၉ ပါတီ မဟာမိတ်ဖွဲ့စည်းဖို့ သဘောတူညီ

နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားပါတီ စုစုပေါင်း ၉ ပါတီ ပူးပေါင်းပြီး ဖယ်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ FDA ကို လာမယ့် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှာ တရားဝင်ဖွဲ့စည်းဖို့ ဒီနေ့သဘောတူညီလိုက်ကြပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပဲခူးတိုင်းဒေသကြီး ပါတီ ရုံးခွဲဖွင့်ပွဲတွင် အောက်တိုဘာ ၇ ရက်နေ့က ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားပါတီ စုစုပေါင်း ၉ ပါတီ ပူးပေါင်းပြီး ဖယ်ဒရယ် ဒီမိုကရေစီမဟာမိတ်အဖွဲ့ FDA ကို လာမယ့် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှာ တရားဝင်ဖွဲ့စည်းဖို့ ဒီနေ့သဘောတူညီလိုက်ကြပါတယ်။

ရန်ကုန်မြို့၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ရုံးခန်းမှာ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ ဒီနေ့ ဆွေးနွေးကြပြီး သဘောတူညီလိုက်ကြတာပါ။

ဖယ်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ FDA ဖွဲ့ဖို့ ဖြစ်လာရတဲ့အကြောင်းကိုတော့ အဲဒီအဖွဲ့မှာပါဝင်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက အခုလို ရှင်းပြပါတယ်။

“ပါတီငယ်လေးတွေဟာ ပန်းတိုင်ကိုသွားတဲ့နေရာမှာ အင်နဲ့အားနဲ့သွားဖို့ စုစည်းညီညွှတ်စွာသွားမှဖြစ်မယ်၊ ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးကိစ္စတွေမှာ ဒီမိုကရေစီ အင်အားစုတွေက ညီညွှတ်ခြင်းမရှိခဲ့လို့ လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစုများစွာ မရောက်ခဲ့ကြဘူး၊ နောင်လာမယ့် အနာဂတ် လွှတ်တော်ထဲမှာ ဒီမိုကရေစီ တပ်ပေါင်းစု အသွင်သဏ္ဍန်ဖြစ်အောင် သွားပြီးတော့ကာ ဒီမိုကရေစီအင်အားစုတွေရဲ့ ဆောင်ရွက်မှုတွေကို တိုးမြှင့်ဆောင်ရွက်နိုင်အောင် လှစ်ဟာနေတဲ့ ဒီမိုကရက်တစ် တပ်ပေါင်းစုကြီးကို ထူထောင်ဖို့ရာအတွက် အခုကတည်းကစပြီးတော့ ကြိုးပမ်းတဲ့ခြေလှမ်းတွေပါ”

ဖယ်ဒရယ် ဒီမိုကရေစီမဟာမိတ်အဖွဲ့ FDA မှာ အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီနဲ့ ချင်းတိုးတက်ရေးပါတီတို့ ပါဝင်မယ်လို့ သဘောတူထားကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ဥက္ကဌ ဦးခင်မောင်ဆွေကို RFA သတင်းထောက် မရတနာဦး တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org