ရေစကြိုမှာ နှစ်ရွာပေါင်း နေအိမ်တစ်ရာခန့် မီးရှို့ခံရပြီး ဒေသခံနှစ်ထောင်ခန့် ထွက်ပြေးနေရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် စိုင်သေရွာနဲ့ သံပြာချောင်းရွာတွေကို အောက်တိုဘာလ ၂၉ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်တစ်ရာခန့် ပျက်စီးခဲ့ပြီး ဒေသခံနှစ်ထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် စိုင်သေရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ Photo: U Waiyan Naing

မကွေးတိုင်း၊ ရေစကြိုမြို့နယ် စိုင်သေရွာနဲ့ သံပြာချောင်းရွာတွေကို အောက်တိုဘာလ ၂၉ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် တစ်ရာခန့် ပျက်စီးခဲ့ပြီး ဒေသခံနှစ်ထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အင်အား ၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ မနေ့ညနေကတည်းက စိုင်သေ ရွာထဲကို ဝင်ရောက်လာခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ မီးရှို့တာလို့ နေအိမ်မီးထဲပါသွားတဲ့ စိုင်သေ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့ညနေက ပစ်ခတ်ပြီး ဝင်လာတာပဲ။ မနက် ၅ နာရီက စရှို့တယ်။ ရှို့ပြီးတော့ သံပြာချောင်းရွာကို ထပ်ရှို့တယ်။ စိုင်သေကို လေးဘက်လေးတန်ကရှို့တာ မြောက်ပိုင်းတစ်ပိုင်းလုံး ပါတယ်ဆိုတော့ ကျနော့်အိမ်ကတော့ သွားပြီပေါ့"

လက်ရှိ အိမ်ခြေ ၃၅၀ ဝန်းကျင်ရှိတဲ့ သံပြာချောင်းရွာနဲ့ အိမ်ခြေ ၁၃၀ ခန့်ရှိတဲ့ စိုင်သေရွာက ဒေသခံရွာသား စုစုပေါင်း နှစ်ထောင်ခန့်ဟာ ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

အဲဒီရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲမဖြစ်ခဲ့ဘဲ ဝင်ရောက်မီးရှို့တာလို့ ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရွာက သုံးပုံနှစ်ပုံလောက် ပါသွားတယ်။ စိုင်သေ ပါသွားတာတော့ အိမ်ခြေငါးဆယ် အနည်းဆုံးပါမယ် ထင်တယ်။ လက်ရှိကတော့ ရှောင်နေရတယ်။ ရွာမှာ တစ်ယောက်မှ မရှိဘူးလေ"

စစ်ကောင်စီတပ်သားတွေဟာ စိုင်သေရွာက စာသင်ကျောင်းခုံတွေကို ရိုက်ချိုးဖျက်ဆီး သွားသလို အဲဒီမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စာသင်ကျောင်းဖွင့်တာကြောင့် မီးရှို့တာလို့ ဒေသခံက ဆိုပါတယ်။

စိုင်သေရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က NUG စာသင်ကျောင်း ဖွင့်လှစ်ခဲ့သလို သံပြာချောင်းရွာမှာလည်း ကျောင်းဖွင့်ဖို့ဆိုပြီး အောက်တိုဘာလ ၂၈ ရက် မနေ့က ကျောင်းအပ်လက်ခံတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ စိုင်သေရွာကနေ စစ်ကောင်စီတပ်သားတွေ ထွက်သွားပေမယ့် အဲဒီအနီးက မြေမလှရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်နေလို့ ရွာထဲမီးဝင်မငြှိမ်းရဲသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က ဖုန်းခေါ်ဆို မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒါပေမဲ့ ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က ဆက်သွယ်မေးမြန်ချိန်မှာ စစ်ကောင်စီဘက်က ဒီလိုမျိုးတွေ မလုပ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org