ထီးလင်းမြို့ ထန်းပင်ကုန်းရွာက အိမ်ခြေ ၇၀ နီးပါး မီးရှို့ခံရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က စစ်‌ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၃၀ လောက် မီးရှို့ခဲ့လို့ အိမ်ခြေ ၇၀ နီးပါး မီးလောင်သွားခဲ့တယ်လို့ ယောဒေသကာကွယ်ရေးတပ် (YDF) ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။ Photo: YDF

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က စစ်‌ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၃၀ လောက် မီးရှို့ခဲ့လို့ အိမ်ခြေ ၇၀ နီးပါး မီးလောင်သွားခဲ့တယ်လို့ ယောဒေသကာကွယ်ရေးတပ် (YDF) ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။

“၂၆ ရက်နေ့ ညမှာ ထန်းပင်ကုန်းရွာကို ခလရ ၅၀ လက်အောက်ခံ စစ်သားနဲ့ ပျူစောထီးအင်အား ၁၃၀ လောက်ရှိတဲ့ စစ်ကြောင်းက ညအိပ်တယ်။ ၂၇ ရက်နေ့ မနက် ၇ နာရီမထိုးခင်မှာ ရွာကိုမီးရှို့ပြီးတော့ ထွက်တာပါဗျ။ ရွာနဲ့ကပ်လျက်မှာ မောချောင်း ရှိတယ်။ အဲဒီမောချောင်းကို သူတို့ ကူးနေတဲ့အချိန် ကျနော်တို့အဖွဲ့ ငါးဖွဲ့ပေါင်းပြီးတော့ နောက်ကနေ ဝင်ပစ်ခဲ့တာပါ”

ချောင်းနဲ့ ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က အနည်းဆုံး ၃၀ ခန့် သေဆုံးနိုင်ပြီး YDF တွေဘက်ကတော့ တစ်ဦးကျဆုံးခဲ့တယ်လို့ အဲဒီ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

အဲဒီ စစ်ကြောင်းကို YDF၊ KKG တပ်ရင်း (၅)၊ PDF ထီးလင်း တပ်ရင်း ၂ (ခွဲ) (၇)၊ နပတ တပ်ရင်း (၇၀၇ ADF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ယောဒေသကာကွယ်ရေးတပ် (YDF) က သတင်းထုတ်ပြန်ထားပါတယ်။

အခုလိုမီးရှို့နေတာ ထန်ပင်ကုန်းရွာက ခုနစ်ရွာမြောက်ဖြစ်ပြီး ဒီရွာမတိုင်ခင်က အညာတော၊ ကန်သာ၊ သရခါ၊ ပုဏ္ဏား၊ အနောက်ပင်နဲ့ တခြားရွာတွေကိုလည်း မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒီပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ထိ နေအိမ်ပေါင်း ၂၈,၄၃၄ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အဲဒီအထဲမှာ မကွေးတိုင်းက ၅,၄၁၈ လုံးနဲ့ ဒုတိယအများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org