ရဲအရာရှိတွေအပါအဝင် လူ ၄၀ ကျော်ကို AA ဖမ်းခေါ်သွား
ရခိုင်ပြည်နယ်မှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မယ့် ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ရွှေနဒီအမြန်ရေယာဉ်ကို ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်းမှာ ရက္ခိုင့်တပ်တော် AA က ဒီမနက်မှာ တိုက်ခိုက်လိုက်ပြီး ရဲအရာရှိ ၁၁ ဦး အပါအဝင် ၄၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
-
သီဟထွန်း
2019-10-26 -

အရပ်သားအဖြစ် လိုက်ပါလာတဲ့ စစ်တပ်နဲ့ ရဲအရာရှိတွေကို စစ်ဆေးဖို့ လိုအပ်တာကြောင့် ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ AA ပြောခွင့်ရသူ ခိုင်သုခက RFA ကို ပြောပါတယ်။
ဘယ်လောက်ကြာအောင် ထိန်းသိမ်းစစ်ဆေးမှာလဲဆိုတာကိုတော့ အတိအကျမပြောနိုင်သေးကြောင်း၊ စစ်ဆေးပြီးမှ ပြောလို့ရမှာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
အဲဒီရေယာဉ်ဟာ စစ်တွေကနေ မနက် ၇ နာရီမှာ ထွက်ခွာလာတာဖြစ်ပြီး ယာဉ်ပေါ်မှာ လူဦးရေ ၁၆၀ကျော် လိုက်ပါလာတယ်လို့ ရွှေနဒီ ရေယာဉ်လိုင်းနဲ့ အဆက်အသွယ်ရထားတဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောေ၀ က ပြောပါတယ်။
AA အဖွဲ့ဟာ လူ ၄၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျန်တဲ့ ခရီးသည်တွေနဲ့ ရေယာဉ်ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ဒေါ်ခင်စောဝေက ဆိုပါတယ်။
ပြန်လည်လွတ်မြောက်လာသူတွေကို တပ်မတော်က စစ်ဆေးမေးမြန်းခဲ့ပြီးတဲ့နောက် ဒီညနေ လေးနာရီဝန်းကျင်မှာတော့ ရေယာဉ်ဟာ ဘူးသီးတောင်မြို့ကို ရောက်ရှိတယ်လို့လည်း ပြောပါတယ်။ တပ်မတော်ကတော့ အဲဒီ လူ ၄၀ ကျော်ကို ပြန်လည်ကယ်တင်ဖို့အတွက် စစ်ရဟတ်ယာဉ် သုံးစီး သုံးပြီး AA အဖွဲ့ကို နှိမ်နင်းတိုက်ခိုက်နေတယ်လို့ ဒီနေ့ နေပြည်တော်က တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။