တပ်ခေါင်းဆောင်တွေကိုပိတ်ဆို့အရေးယူတာ အစိုးရကြောင့်လို့ ဦးလှဆွေစွပ်စွဲ

အစိုးရအဖွဲ့ခေါင်းဆောင်တွေအနေနဲ့ တပ်မတော် ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူတာတွေလုပ်အောင် ဆောင်ရွက်နေကြောင်း တပ်မတော် ထောက်ခံပွဲတွေမှာ ဦးဆောင်ဟောပြောနေတဲ့ ဘူးလက် ဦးလှဆွေက စွပ်စွဲပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့မှာ ၂ဝ၁၉ သြဂုတ် ၃ ရက်နေ့ကပြုလုပ်တဲ့ တပ်မတော်ခေါင်းဆောင် လေးဦးကို အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူထားတာ ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ ဘူးလက် ဦးလှဆွေ ကို တွေ့ရစဉ် Photo: SAI AUNG MAIN - AFP

အစိုးရအဖွဲ့ခေါင်းဆောင်တွေအနေနဲ့ တပ်မတော် ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူတာတွေလုပ်အောင် ဆောင်ရွက်နေကြောင်း တပ်မတော် ထောက်ခံပွဲတွေမှာ ဦးဆောင်ဟောပြောနေတဲ့ ဘူးလက် ဦးလှဆွေက စွပ်စွဲပြောဆိုလိုက်ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ့တပ်မတော် ထိပ်တန်းခေါင်းဆောင် လေးဦးကို အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူတာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ရန်ကုန်မြို့တော် ခန်းမရှေ့မှာ မနေ့က ကျင်းပခဲ့ပါတယ်။

အဲဒီဆန္ဒပြပွဲမှာ တပ်မတော် ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူတာကို နိုင်ငံတော် သမ္မတနဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တွေက ငြိမ်ခံနေတာကြောင့် ပိတ်ဆို့အရေးယူတာကို လက်ထောက်ချတဲ့သူရှိနေကြောင်း ဦးလှဆွေက စွပ်စွဲပြောဆိုလိုက်တာဖြစ်ပါတယ်။

"ကျွန်တော်တို့ တပ်မတော်ခေါင်းဆောင် လေးယောက်ကို ပိတ်ဆို့တယ်တဲ့၊ မြန်မာနိုင်ငံမှာ သမ္မတမရှိဘူးလား၊ သမ္မတထက်ကြီးတဲ့သူရော မရှိဘူးလား၊ သူတို့က ဘာလို့ငြိမ်ခံနေတာလဲ၊ အဲဒါကြောင့် လက်ထောက်ချတဲ့သူ ရှိနေပြီလို့ ပြောတာပေါ့ဗျ"

ဒါ့အပြင် အမေရိကန်လွှတ်တော် ပစိဖိတ်ရေးရာ ကော်မတီဥက္ကဋ္ဌက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေကို ဘင်္ဂလားဒေရှ့်နိုင်ငံကို လွှဲပြောင်းပေးဖို့ ပြောဆိုခဲ့တာကို တုံ့ပြန်ပြောဆိုခြင်း မရှိတာကိုလည်း ဦးလှဆွေက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရုပ်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းနဲ့ ပြောဆိုဝေဖန်ခဲ့ပါတယ်။

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ ဦးလှဆွေရဲ့ စွပ်စွဲပြောဆိုချက်တွေဟာ အခြေအမြစ်မရှိတဲ့ ပြောဆိုချက်တွေဖြစ်ကြောင်း RFA ကို ပြောပါတယ်။

"ဒါတွေက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေလို့ ပြောချင်ပါတယ်၊ တကယ်တော့ တပ်မတော် ခေါင်းဆောင်တွေနဲ့အတူ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကိုပါ အရေးယူဖို့ ပြင်ဆင်ခဲ့တာပါ၊ ဘယ်လိုဆုံးဖြတ်ချက်နဲ့ တပ်မတော် ခေါင်းဆောင်တွေပဲ အရေးယူပြီးတော့ အစိုးရခေါင်းဆောင်တွေကို ချန်လှပ်ခဲ့လည်းဆိုတာကတော့ အရေးယူတဲ့သူတွေပဲ သိပါမယ်၊ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ အရေးမယူဖို့ အစဉ်တစိုက်ပြောနေခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်၊ ကျွန်တော်တို့က အရေးယူတဲ့ ပုဂ္ဂိုလ်တွေကို လွှမ်းမိုးနိုင်စွမ်းမရှိဘူးလို့ ပြောချင်ပါတယ်"

ဦးလှဆွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ပထမအကြိမ် လွှတ်တော်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့သူဖြစ်တာကြောင့် သူ့ရဲ့ပြောဆိုချက်တွေဟာ ပါတီရဲ့ သဘောထားလားဆိုတာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကတော့ တပ်မတော် ခေါင်းဆောင် လေးဦးကို ပိတ်ဆို့အရေးယူတာနဲ့ ပတ်သက်ပြီး ဦးလှဆွေရဲ့ ပြောဆိုချက်တွေဟာ ပါတီရဲ့ သဘောထားမဟုတ်ကြောင်း RFA ကို ပြောပါတယ်။

"ပါတီဝင်တွေက သူတို့ဆန္ဒနဲ့အညီ ဆန္ဒထုတ်ဖော်ကြတယ်၊ အဲ့ဒါက ပါတီဝင်တွေရဲ့ ဆန္ဒပဲဖြစ်ပါတယ်၊ ကျွန်တော်တို့ပါတီအနေနဲ့ကတော့ မူအားဖြင့်ချထားတာမရှိပါဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ပါတီက ထုတ်ပြန်ထားတာတွေကို ပြောသွားတာကတော့ ပါတီနဲ့ သက်ဆိုင်ပါတယ်၊ ကျန်တာတွေကတော့ မူဝါဒပိုင်းဆိုင်ရာမရှိသေးဘူးလို့ ဖြေကြားလိုပါတယ်"

ဦးလှဆွေရဲ့ ဟောပြောချက်ဟာ ပါတီရဲ့ သဘောထားမဟုတ်ပေမယ့် တပ်မတော်ဟာ နိုင်ငံတော်ကို အဓိက ကာကွယ်စောင့်ရှောက်နေတဲ့ အဖွဲ့ဖြစ်တာကြောင့် မနေ့က ဆန္ဒပြပွဲမှာတော့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ပူးပေါင်းဆန္ဒပြခဲ့ကြောင်း ဦးသိန်းထွန်းဦးက ပြောပါတယ်။ ဆန္ဒပြပွဲကို ပါတီအနေနဲ့ ငွေကြေး၊ ပစ္စည်းတွေ ကူညီထောက်ပံ့ခဲ့လားဆိုပြီး RFA က မေးမြန်းရာမှာတော့ ထောက်ပံ့ကူညီခဲ့တာ မရှိကြောင်း ပြောပါတယ်။

အစိုးရအဖွဲ့ကို ဝေဖန်ပြောဆိုခဲ့ရုံတင်မဟုတ်ဘဲ မြန်မာအစိုးရအဖွဲ့ရုံး၊ သမ္မတရုံးနဲ့ အတိုင်ပင်ခံရုံးတွေကို အမေရိကန်နိုင်ငံက ဗုံးလာကြဲဖို့ကိုလည်း ဦးလှဆွေက ပြောဆိုခဲ့ပါတယ်။

ဦးလှဆွေရဲ့ စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

မနေ့က ဦးလှဆွေရဲ့ ဟောပြောချက်တွေဟာ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တာကြောင့် အမြန်ဆုံး ထိထိရောက်ရောက် အရေးယူဖို့ကိုလည်း တောင်းဆိုသူတွေရှိလာပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ဥပဒေကိုချိုးဖောက်ရာရောက်တာကြောင့် အရေးယူဖို့လိုကြောင်း RFA ကို ပြောပါတယ်။

"တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်တာနဲ့ တူလာတယ်၊ နံပါတ်တစ်အချက်၊ နံပါတ်နှစ်က ဒီမိုကရေစီကို ခြိမ်းခြောက်လာတဲ့ ပုံစံမျိုးဖြစ်လာတယ်၊ နံပါတ်သုံးက တည်ဆဲဥပဒေတွေကို ချိုးဖောက်တယ်လို့ မြင်လာတယ်၊ ဒီလိုမျိုး စင်မြင့်ထက်ကနေပြီးတော့ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေး ဒါတွေကို ချိုးဖောက်နေတာကိုက အဲဒါကို လက်ခံနိုင်စရာ ဘာအကြောင်းမှမရှိဘူး၊ အဲဒါကြောင့် အရေးယူမှုတွေကို အမြန်ဆုံး အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးပါလို့ နိုင်ငံတော် အစိုးရကို အတိအလင်းတောင်းဆိုချင်တယ်"

မနေ့ကကျင်းပတဲ့ တပ်မတော်ထောက်ခံပွဲကို အမျိုးရေးလှုပ်ရှားတဲ့ အင်အားစုတွေ ဦးဆောင်ပြီး စုစုပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ဦးလှဆွေ၊ စာရေးဆရာ အမတ်ဒိန်တို့က ဟောပြောခဲ့ရာမှာ အစိုးရအဖွဲ့ကို ဝေဖန်ပြစ်တင်ပြောဆိုတာတွေကို တွင်တွင်ကျယ်ကျယ်သုံးစွဲခဲ့တာ တွေ့ရပါတယ်။

အဲ့ဒီပြောဆိုချက်တွေကို အရေးယူဖို့ တောင်းဆိုနေတာနဲ့ ပတ်သက်ပြီး ဦးလှဆွေနဲ့ စာရေးဆရာ အမတ်ဒိန်တို့ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနဲ့ ဗိုလ်မှူးချုပ် အောင်အောင်တို့ကို ရခိုင်ပြည်နယ်မြောက်ပိုင်းက လူနည်းစု ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဥပဒေမဲ့ ရှင်းလင်းဖယ်ရှားမှုတွေ ဆောင်ရွက်ခဲ့တယ်ဆိုပြီး ဆိုးရွားသော လူ့အခွင့်ရေးချိုးဖောက်မှုနဲ့ အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။

(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် စုစည်းတင်ပြသည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org