ရွေးကောက်ပွဲအောင်မြင်မှုဟာ ညီညွတ်မှုဖြစ်ကြောင်း သမ္မတဦးသိန်းစိန်ပြောကြား
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကို အောင်မြင်အောင် ကျင်းပနိုင်ခဲ့တာဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ တည်ထောင်ထား တဲ့ ပြည်ထောင်စုကြီးရဲ့ ညီညွတ်မှုကို ဖော်ဆောင်လိုက် တာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာ မှာ ဖော်ပြထားပါတယ်။
-
2016-02-12 -
-
-
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပနိုင်ခဲ့တာဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ တည်ထောင် ထားတဲ့ ပြည်ထောင်စုကြီးရဲ့ ညီညွတ်မှုကို ဖော်ဆောင်လိုက်တာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
၆၉နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမမှာ ကျင်းပတာဖြစ်ပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။
"၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့တဲ့ တရားမျှတလွတ်လပ်ပြီး စည်းကမ်းလိုက် နာသော ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည်လည်း တိုင်းရင်းသားလူမျိုးစုများဖြင့် တည်ထောင်ထားသော ပြည်ထောင်စုကြီး ညီညွတ်မျှတမှုကို ဖော်ဆောင်လိုက်ခြင်းပင်ဖြစ်ပါ သည်၊ ရွေးကောက်ပွဲရလဒ်များအပေါ် မူတည်ပြီး နောက်တက်လာမည့် အစိုးရအဖွဲ့အစည်းထံ နိုင်ငံ၏ အနာဂတ်ကို သိမ်မွေ့ညင်သာစွာ လွှဲပြောင်းပေးနိုင်ရေးကိုလည်း စီစဉ်နေကြပြီဖြစ်ပါသည်"
အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေအနေနဲ့ ဒီမိုကရေစီနိုင်ငံတော် ဖြစ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်မရေးထိုးရသေးတဲ့ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် လမ်းဖွင့်ထားပြီး ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်းလည်း ပါရှိပါတယ်။
နေပြည်တော်မှာ မနက်ပိုင်းကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ တပ်မတော်က အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။ ညနေပိုင်းမှာ ပြည်ထောင်စုနေ့ ညစာစားပွဲကျင်းပရာ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။