စာသင်ခန်းတွေ ပြန်လည်အသက်ဝင်လာတဲ့ မြောင်မြို့နယ်

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသတွင်းက CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာဆရာမတွေ ပူးပေါင်းစီစဉ်ပြီး ရွာပေါင်း ၂၀ ကျော်မှာ စာသင်ကျောင်းတွေ ပြန်ပြီးဖွင့်လှစ်ခဲ့ပါတယ်။

မြောင်မြို့နယ်အတွင်းမှာ စာသင်ကျောင်းပေါင်း ၆၀ ကျော် ရှိပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေကို ပိတ်ထားခဲ့ပြီးနောက် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဆရာဆရာမတွေရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ ဒေသတွင်း မငြိမ်သက်မှုကြောင့် ကျောင်းတွေကို ဆက်တိုက်ပိတ်ထားခဲ့ရတာ နှစ်နှစ်ကျော် ရှိနေပြီဖြစ်ပါတယ်။
 
အခုတော့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသတွင်းက CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာဆရာမတွေ ပူးပေါင်းစီစဉ်ပြီး ရွာပေါင်း ၂၀ ကျော်မှာ စာသင်ကျောင်းတွေ ပြန်ပြီးဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီလို စာသင်ကြားမှုတွေ ပြန်လည်စတင်တဲ့ အစီအစဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလည်း တင်ပြထားပါတယ်။
 
"ကျောင်းတွေပြန်ဖွင့်ရတဲ့ရည်ရွယ်ချက်ကတော့ အဓိက ကျွန်တော်တို့ကလေးတွေအတွက်ပေါ့နော်။ ကျွန်တော်တို့နိုင်ငံမှာပညာတတ်တွေမရှိဘူးဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံဟာပိုပြီး နောက်ကျသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့လူတွေရဲ့ဘဝမှာ အရာရာကိုဦးဆောင်နေတာ ပညာပဲဗျ။ ပညာတတ်တွေမရှိတဲ့ နိုင်ငံကတော့ အရာရာကိုနောက်ကောက်ကျကျန်ခဲ့မှာပဲ။အဲလိုမျိုးတွေမဖြစ်စေဖို့အတွက် ပညာရေးတွေကိုပြန်လည်လည်ပတ်နိုင်ဖို့ကြိုးစားခဲ့တာပါ။ ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ကလည်း ပပညာရေးကိုပြန်လည် လည်ပတ်စေမယ်ဆိုရင် ကိုယ်တွေဘက်ကလည်း ကျရာတာဝန်က အတူတကွ ပူးပေါင်း ပါဝင်ပြီးလုံခြုံရေးပိုင်းအရတာဝန်ထမ်းဆောင်ပေးကြမယ်ဆိုတဲ့ အားလုံးရဲ့ဆန္ဒ ကလည်းရှိနေကြတယ်။ ကလေးမိဘတွေကလည်း ကိုယ့်သားသမီးတွေ ပညာတတ်မြောက်ဖို့ သူတို့ဘက်က လက်မခံနိုင်စရာအကြောင်းမရှိဘူး တဲ့အပြင်လိုလိုလားလားနဲ့သူတို့ကိုယ်တိုင်က ဆန္ဒတွေ ရှိနေကြတယ်"

ကျောင်းတွေမှာ စာသင်ကြားတဲ့အစီအစဉ်ကို စတင်နိုင်ခဲ့ကြပေမယ့် ဆရာ၊ဆရာမတွေကတော့ ကျောင်းတွေရဲ့ နဂိုမူလ တာဝန်ကျဆရာဆရာမ တွေမဟုတ်ဘဲ ကျေးရွာအလိုက် အနီးဆုံးနေထိုင်တဲ့ CDM ဆရာဆရာမတွေက တာဝန်ယူ သင်ကြားပေးကြတာပါ။

အဲဒီအစီအစဉ်မှာ ပါဝင်သင်ကြားပေးမယ့် ဆရာတစ်ဦးနဲ့ ကျောင်းတက်ရောက်မယ့် ကျောင်းသားမိဘတစ်ဦးက စာသင်ကြားရေး ပြန်လည်စတင်နိုင်တာနဲ့ပတ်သက်ပြီး သူတို့ခံစားချက်ကို အခုလိုပြောပြပါတယ်။

"ကိုဗစ်ပြီးတော့ကျောင်းက ပြန်ဖွင့်မယ်လို့ပြောတယ်။ ကျောင်းပြန်ဖွင့်မယ်လုပ်တော့ အာဏာသိမ်းခံရတယ်။ အာဏာသိမ်းခံရတော့ ကလေးတွေအတွက် ပညာရေးကမျှော်လင့်ချက်မရှိတော့ဘူး။ အခုကျောင်းပြန်ဖွင့်မယ်ဆိုတော့ ကလေးတွေအတွက် အတန်းကူးပြောင်းဖို့ဆိုတာထက် သူတို့ရဲ့ ပညာရေးကို ပြန်လေ့လာခွင့်ရတဲ့အတွက် ဝမ်းသာမိတယ်။ CDM ဝင်တဲ့ဆရာ ဆရာမတွေကိုလည်း လေးစားပါတယ်။ ကျေးဇူးလည်းတင်တယ်"

"ကျွန်တော်တို့ဆရာတွေ အပါအဝင်ကျောင်းသားကျောင်းသူတွေက စာသင်ခန်းနဲ့ဝေးနေခဲ့ရတာ နှစ်နှစ်တောင်ရှိနေခဲ့ပြီလေ။ အဲဒီအတွက် စာသင်ခန်းထဲပြန်ရောက်တဲ့အခါကျတော့ ပထမဆုံးရင်ထဲမှာ ပီတိဖြစ်ရတယ်။ ငါတို့စာသင်ခန်းထဲ ပြန်ရောက်လာပြီဆိုတဲ့အသိရယ်၊ နှစ်နှစ်တာကာလမှာ စာသင်ခန်းထဲမှာ မဆုံစည်းနိုင်ခဲ့ဘဲ အခု ပြန်လည်ဆုံစည်းသင်ကြားခွင့်ရခဲ့ကြတယ်။ အတိုင်းမဲ့ပျော်တာပေါ့ဗျာ"

သင်ကြားမှုမှာ အစိုးရသတ်မှတ်ထားတဲ့ သင်ရိုးကို အသုံးပြုတာဖြစ်ပါတယ်။ ကျောင်းသားတွေဟာ နှစ်နှစ်တာကာလ ပညာသင်ကြားရေးနဲ့ဝေးခဲ့ရတာကြောင့် သင်ကြားပေးသူ ဆရာဆရာမတွေဟာ ကျောင်းသားနဲ့စာသင်ခန်း သဟဇာတဖြစ်အောင် ကြိုးစားပေးနေတယ်လို့ ဆရာတစ်ဦးကပြောပြပါတယ်။

“ငါတို့စာသင်ခန်းထဲ ပြန်ရောက်လာပြီဆိုတဲ့အသိရယ်၊ နှစ်နှစ်တာကာလမှာ စာသင်ခန်းထဲမှာ မဆုံစည်းနိုင်ခဲ့ဘဲ အခုပြန်လည်ဆုံစည်း သင်ကြားခွင့်ရခဲ့ကြတယ်။ အတိုင်းမဲ့ပျော်တာပေါ့ဗျာ”

"အခုသင်နေတာက KG တန်းကနေ ၁၀ တန်းအထိပေါ့ဗျာ။ အစိုးရတည်လာလို့ အတန်းတင်အတန်းချ ဆိုလာလို့ရှိရင် ထောက်ပံ့ပေးနိုင်အောင်လို့ အခုတော့ အခြေခံကစလို့ သင်ရိုးကုန်အောင် အပြည့်အစုံ သင်ပေးနေပါတယ်။ နှစ်နှစ်တာ ကာလအတွင်းမှာ စာပေနဲ့ပြတ်လပ်နေတော့ အတော်ကို ပြောင်းလဲယူနေရတယ်။ တစ်စတစ်စ ပြောင်းလဲယူရတာပေါ့။ နဂို ကျောင်းသားစိတ်တွေ ပြန်သွင်းနေရတယ်"

ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့အတွက် လိုအပ်တဲ့ကုန်ကျငွေတွေကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကာကွယ်ရေးရန်ပုံငွေကနေ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ဆရာဆရာမတွေကို လစာမပေးနိုင်သေးဘူးလို့ သိရပါတယ်။ ဒေသတစ်ခုလုံး စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အစီအစဉ်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က ပြောပါတယ်။

"ကျွန်တော်တို့ကတော့ တစ်နယ်လုံးမှာ ဖွင့်ချင်တာဗျ။ အခု ကျွန်တော်တို့ လက်ရှိကျောင်းပေါင်း ၂၀ ကျော်လောက် ဖွင့်ထားပြီးပြီ။ ကျွန်တော်တို့ဆီမှာ စာရင်းပေးထားပြီး မဖွင့်နိုင်သေးတဲ့ ကျောင်းတွေလည်း ရှိသေးတယ်။ အဲဒါတွေကို ဆက်ဖွင့်နိုင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ ထွက်တဲ့ဘတ်ဂျက်က ကျွန်တော်တို့ဆီမှာ အရင်က ကာကွယ်ရေးအသုံးစရိတ်အဖြစ် သွားခဲ့တာက အခုဆိုရင် ကျန်းမာရေးနဲ့ ပညာရေးဘက်တွေ ပြန်ဖြန့်ပြီး သုံးနေရတဲ့အတွက် ကျွန်တော်တို့ ချင့်ချင့်ချိန်ချိန်လေး သုံးနေရတဲ့အတွက်ကြောင့် တဖြေးဖြေးနဲ့ ကိုယ်လိုချင်တဲ့ အတိုင်းအတာအထိ ရောက်အောင် သွားမယ်။ လောလောဆယ်တော့ ပြည့်ပြည့်စုံစုံ မဖြစ်သေးဘူးလို့ ပြောချင်ပါတယ်"

မြောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်တဲ့အခါ ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေက ရွာတွေကိုမီးရှို့တာ၊ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေသေးတဲ့အချိန် ဖြစ်တာကြောင့် ဖွင့်လှစ်နေတဲ့ စာသင်ကျောင်းရှိတဲ့ ရွာတွေကို စစ်ကောင်စီတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်မှာကို ပူပန်နေရတာတွေလဲ ရှိပါတယ်။ ဒါပေမယ့် အခက်အခဲတွေကြားကပဲ ဒေသခံကလေးတွေအတွက် ပညာရေးအစီအစဉ်ကို ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ အဲဒီအစီအစဉ်မှာ ပါဝင်တဲ့ ဆရာဆရာမတွေက ပြောပါတယ်။

"ကျွန်တော်တို့ကျောင်းမှာ ပတ်ဝန်းကျင်ကျေးရွာက ကလေးတွေ လာကြတဲ့အခါမျိုးမှာ တကယ်လို့ သူတို့လာတာနဲ့ ကြုံကြိုက်သွားမှာကို စာသင်နေတုန်း အတွေးရှိနေတာမျိုးက မလွတ်လပ်ဘူးပေါ့။ ပြောရရင် မလွတ်လပ်လို့ မသင်ဘူးဆိုရင်လဲ ဒီကလေးတွေရဲ့အနာဂတ် ပညာရေးကပိုပြီးမှေးမှိန်ပျောက်ကွယ်သွားမှာ စိုးတယ်။ တကယ်လို့များ နှောင့်ယှက်ဖြိုခွင်း ဖျက်ဆီးလာခဲ့ရင် အတတ်နိုင်ဆုံး ကလေးတွေကို ကာကွယ်ဖို့ အစီအစဉ်ရှိပါတယ်"

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org