၈၈ ခေါင်းဆောင်တွေ နယ်ရုံးခွဲတာဝန်ခံ ၂၀၀ ကျော်နဲ့ ပထမဆုံး တွေ့ဆုံ

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း ရှေ့လုပ်ငန်းစဉ်တွေမှာ တူညီအောင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေနဲ့ နယ်ဒေသမှာရှိတဲ့ ရုံးခွဲတာဝန်ခံ ၂၀၀ လောက်ဟာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ တွေ့ ဆုံဆွေးနွေးနေကြပါတယ်။

ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက် မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ နယ်ရုံးခွဲတာဝန်ခံ ၂၀၀ လောက် တွေ့ဆုံဆွေးနွေးကြစဉ် photo: Myo Zaw Ko/ RFA

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ရှေ့လုပ်ငန်းစဉ်တွေမှာ တူညီအောင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေနဲ့ နယ်ဒေသမှာရှိတဲ့ ရုံးခွဲတာဝန်ခံ ၂၀၀ လောက်ဟာ ပထမဆုံးအကြိမ် အဖြစ် ဒီကနေ့ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက် မှာ ၂ ရက်ကြာကျင်းပနေတဲ့  အဲဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့လွတ်လာပြီး ၂ နှစ် အတောအတွင်း မှာ နယ်တွေသွားခဲ့တယ်၊ နယ်တွေမှာ ကျနော်တို့ အရင်လူဟောင်းတွေရော၊ နောက်ပိုင်း စိတ်ဝင်စားတဲ့ လူငယ်မျိုးဆက်တွေရော ချိတ်ဆက်မိတာတွေရှိတယ်၊ အဲဒါကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြန်မစုနိုင်သေးဘူး၊ အဲဒါတွေအားလုံးကို ပြန်စုစည်းချင်တဲ့ ရည်ရွယ်ချက် နောက် တစ်ခုက နေ့စဉ်ပြဿနာတွေကို ကိုင်တွယ်တဲ့အခါမှာ ကျနော်တို့ ရန်ကုန်မှာလုပ်နေတဲ့ဟာနဲ့ ပုံစံလေး တစ်ခု ညှိနှိုင်းပြီးတော့ ချမှတ်နိုင်အောင် ကျနော်တို့ရည်ရွယ်တာ၊ အဲဒီထဲမှာမှ အခုလောလောဆယ် ထင်ရှားနေတဲ့ကိစ္စဖြစ်တဲ့ ၄၃၆ ကိစ္စနဲ့ ပတ်သက်လို့လည်း ပူးပေါင်းဆောင်ရွက်မှုတွေက ဘယ်လိုပုံစံ လုပ်မှာလည်းဆိုတာကို နယ်တွေကလည်း သိချင်တယ်၊ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့က ရှင်းပြတာပါ"

အဲဒီဆွေးနွေးပွဲမှာ လယ်သမားရေးရာ၊ အလုပ်သမားရေးရာ၊ ဥပဒေရေးရာ အမျိုးသမီးရေးရာတွေအပြင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးကြမယ်လို့ သိရပါတယ်။ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ကနေ လာရောက်လေ့လာသူတစ်ဦးက ဒီအစည်းအဝေးကိုလာရာလမ်းမှာ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့က အစည်းအဝေးမတက်ဖို့ ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲကို ပြည်နယ်နဲ့ တိုင်းအသီးသီးက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း မြို့နယ်ရုံးတာဝန်ရှိသူ ၂၀၀ ကျော်တက်ရောက်နေတာပါ။

ဒီတွေ့ဆုံဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကိုက သတင်းပေးပို့ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org