စမာ ရေလွှဲဆည် တည်ဆောက်မှု ရပ်တန့်ရေး ၈၈ တွေကူညီမည်
မန္တလေးတိုင်း၊ မြစ်သားမြို့ကို ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကို စမာရေလွှဲဆည် တည်ဆောက်မှု ရပ်တန့်ရေး အတွက် မြို့သူ မြို့သားတွေက စုပေါင်း လက်မှတ်ရေးထိုးပြီး ပွင့်လင်း လူ့အဖွ့ဲအစည်း ဟောပြောပွဲမှာ ဒီကနေ့ အကူအညီ တောင်းခံခဲ့တယ်လို့ သိရပါတယ်။
-
2012-08-09 -
-
-
၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ဒေသခံတွေရဲ့ ဆန္ဒအတိုင်း ဒီစီမံကိန်းကို အမြန်ဆုံး ရပ်တန့်သွားအောင် ဦးသိန်းစိန်အစိုးရထံ ကူညီတင်ပြပေးသွားမယ်လို့ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုထွန်းမြင့်အောင်က ပြောပါတယ်။
"မြို့လူထုအတွက် အကျိုးမရှိဘူးဆိုတာကို မြို့လူထုက သိတာပေါ့ဗျာ။ တကယ်လို့သာ မြို့အတွက် အကျိုးရှိမယ် ဆိုလို့ရှိရင် မြို့လူထုက ဘာမှ လက်မခံစရာ အကြောင်းမရှိဘူးလေ။ လူထုကိုယ်နှိုက်က ကိုယ့်မြို့အတွက် အကျိုးမရှိဘူး၊ ဆိုးကျိုးဖြစ်စေတယ်လို့ ဒီကန့်ကွက်နေတဲ့ ရေလွှဲဆည် စီမံကိန်းကို နိုင်ငံတော်အစိုးရအနေနဲ့ အချိန်မီရပ်ပစ်လိုက်ဖို့ လိုပြီလို့ ကျွန်တော်တို့က ပြောချင်တယ်။ ဆက်လက်ပြီးတော့လည်း မြို့လူထုရဲ့ တောင်းဆိုမှုတွေ၊ ကန့်ကွက်မှုတွေကို လေးလေးစားစားနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ လိုတယ်။ ကျွန်တော်တို့ ၈၈ အနေနဲ့ကလည်း ဒီရေလွှဲဆည်နဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာကို ကျွန်တော်တို့ ၈၈ တွေကိုယ်တိုင် ဆက်လက်ပြီးတော့ ရေလွှဲဆည်ကိစ္စ ရပ်တန့်ဖို့ တောင်းဆိုသွားမှာ ဖြစ်တယ်"
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ မြစ်သားမြို့ခံ လူထုတို့ ဒီကနေ့ တွေ့ဆုံပွဲကို လူ ၂၀၀၀ ကျော် တက်ရောက်ခဲ့ပြီး ဒီစီမံကိန်းကို ရပ်တန့်ပေးဖို့ ကြွေးကြော်သံတွေနဲ့အတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒေသခံတွေအနေနဲ့ စမာဆည် စီမံကိန်း ရပ်တန့်ရေးအတွက် သမ္မတ ဦးသိန်းစိန်ထံ စာရေးသား တင်ပြထားသလို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကလည်း စုရုံးဆန္ဒပြခဲ့ကြပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ဒီကနေ့ မြစ်သားမြို့မှာ လူထုနဲ့ တွေ့ဆုံပြီးနောက် ကူမဲမြို့နဲ့ စစ်ကိုင်းမြို့ကို သွားရောက်ခဲ့ပြီး မနက်ဖြန်မှာတော့ မုံရွာမြို့ကို ခရီးဆက်မယ်လို့ သိရပါတယ်။ ဒီအတောအတွင်း မုံရွာမြို့မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ မြို့ခံလူထု တွေ့ဆုံမယ့် ခန်းမကို အာဏာပိုင်တွေက ငှားရမ်းခွင့် ပိတ်ပင်ထားတယ်လို့ သတင်းရရှိပါတယ်။