အမေရိကန်ထိန်းချုပ်ငွေ တစ်ဘီလီယံကို NUG လက်ထဲအပ်ဖို့ မြန်မာတွေ ဆန္ဒပြတောင်းဆို

အမေရိကန်အစိုးရက ထိန်းချုပ်ထားတဲ့ ဒေါ်လာ တစ်ဘီလီယံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံ လွှဲပြောင်းပေးဖို့ အမေရိကန်ရောက် မြန်မာတချို့ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

အမေရိကန်ထိန်းချုပ်ငွေ တစ်ဘီလီယံကို NUG လက်ထဲအပ်ဖို့ ဇွန်လ ၂၄ ရက်နေ့က မြန်မာတွေ ဆန္ဒပြတောင်းဆိုစဥ်။ Photo: RFA

အမေရိကန်အစိုးရက ထိန်းချုပ်ထားတဲ့ ဒေါ်လာ တစ်ဘီလီယံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံ လွှဲပြောင်းပေးဖို့ အမေရိကန်ရောက် မြန်မာတချို့ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

နယူးယောက်မြို့မှာရှိတဲ့ အမေရိကန် အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Gregory Meeks ရုံးရှေ့မှာ စုရုံးဆန္ဒပြခဲ့တာပါ။

Gregory Meeks ဦးဆောင်ပြီး ဥပဒေကဲ့သို့ စည်းနှောင်မှုအားရှိသော မြန်မာနိုင်ငံဆိုင်ရာ အက်ဥပဒေမူကြမ်းတစ်ရပ် ရေးစွဲဖို့ ရှိနေတာကြောင့် ဒီဥပဒေထဲမှာ ဒေါ်လာတစ်ဘီလီယံကို NUG အစိုးရဆီ ပြန်ပေးရေး ကိစ္စကိုပါ ထည့်သွင်းရေးစွဲပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ကန့်ကွက်ဖိအားပေးတဲ့အနေနဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က မြန်မာ စစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှု executive order အမိန့်တစ်ရပ်ကို ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီအမိန့်ထဲမှာ အမေရိကန်နိုင်ငံမှာရှိတဲ့ မြန်မာအစိုးရရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလီယံကို ထုတ်ယူရွေ့ပြောင်းလို့မရအောင် freeze လုပ်ပြီး ထိန်းချုပ်လိုက်ကြောင်း ပါရှိပါတယ်။

အဲ့ဒီထိန်းချုပ်ထားတဲ့ငွေကို ပြန်ရဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုးပမ်းနေပေမယ့် အခုအချိန်ထိပြန်မရသေးပါဘူး။

NUG အစိုးရအဖွဲ့ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းနဲ့ အမေရိကန်ရောက် မြန်မာတွေ ပြီးခဲ့တဲ့ မေလတုန်းက အွန်လိုင်း တွေ့ဆုံပွဲတစ်ခုမှာလည်း ဒီတစ်ဘီလီယံပြန်ရရေးအတွက် အမေရိကန်ရောက် မြန်မာတွေ ဝိုင်းကူညီတောင်းဆိုပေးကြဖို့ ဦးမန်းဝင်းခိုင်သန်းက မေတ္တာရပ်ခံခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org