ပေါက်မြို့နယ် အုံးတော (မြောက်စု) ရွာက နေအိမ်လေးဆယ်ကျော် မီးရှို့ခံရ

ပေါက်မြို့နယ် အုံးတော (မြောက်စု) ရွာက နေအိမ်လေးဆယ်ကျော်ဟာ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ် အုံးတော (မြောက်စု) ရွာ မီးရှို့ခံထားရသည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။ လင်းယုန်နက်ပြောက်ကျားတပ်ဖွဲ့

မကွေးတိုင်း၊ ပေါက်မြို့နယ် အုံးတော (မြောက်စု) ရွာက နေအိမ်လေးဆယ်ကျော်ဟာ မတ်လ၂၆ ရက် ညနေမှာ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သား ငါးဆယ်ကျော်ဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး ရွာကိုဝင်ရောက်စီးနင်းမီးရှို့ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ် (PDF) တွေက မတ်လ ၂၆ ရက်ညနေမှာ အုံးတော (မြောက်စု) ရွာအနီး မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က ရွာကိုဝင်ရောက်မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မိုင်းဆွဲတိုက်ခိုက်ခံရပြီး နောက်ပိုင်း အုံးတော (မြောက်စု) ရွာကို မီးဝင်ရှို့တာပဲ။ အခုလောလောဆယ်က ရွာကိုပြန်ဝင်လို့ မရသေးဘူး၊ စစ်ကြောင်းက ရွာနားမှာရှိနေသေးတယ်"

အုံးတော (မြောက်စု) ရွာကို စစ်ကောင်စီတပ်တွေ မကြာခဏ ဝင်ရောက်စီးနင်းတာကြောင့် ဒေသခံတွေဟာ ၂၀၂၃ နှစ်ဇွန်လကတည်းက ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။

အုံးတော (မြောက်စု) ရွာဟာ အိမ်ခြေ ၈၀ ကျော်ရှိပြီး လူဦးရေ ၁,၀၀၀ နီးပါးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာမီးရှို့ခံရတာနဲ့ပတ်သက်လို့ မကွေးတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။

မီးလောင်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ နိုင်ငံတစ်ဝန်းမှာ နေအိမ် ရှစ်သောင်းနီးပါး (၇၈,၇၃၇ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org