ပျူစောထီးရန်ကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ အကူအညီလိုနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က တောတွင်းတစ်နေရာမှာ မြိုင်နန်းစံလို့ အမည်ပေးထားတဲ့ စစ်ဘေး ဒုက္ခသည်စခန်းတစ်ခု ရှိပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောတွင်းတစ်နေရာမှ မြိုင်နန်းစံ စစ်ဘေးဒုက္ခသည်စခန်း၏ စာသင်ကျောင်းအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က တောတွင်းတစ်နေရာမှာ မြိုင်နန်းစံလို့ အမည်ပေးထားတဲ့ စစ်ဘေး ဒုက္ခသည်စခန်းတစ်ခု ရှိပါတယ်။

ဒီစခန်းလေးမှာ ခိုလှုံနေသူ အများစုက ပျူစောထီးတွေ အားကောင်းတဲ့ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာကနေ ထွက်ပြေးလာသူတွေပါ။

"ရွာက ပျူစောထီးတွေက မနက်မိုးလင်းတာနဲ့ ကင်းစောင့်ခိုင်းတယ်ဗျ"

အဲဒီလိုထွက်ပြေးလာသူတွေထဲမှာ မွေးကင်းစ လသားအရွယ် ကလေးနဲ့အတူ ထွက်ပြေးလာတဲ့ မဥမ္မာဝင်းလည်း ပါဝင်ပါတယ်။

"ကျွန်မတို့ ထွက်ပြေးခဲ့တာ မနက်အစောကြီး သုံးနာရီထိုး။ ရွာမှာ မီးတွေရှို့ကြလို့ ထွက်ပြေးတော့ ကလေးကလည်း ငယ်ငယ်လေးက တစ်ယောက်၊ တစ်ယောက်က အနှီးထွေးလေးနဲ့။ တစ်လနဲ့ ဆယ့်နှစ်ရက် ကလေးလေးက တစ်ယောက်နဲ့ ထွက်ပြေးခဲ့ တာပေါ့နော်။ ရေတွေဖြတ်ပြီး ပြေးခဲ့ရတယ်။ ဖိနပ်တွေမပါ အဝတ်စုတ်တွေနဲ့ ပြေးခဲ့ရတယ်။ အဲဒီ အကြီးဆုံးတစ်ယောက်က ရွာမှာ တစ်ယောက်တည်း ကွဲကျန်နေခဲ့တာ။ နောက်နှစ်လ သုံးလနေမှ ပြန်တွေ့ရတာတွေ။ အဲလိုမျိုးတွေ အခက်အခဲတွေကတော့ အများကြီးပဲ။ တောထဲမှာ နေရတာဆိုတော့ ကလေးဆေးဝါးတွေ အရမ်းလိုအပ်တယ်။ ကလေး အသုံးအဆောင်ပစ္စည်းတွေ အဝတ်အစားတွေလည်း မပါခဲ့ဘူးဆိုတော့ အကူအညီတွေ အရမ်းလိုအပ်ခဲ့တာပေါ့"

အသက် ၃၅ နှစ်အရွယ် မဥမ္မာဝင်းဟာ ကလေး လေးယောက် မိခင်ပါ။ သူတို့ မိသားစုလိုက် ရွာကနေ ထွက်ပြေးလာတာ အခုဆို တစ်နှစ်နဲ့ လေးလ ရှိနေပါပြီ။

ရွာကနေ ထွက်ပြေးလာသူတွေထဲက နောက်တစ်ယောက်ဖြစ်တဲ့ ကိုညီညီလင်းကတော့ ပျူစောထီးအဖွဲ့ဝင်တွေကြောင့် ထွက်ပြေးလာခဲ့တာလို့ ပြောပါတယ်။

"ရွာမှာနေတဲ့ လူအများစုကတော့ ပျူစောထီးတွေလေ။ ပျူစောထီးတွေဆိုမှတော့ စစ်ကောင်စီကို ထောက်ခံနေတဲ့ ဘူးလက်လှဆွေရဲ့ လူတွေပေါ့။ ဘူးလက်လှဆွေ ခိုင်းရာလုပ်နေတဲ့ ပျူစောထီးတွေ။ သူတို့နဲ့ ကျွန်တော်တို့နဲ့လည်း ရင်ဘတ်ချင်း မတူဘူး။ ရွာက ပျူစောထီးတွေက မနက်မိုးလင်းတာနဲ့ ကင်းစောင့်ခိုင်းတယ်ဗျ။ ကင်းလည်း စောင့်ခိုင်းတယ် ယောက်ျားသားတွေကို ပျူစောထီး လက်နက်ကိုင်ဖို့ သူတို့က တိုက်တွန်းတယ်။ မလုပ်ရင် မနေရ။ အဲဒါမျိုးတွေ အခြေအနေတွေကို ဖြစ်လာတော့ တာကြောင့်မို့ ကျွန်တော်တို့ကလည်း ရင်ဘတ်ချင်းလည်း မတူတော့အခါကျရင် ထွက်ပြေးခဲ့ရတာပေါ့ဗျာ"

သူတို့ရွာမှာ စစ်ကောင်စီကို ထောက်ခံတဲ့ ပျူစောထီးအဖွဲ့ဝင်တွေ များပြီး ရွာမှာ လူဦးရေ နှစ်ထောင်ခန့် ကျန်နေသေးတယ်လို့ ပြောပါတယ်။

ကျန်ခဲ့သူတွေဟာ စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေ စောင့်ကြည့်နေတာကြောင့် ထွက်ပြေးဖို့ ခက်ခဲနေကြသူတွေဖြစ်ပါတယ်။ ဒါ့အပြင် မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ဖို့ နေခဲ့ရသူတွေနဲ့ ထွက်ပြေးရင်လည်း ပျုစောထီး အားကောင်းတဲ့ ရွာက ထွက်လာသူတွေဖြစ်လို့ လမ်းခရီးမှာ အန္တရာယ်ကြုံမှာ စိုးရိမ်သူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

အဲဒီလို စိုးရိမ်ချက်တွေကြားက အရဲစွန့်ပြီး ထွက်ပြေးသူတွေလည်း ရှိပါတယ်။

ဒီအထဲမှာ မြောက်ခင်ရန်းရွာက အသက် ၆၇ နှစ်အရွယ် ဒေါ်ညိုလည်း ပါဝင်ပါတယ်။

"ပိုက်ဆံတွေ တောင်းတယ်။ သူတို့က ခြိမ်းခြောက်တယ်။ အိမ်သာကအစမချန် မီးရှို့မယ်ဆိုလို့ ကြောက်လို့မို့လို့ ထွက်ပြေးခဲ့တာ။ ပျူစောထီးကိုယ်တိုင်ကပြောတာ ကျွန်မတို့အိမ်မှာ လာပြီးတော့။ ကျွန်မ အခက်အခဲကတော့ ၈၈ တုန်းက တွေ့ကြုံခဲ့တယ်။ ဒါပေမဲ့ ရွာထဲနဲ့ ရွာထဲတင် ဒီလောက်ကြီး မဆိုးဘူး။ အခုဟာကတော့ အသက်အန္တရာယ် ကို စိုးရိမ်ရလို့ ပတ်ချာလှည့် ပြေးနေရတာပဲ။ နှံ့လို့"

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ သံဃာတော်တစ်ပါးက ဦးဆောင်ပြီး တောတွင်းတစ်နေရာမှာ မြိုင်နန်းစံ ဆိုတဲ့ နာမည်နဲ့ စစ်ဘေးဒုက္ခသည်စခန်း ဖွင့်ခဲ့တာဖြစ်ပါတယ်။

အဲဒီစခန်းကို ရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဆရာတော်က အနီးအနား ကျေးရွာတွေကနေ ဆန်အလှူခံ ကျွေးမွေးသလို ထမင်းကျွေးဖို့ အလှူရှင်တွေလည်း ရှာပေးခဲ့ပါတယ်။

အဲဒီအချိန်က စခန်းမှာ လူဦးရေ နှစ်ရာလောက် ရှိခဲ့ပြီး အချို့က ရန်ကုန်၊ မန္တလေး၊ မူဆယ် စတဲ့နေရာတွေ ပြောင်းရွှေ့သွားကြလို့ လက်ရှိတော့ ၁၃၀ လောက် နေထိုင်ကြပါတယ်။

ကနဦးက စစ်ဘေးဒုက္ခသည်တွေကို လှူဒါန်းကူညီသူတွေရှိပေမယ့် အခုတော့ လှူမယ့်သူတွေ အတော်နည်းသွားပြီလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဆရာတော်က မိန့်ပါတယ်။

"အလှူပေးတဲ့လူက အရမ်းနည်းသွားပြီ။ လှူမယ့်တန်းမယ့် လူကလည်း တစ်နိုင်လုံး ဒုက္ခရောက်နေတာဆိုတော့ ဦးပဇင်းလည်း အားနာပြီး အများကြီး အလှူမခံဖြစ် တော့ဘူးပေါ့နော်။ သူလည်းဒုက္ခသည် ကိုယ်လည်းဒုက္ခသည်ဆိုတော့။ ဆန်တွေဆိုလည်း အနီးအနား ပတ်ဝန်းကျင် ရွာတွေမှာ ကိုယ်တိုင်ကိုယ်ကျ အလှူခံရတာရှိတယ်။ အခု ဒီနှစ်ဆိုရင် ဆန်ဈေးကြီးတော့ အလှူခံရတာ တအားခက်တယ်။ ခက်တဲ့အခါကျတော့ ဒီ ဝါဆို၊ ဝါခေါင်၊ တော်သလင်းရော ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ် သုံးလကို တောင်မှ ဖြတ်သန်းဖို့ရာ အတော်ကို ရင်ဆိုင်ရမယ့် အနေအထားလည်းရှိတယ်။ အခုလောလောဆယ်ပေါ့နော်"

ဒီလို အခြေအနေတွေကြောင့် ဆရာတော်က စိုက်ပျိုးဖို့ မြေလွတ်မြေနေရာတွေ ရှာပေးနေသလို သူများလယ်ယာတွေမှာ အငှားလုပ်ကိုင်နိုင်ဖို့ အလုပ်အကိုင်တွေလည်း ရှာပေးနေပါတယ်။

မြိုင်နန်းစံစစ်ဘေးဒုက္ခသည်စခန်းက နေအိမ်တွေဟာ အင်ဖက်နဲ့မိုးထားပြီး အခုလို မိုးတွင်းကာလမှာ မိုးမလုံပါဘူး။

ဒါကြောင့် မိုးကာတွေ လိုအပ်သလို ကလေးတွေ စာကြည့်ဖို့နဲ့ ဖုန်းအားသွင်းဖို့ လျှပ်စစ်မီးရဖို့ ဆိုလာပြာတွေလည်း လိုအပ်နေပါတယ်။

ဒီလိုအပ်ချက်တွေကို အကူအညီပေးကြဖို့ မဥမ္မာဝင်းက မျှော်လင့်နေပါတယ်။

"ဒီ စားဝတ်နေရေး အတွက်တွေ၊ နေထိုင်မှု စရိတ်တွေ၊ ဆေးဝါးစရိတ်တွေ အကုန်လုံး လိုအပ်တာပေါ့။ ကလေးဆေးဝါးပစ္စည်းတွေဆိုလို့ရှိရင် မရှိသလောက်ပါပဲ။ ပြီးတော့ အခါကျတော့ နေရထိုင်ရတာ မိုးမလုံတာတွေ အကာတွေ မရှိတော့ပေါ့နော်။ ဒီလိုမျိုး သစ်တုံးတွေ ခင်းပြီးမှ နေရတဲ့အခါကျရင် ညအိပ်ရတာ အဆင်မပြေဘူး။ ခြင်တွေ၊ ဖြုတ်တွေ ကိုက်တော့အခါကျ ကလေးကျန်းမာရေး၊ လူကြီးကျန်းမာရေး အရမ်းဖြစ်တယ်ပေါ့နော်။ အဲလို အခက်အခဲတွေ ဖြစ်တယ်။ တစ်ခါတလေဆိုရင် ဆန်တွေပြတ်သွားတဲ့ အခါတွေရှိတာပေါ့နော်။ ပြီးလို့ရှိရင် ဝင်ငွေတွေကလည်း မရှိကြဘူးဆိုတော့ ကျွန်မတို့မှာ အရမ်းအခက်အခဲတွေ ဖြစ်တယ်။ ကျွန်မတို့ စစ်ဘေးရှောင်တွေကို အများကြီး ကူညီပေးဖို့အတွက် ကျွန်မက တောင်းခံချင် တာပေါ့နော်"

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရပုဂ္ဂိုလ်ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိသလို ဒီဒုက္ခသည်တွေကို ကူညီပေးရေးနဲ့ ပတ်သက်လို့လည်း စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးဖုန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

မြိုင်နန်းစံစခန်းမှာ နေထိုင်သူတွေဟာ ကိုယ့်ဇာတိ ကိုယ့်ရပ်ရွာကနေ စွန့်ခွာထွက်ပြေး လာတာ တစ်နှစ်ခွဲဝန်းကျင် ရှိနေပါပြီ။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောတွင်းတစ်နေရာမှ မြိုင်နန်းစံ စစ်ဘေးဒုက္ခသည်စခန်းအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ မီးရှို့ခဲ့လို့ နေအိမ်မရှိတော့ပေမယ့် နိုင်ငံရေးအခြေအနေ ပြန်ကောင်းခဲ့ရင် ကိုယ့်ရွာမှာ နေအိမ်လေးဆောက်ပြီး ပြန်နေမယ်လို့ ဒေါ်ညိုက စိတ်ကူးထားပါတယ်။

"ပြန်တော့ ပြန်ချင်တယ်။ ဒါပေမဲ့လို့ မပြန်ရဲဘူး။ ရွာကို သတိရပေမယ့်လို့ အိမ်ကလည်း မီးလောင် ဘာမှမရှိတော့ဘူးဆိုတော့ ပြန်ချင်စိတ်ကတော့ မရှိပါဘူး။ ဒါပေမဲ့လို့ နိုင်ငံရေးကောင်းရင်တော့ ကိုယ့်အိမ်ဝင်းလေး ရှိသေးတယ်ဆိုတော့ ပြန်ရဦးမှာပါ။ တဲကုတ်ကလေးထိုးပြီး နေရဦးမှာပါ။ အကူအညီတွေ ပေးရင်တော့ အိမ်လေးယာလေးနဲ့ နေရဦးမှာပေါ့။ အကူအညီ မပေးဘူးဆိုရင်တော့ ကိုယ့်ဟာလေးနဲ့ကိုယ် ဖတ်ဖြစ်ကာလေး မိုးပြီး နေရဦးမှာပေါ့"

စစ်ဘေးဒုက္ခသည်တွေကတော့ ကိုယ့်ရွာကိုယ်ပြန်ပြီး မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း လုပ်ကိုင်စားကြဖို့ မျှော်လင့်ထားကြပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ စာရင်းအရ အာဏာသိမ်းပြီးနောက် မကွေးတိုင်းက ဒေသခံ ၂၀၃,၄၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org