၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ဘတ်ဂျက် ရခိုင်ပြည်နယ် လွှတ်တော်အတည်ပြု

ရခိုင်ပြည်နယ်မှာ လာမယ့်အစိုးရသစ် လက်ထက်မှာ ပြည်နယ်ဖွံ့ဖြိုးရေး အတွက် ငွေကျပ် ၁၄၅ ဘီလီယံ သုံးစွဲ ခွင့်ပြုပြီး ရေးဆွဲထားတဲ့ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် ဒေသန္တရစီမံကိန်း ဥပဒေမူကြမ်းကို ဒီနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး နောက် ဆုံးနေ့မှာ အတည်ပြုလိုက်ပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ လာမယ့်အစိုးရသစ်လက်ထက်မှာ ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ငွေကျပ် ၁၄၅ ဘီလီယံ သုံးစွဲခွင့်ပြု ပြီး ရေးဆွဲထားတဲ့ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် ဒေသန္တရစီမံကိန်း ဥပဒေမူကြမ်းကို ဒီနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး နောက်ဆုံးနေ့မှာ အတည်ပြုလိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွက် ငွေကျပ် ဘီလီယံပေါင်း ၃၀၀ ကျော် သုံးစွဲခွင့်ပြုဖို့ တင်ပြခဲ့ပေမယ့် ပြည်ထောင်စုအစိုးရ က ငွေကျပ် ၁၄၅ ဘီလီယံသာ ခွင့်ပြုပေးလိုက်တာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။

"ဒီငါးနှစ်တာကာလမှာ ကျနော်တို့ တွေ့ကြုံခဲ့ရတာက ဘီလီယံ ၂ဝဝ ကျော်အထိရဖူးတယ်၊ အဲ့ဒီဘတ်ဂျက်နဲ့ ပတ်သက်ပြီး လျော့ချတယ်ဆိုတာ အမှန်ကတော့ မဖြစ်သင့်ပါဘူး၊ တခြားနေရာတွေမှာ ပြည်ထောင်စုရန်ပုံတွေ များနေပြီးတော့ ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွေ နှေးကွေးသွားမယ်၊ တဘက် မှာ ပြည်နယ်ရန်ပုံငွေတွေကို လျော့ချလိုက်မယ်ဆိုရင် ကျနော်တို့ ရှေ့ဆက်ပြီးတော့ သွားဖို့ခရီးလမ်း မှာ တော်တော်လေးကို နှေးကွေးသွားမယ်လို့ ကျနော်မြင်ပါတယ်"

လက်ရှိအစိုးရသက်တမ်း ၅ နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်အတွက် ၂၀၁၂-၁၃ဘဏ္ဍရေးနှစ်မှာ ၃၄ ဘီလီယံ အနည်းဆုံးရရှိခဲ့ပြီး ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း လက်ထက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာတော့ ကျပ် ၂၀၂ ဘီလီယံ ရရှိခဲ့တဲ့အတွက် အများဆုံးဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၁၄၈ ဘီလီယံ ခွင့်ပြုခဲ့ပြီး ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်အတွက် ကျပ် ၁၄၅ ဘီလီယံသာ ခွင့်ပြုတာဖြစ်ပါတယ်။

ဒီနေ့ အတည်ပြုလိုက်တဲ့ ခွင့်ပြုငွေတွေထဲမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလွှတ်တော်ထံ ကတိပေးထားတဲ့ စီမံကိန်းအတော်များများအတွက် အသုံးပြုမယ့် ဘတ်ဂျက်တွေ မပါဝင်သလို တာတမံဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် လျာထားတဲ့ ဘတ်ဂျက်တွေလည်း ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌနေအိမ်တွေအတွက် ပြုပြင်စရိတ် ငွေကျပ် သိန်း ၅၀၀ စီနဲ့ ပြည်နယ် ဝန်ကြီးတွေရဲ့ နေအိမ်ပြုပြင်ထိန်းသိမ်းစရိတ် ငွေကျပ် သိန်း ၄၈၀ တွေကို အသီးသီးခွင့်ပြုထားတာတွေ့ရတယ် လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက
ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org