၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ တမူးမြို့မှာ စာပေဟောပြောပွဲကျင်းပ

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီ တို့ဟာ စစ်ကိုင်းတိုင်း ဒေသ ကြီး တမူးမြို့မှာ ဒီကနေ့ည ၇ နာရီကနေစတင်ပြီး စာပေဟောပြောပွဲ ကျင်းပနေကြပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်က ရန်ကုန်မြို့ အမှတ် ၅၈/၆၀ ၊ဗိုလ်အောင်ကျော်လမ်းရှိ House of Media & Entertainment ရုံးခန်းတွင် “ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ခေတ်ပြိုင်မြန်မာကဗျာ စာတမ်းဖတ်ပွဲ” ကျင်းပနေစဉ်။ Photo:Popular News Journal

စာပေဟောပြောပွဲမကျင်းပခင် တမူးမြို့နဲ့ ကလေးမြို့ပေါ်က ပရဟိတဘုန်းကြီးကျောင်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ လူမှုရေးလုပ်ငန်းလုပ်ဆောင်နေသူတွေ၊ နိုင်ငံရေးအသင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအကြောင်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက RFA ကို အခုလိုပြောပါတယ်။

"မနက် ၇ နာရီမှာစထွက်တာ ကလေးကို ၁၀နာရီခွဲလောက်ရောက်တယ်၊ ကလေးမှာ ပရဟိတဘုန်းကြီးကျောင်းကို သွားတယ်၊ အဲဒီကနေ တမူးကိုသွားတယ်၊ တမူးကိုရောက်တော့ တမူးမှာရှိတဲ့ ပရဟိတအဖွဲ့အစည်းတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အစုံပေါ့ အဲဒါတွေနဲ့တွေ့တယ် တွေ့ပြီးတော့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခုကို ထူထောင်ခဲ့အခါမှာ ဘာတွေလိုအပ်သလဲ၊ ဘာတွေလုပ်ဆောင်ရမလဲ၊ အပြန်အလှန်ဆွေးနွေးကြတာပေါ့"

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ရဲ့ တမူးမြို့ စာပေဟောပြောပွဲခရီးစဉ်မှာ ကိုဌေးကြွယ်၊ စမ်းချောင်းကိုကိုကြီး၊ ကိုဉာဏ်လင်းနဲ့ မနီလာသိန်းတို့လည်း လိုက်ပါသွားခဲ့ကြပါတယ်။ ကျောင်းသားခေါင်းဆောင်တွေဟာ ဒီကနေ့ည တမူးမြို့မှာပဲ ညအိပ်ပြီး မနက်ဖြန်မှာတော့ ကလေးမြို့ကနေတဆင့် ရန်ကုန်မြို့ကို ပြန်လာမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org