွားပို့ပေးခဲ့တယ်။ သူတို့ကို လွှတ်ပေးလိုက်တာပါတဲ့။ သူတို့သွားမယ့်နေရာကလည်း အဝေးကြီးဆိုတော့ အနီးစပ်ဆုံး မြောက်ဦးကားဂိတ်ကို ပို့ပေးရင် ရတယ်။ အဲမှာ အသိတွေရှိတယ်လို့ ပြောပါတယ်။ ဖုန်းတွေ၊ ပစ္စည်းတွေ အကုန်ပြန်ပေးပြီး သူတို့ကို လွှတ်ပေးလိုက်ပါတယ်တဲ့"
ပြန်လွတ်လာတဲ့သူတွေဟာ ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာရှိတာကို တွေ့ရပြီး သူတို့ ဘယ်ကို ဆက်သွားတယ် ဆိုတာကိုတော့ မသိဘူးလို့ ဦးစောနိုင်က ပြောပါတယ်။
ပြန်လွှတ်လာသူတွေထဲက ရေစကြိုမြို့နယ်၊ ထီးလင်းမြို့နယ်၊ မော်ကျွန်းမြို့နယ် အသီးသီးတို့က လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ အေးရှားဝေါကုမ္ပဏီက လမ်းလုပ်သားတွေ ဖြစ်ကြပြီး ကျန်တဲ့ ခရီးသည် သုံးယောက်ကတော့ ငဖဲ မြို့နယ်က ဖြစ်ကြပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေကို လုံခြုံရေးအနေအထားပေါ် မူတည်ပြီး မကြာခင် လွှတ်ပေးဖို့ စီစဉ်နေတယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူက ခိုင်သုခက ပြောပါတယ်။
ကျန်တဲ့မီးသတ်အဖွဲ့ဝင်တွေကိုလည်း လုံခြုံရေးအနေအထားပေါ် မူတည်ပြီးတော့ မကြာခင်လွှတ်ပေးဖို့ စီစဉ်နေတာတော့ ရှိတယ်
"အဝေးပြေးကားပေါ်ကနေပြီး ခေါ်ယူထိန်းသိမ်းခဲ့တဲ့ ကျန်တဲ့မီးသတ်အဖွဲ့ဝင်တွေကိုလည်း လုံခြုံရေး အနေအထားပေါ် မူတည်ပြီးတော့ မကြာခင်လွှတ်ပေးဖို့ စီစဉ်နေတာတော့ရှိတယ်"
မီးသတ်သမားတွေထဲမှာ အသက် ၂၁ အရွယ် မီးသတ်တပ်သားသစ် ဝင်းမိုးထိုက်လည်း ပါဝင်ပြီး သူ့မိခင်က သားဖြစ်သူ ပြန်လည်လွတ်မြောက်လာရေး မျှော်လင့်နေတယ်လို့ ပြောပါတယ်။
"ဘာသတင်းမှတော့ မကြားသေးဘူး။ ၉ နာရီကျော်ကျော်လောက်က ကိုယ်နဲ့သိတဲ့သူက လွတ်တယ်လို့ပြောပြီး ဖုန်းဆက်တယ်။ အခု သတင်း နားထောင်နေတယ်၊ ဖုန်းနားမှာထိုင်ပြီးတော့။ စိတ်ပူလွန်းလို့"
ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ မီးသတ်သမားတွေဟာ အောက်တိုဘာ ၁၁ ရက်နေ့က မန္တလေးတိုင်း ဇီးပင်ကြီး သင်တန်းကျောင်းကနေ ရခိုင်ပြည်နယ်ကို ပြန်လာကြတာ ဖြစ်ပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မီးသတ်တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခေါ် ဆောင်ခံရအပြီး တပ်မတော်က နယ်မြေရှင်းလင်းနေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့က RFA ကို ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ တစ်နှစ်နီးပါးကြာမြင့်လာပြီဖြစ်တဲ့အတွက် ဖမ်းဆီးခံရတဲ့/ သေဆုံးတဲ့ အရပ်သား အများအပြား ရှိနေပါတယ်။