မန္တလေးပဋိပက္ခ လိမ်လည် တိုင်တန်းမှု ဖမ်းဆီးထားသူ ၂ ဦး အမှုတိုးတရားစွဲ

မန္တလေးမြို့ပဋိပက္ခ စတင်ဖြစ်ပေါ်စေခဲ့တဲ့ လိမ်လည်တိုင်တန်းမှုတွေမှာ ပါဝင် ပတ်သက်သူ ၄ ဦးကို ပျဉ်းမနားမြို့နယ် တရားရုံးမှာ ဒီနေ့ ထပ်မံရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

မန္တလေးမြို့မှာ ပဋိပက္ခစတင်ဖြစ်ပေါ်စေခဲ့တဲ့ လိမ်လည် တိုင်တန်းသူတချို့ကို သြဂုတ်လ ၅ ရက်နေ့က ပျဉ်းမနားမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ် Photo:Myo Thant Khaing/ RFA

မန္တလေးမြို့ပဋိပက္ခ စတင်ဖြစ်ပေါ်စေခဲ့တဲ့ လိမ်လည် တိုင်တန်းမှုတွေမှာ ပါဝင်ပတ်သက်သူ ၄ ဦးကို ပျဉ်းမနားမြို့နယ် တရားရုံးမှာ ဒီနေ့ ထပ်မံရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ တရားရုံးမှာ တရားလိုပြသက်သေ ၄ ဦးကို စစ်ဆေးခဲ့တယ်လို့ တရားစွဲခံထားရတဲ့ ကိုထွန်းထွန်း ရဲ့ ရှေ့နေ ဦးအောင်သူရိန်ထွန်းက အခုလိုပြောပါတယ်။

"ဒီနေ့ တရားလိုပြသက်သေ ၄ ယောက် စစ်ဆေးပါ တယ်၊ အဲ့ ၄ ယောက်ထဲက ၂ ယောက်ကတော့ ကြိုတင်ထွက်ဆိုချက်ပေးထားတဲ့သူ ၂ ယောက်ပါ၊ အုပ်ချုပ်ရေးမှူး ၁ ယောက်ပေါ့၊ နောက်ကျန်တဲ့ သူတွေက အရပ်သားသက်သေတွေပါ၊ တရားလိုပြ သက်သေက စုစုပေါင်း ၃၅ ယောက်ရှိတယ်"

မဖြူဖြူမင်း ခေါ် ကတုံးမ၊ ကိုရဲထွဋ် ခေါ် သူရရဲထွဋ်၊ မနုနုမြတ်နဲ့ ကိုထွန်းထွန်းတို့ကို အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၅ (ဃ)၊ (င)၊ (ည) တို့ အပြင် မမှန်မကန်တိုင်တန်းမှု ပုဒ်မ ၂၁၁နဲ့ မနေ့က တရားစွဲထားပြီး ဒီနေ့မှာ  ကိုသူရရဲထွဋ်နဲ့ မနုနုမြတ်တို့ကို လဝက ဥပဒေ ပုဒ်မ ၆(၁)၊ (၂) တို့နဲ့ ထပ်မံတရားစွဲလိုက်တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ အမျိုးသမီးတစ်ဦး မတရားပြုကျင့်ခံရတယ်ဆိုပြီး သတင်းထွက်ပေါ်ပြီးနောက် မန္တလေးမြို့မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီပဋိပက္ခကြောင့် လူ ၂ ဦးသေဆုံးပြီး ဆူပူမှုမှာပါဝင်တယ်လို့ သံသယရှိသူ ၅၀ နီးပါးကို ဖမ်းဆီးထားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org