၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ တိုက်ပွဲတွေအတွင်း အရပ်သားခြောက်ဆယ်ကျော် သေဆုံး
၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၆၁ ဦး သေဆုံးပြီး ၉၁ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ဇူလိုင် ၁၃ ရက်က ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-07-14 -
-
-
“၁၀၂၇ စစ်ဆင်ရေး” နောက်ဆက်တွဲအဖြစ် ဆင်နွှဲနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၆၁ ဦး သေဆုံးပြီး ၉၁ ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားတပ်မတော် TNLA က ဇူလိုင်လ ၁၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ဒါဟာ တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကနေ ဇူလိုင်လ ၁၃ ရက်အထိ ၁၉ ရက်တာ တိုက်ပွဲအတွင်း အရပ်သား ထိခိုက်၊ သေဆုံးမှု စုစုပေါင်းအရေအတွက်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လားရှိုးမြို့ပေါ်မှာ လူသေဆုံးထိခိုက်မှု အများဆုံးရှိနေပြီး ဇူလိုင်လ ၁၃ ရက် မနေ့ကတော့ လားရှိုးမြို့ ရပ်ကွက် (၁) ရပ်ကွက် (၂) နဲ့ ရပ်ကွက် (၁၀) တို့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းကတော့ လားရှိုးမြို့ ရပ်ကွက် (၄) မှာရှိတဲ့ အ.ထ.က (၅) အထက်တန်းကျောင်းထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ TNLA က ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကျောက်မဲမြို့နယ်ထဲမှာလည်း အရပ်သားထိခိုက်မှုတွေ ဆက်ရှိနေပြီး ကျောက်မဲမြို့အနီးက မန်ခဲရွာထဲကို ဇူလိုင်လ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ဆယ်နှစ်အောက် ကလေးနှစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ အရပ်သားထိခိုက်သေဆုံးမှုတွေဟာ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ပစ်ခတ်မှုတွေကြောင့်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ မိုးမိတ်၊ နောင်ချိုမြို့နယ်တွေနဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။