မနီလာသိန်းကို ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်း

တရားခံပြေးအဖြစ် သတ်မှတ်ခံထားရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက မနီလာသိန်းဟာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ အာမခံမယူတဲ့အတွက် အင်းစိန်ထောင်ကို ပို့ခံလိုက်ရပါတယ်။

မနီလာသိန်း ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးကို ခေါ်ဆောင်လာစဉ် Photo: Kyaw Zaw Win/RFA

တရားခံပြေးအဖြစ် သတ်မှတ်ခံထားရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းဟာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ အာမခံမယူတဲ့အတွက် အင်းစိန်ထောင်ကို ပို့ခံလိုက်ရပါတယ်။

မနီလာသိန်းက သူ့ကို တရားခံပြေးအဖြစ် သတ်မှတ်ခဲ့တဲ့ ဘုရင့်နောင်နယ်မြေ ရဲစခန်းမှူး ဦးသန်းဝင်း ကို ပြန်လည်တရားစွဲဆိုသွားမယ်လို့ တရားရုံးချိန်းမှာ ပြောပါတယ်။

"စခန်းမှူးဆိုပြီး တာဝန်ကို ယူထားပေမယ့် တကယ်တန်း အောက်လက်ငယ်သားတွေကိုပဲ ခိုင်းပြီးတော့ သူတို့ရဲ့ တပ်ဖွဲ့တွေသွားရှာတယ်၊ အုပ်ချုပ်ရေးမှူးကိုသွားမေးတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့တင် ခိုင်လုံပြီလို့ယူဆပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲနဲ့ ကျမတို့ရဲ့ဂုဏ်သိက္ခာကို ညှိးနွမ်းအောင်ပြုလုပ်ခဲ့တဲ့ တရားခံပြေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျမက ဘုရင့်နောင်စခန်းမှူး ဦးသန်းဝင်း ကို တရားရေးအရ အရေးယူဆောင်ရွက်မယ်လို့ ရုံးတော်မှာတင်ပြခဲ့ပါတယ်၊ အဲ့လိုမျိုးတင်ပြမှုကို ရုံးကလည်း မှတ်တမ်းတင်ထားပါတယ်၊ ပြီးတော့ စခန်းမှူး ဦးသန်းဝင်း ကလည်း ဒီဟာကို လက်ခံခဲ့ပါတယ်"

မရမ်းကုန်းမြို့နယ် တရားသူကြီးက မနီလာသိန်းအပြင် တရားစွဲဆိုတဲ့ ဘုရင့်နောင် စခန်းမှူး ရဲအုပ်ဦးသန်းဝင်း ကိုလည်း စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ တရားစွဲဆိုလိုက်တဲ့ အမှုဟာပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့ သမိုင်းလမ်းဆုံမှာ လက်ပံတန်းကျောင်းသားသပိတ်ကို ထောက်ခံတဲ့ဆန္ဒပြပွဲမှာ မနီလာသိန်းက ပါဝင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

မနီလာသိန်းလို လက်ပံတန်းကျောင်းသားသပိတ်ကို ထောက်ခံဆန္ဒပြခဲ့သူတွေထဲက  ဗကသ ကျောင်းသာား လင်းထက်နိုင် (ခ) ဂျိမ်း ၊မဖြိုးဖြိုးအောင် တို့ကိုလည်း မနီလာသိန်းနဲ့အတူ မရမ်းကုန်းတရားရုံးမှာ  စစ်ဆေးခဲ့ပါတယ်။

ပုဒ်မ ၁၈ အတွက် အာမခံမလျောက်ထားတာကြောင့် ရုံးထုတ်စစ်ဆေးအပြီးမှာ  မနီလာသိန်းကို အင်းစိန်အကျဉ်းထောင်ဆီ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဒီနေ့အမှုကို လာမယ့် မတ်လ ၇ နေ့မှာ မရမ်းကုန်းတရားရုံးမှာ ထပ်မံစစ်ဆေးမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org