စားသောက်ရေး အခက်ကြုံနေတဲ့ ကွတ်ခိုင်က မိဘမဲ့ဂေဟာ
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ ရပ်ကွက် (၅) က ကလေးငယ် သုံးဆယ်ဝန်းကျင်ရှိတဲ့ ရင်ခွင်သစ် မိဘမဲ့ဂေဟာမှာ စားနပ်ရိက္ခာ အခက်အခဲနဲ့ ကြုံတွေ့နေကြရတယ်လို့ ဂေဟာတာဝန်ရှိသူတွေက ပြောပါတယ်။
- 2022-03-14
-
-
-
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ ရပ်ကွက် (၅) က ကလေးငယ် သုံးဆယ်ဝန်းကျင် ရှိတဲ့ ရင်ခွင်သစ် မိဘမဲ့ဂေဟာမှာ စားနပ်ရိက္ခာ အခက်အခဲနဲ့ ကြုံတွေ့နေကြရတယ်လို့ ဂေဟာတာဝန်ရှိသူတွေက ပြောပါတယ်။
ကလေးငယ်အချို့ အပြင်မှာ ဆော့ကစားနေချိန် အသက် ဆယ်နှစ်အရွယ် မိန်းကလေး သုံးယောက်ကတော့ ဂေဟာပိုင်ရှင် နော်မီနာနဲ့အတူ ညစာအတွက် ခေါက်ဆွဲထုပ်တွေ ပြုတ်ဖို့ ဝိုင်းကူနေကြပါတယ်။
အလှူရှင်တွေ မလာတဲ့ရက်တွေမှာတော့ ကလေးတွေအတွက် အခုလိုပဲ ခေါက်ဆွဲပြုတ်က အားထားစရာ ဖြစ်နေတာပါ။
"ကလေးများတယ်ဆိုတော့ တစ်ခါတလေနော့်၊ ဆန်အဆင်ပြေရင်လည်း ဟင်းပိုင်း ဆိုင်ရာမှာပေါ့ နေ့တိုင်းလည်း လူများတဲ့အခါကျတော့ အကောင်းကျွေးချင်တယ်။ ဒါပေမဲ့ မကျွေးနိုင်ဘူး။ တစ်ခါတလေ အလှူရှင်တွေရှိတဲ့ အခါမှပဲ ဟင်းကောင်း စားရတယ်ပေါ့။ တစ်ခါတလေ ရှူးရှဲတွေ၊ ရေလုံပြုတ်တွေ စားရတာပဲ များတယ်။ အာဟာရ မပြတ် အောင်တော့ ကျွန်မတို့ အတတ်နိုင်ဆုံး ကုလားပဲတွေတော့ ကျွေးပေးတယ်ပေါ့"
ကွတ်ခိုင်မြို့ ရပ်ကွက် ၅ မှာရှိတဲ့ ရင်ခွင်သစ် မိဘမဲ့ဂေဟာကို ၂၀၂၁ ခုနှစ် သြဂုတ်လက စတင်ဖွင့်လှစ်ခဲ့တာပါ။
ဂေဟာမှာ ကလေးငယ် ၂၇ ယောက်နဲ့ ကလေးတွေကို စောင့်ရှောက်ပေးနေတဲ့ နော်မီနာတို့ မိသားစုနဲ့ဆို လူဦးရေ ၃၁ ယောက် ရှိပါတယ်။
"ကျွန်တော့် ယောက္ခထီးက အမှုတော်ဆောင် ဖြစ်တယ်ပေါ့နော်။ ခရစ်ယာန် အမှုတော် ဆောင် ဖြစ်တော့ သူတို့ တောင်ပေါ်မှာ သာသနာ ပြုခဲ့တယ်ပေါ့နော်။ အခု ကျွန်တော့် ယောက္ခထီး ကတော့ မရှိတော့ဘူး၊ ဆုံးသွားပြီပေါ့နော်။ အခုက သူ သာသနာပြုခဲ့တဲ့ နေရာကို ကလေးတွေကို ခေါ်ပြီး ကျွန်တော် ပြုစုနေတာ ဖြစ်ပါတယ်။ ဒါက ကိုယ်ထူ ကိုယ်ထပဲ သွားနေတာ။ အမျိုးတွေက မပါဘူး။ ကျွန်တော်က မြစ်ကြီးနားသား ပေါ့နော်။ ဒီကလေးတွေက ရှမ်းပြည်နယ်က ကလေးတွေပေါ့။ လူမျိုးကတော့ လောလောဆယ် နှစ်မျိုးပေါ့နော်၊ လီဆူနဲ့ ရှမ်းနဲ့ပေါ့နော်။ မိဘမဲ့ရော ပါတယ်ခင်ဗျ။ အားလုံး မိဘမဲ့ချည်းပဲ မဟုတ်ဘူးပေါ့နော်။ မိဘမဲ့ပါတယ်၊ တစ်ခြမ်းပဲ့တွေ ပါတယ်။ တချို့က မိဘက မူးယစ် ဆေးဝါးတွေ သုံးစွဲပြီးတော့ ပျက်စီးနေတဲ့ ကလေးတွေပေါ့နော်၊ သူတို့ သားသမီးတွေ လည်း ပါပါတယ်"
လက်ရှိဂေဟာနေရာက ငှားထားတာဖြစ်သလို ဂေဟာ အဆောက်အအုံက ကျဉ်းမြောင်း လွန်းလို့ ဆယ်ပေခန်းထဲမှာ ကလေးတွေ စုပြုံပြီး အိပ်ကြရပါတယ်။
"အခန်းတွေကျတော့ တွေ့တဲ့အတိုင်းပဲ၊ အခုလောလောဆယ် နွေရာသီ ဖြစ်လာတဲ့ အခါကျတော့ ဖုန်တွေ အရမ်းများတယ်။ ပြီတော့ အဝတ်အစားထည့်တာကအစ သပ်သပ်ရပ်ရပ်ထည့်နိုင်ဖို့ ဘောက်စ်တွေတောင် မဝယ်ပေးနိုင်ဘူး။ အဲလိုတွေ အခက်အခဲ ရှိတယ်။ ပြီးတော့ အခန်းလည်း ကျဉ်းတဲ့အခါကျတော့ ကိုယ့်ဘာသာ သပ်သပ်ရပ်ရပ် နေချင်ပေမယ့်လည်း အခန်းကျဉ်းပြီး လူများတော့ သပ်သပ်ရပ်ရပ် မထားပေးနိုင်ဘူး"
လျှပ်စစ်မီး မရတဲ့အတွက် ဆိုလာမီးကိုပဲ သုံးရတာပါ။ ကလေးတွေကို ကျွေးမွေးနိုင်ဖို့ ခြံအတွင်းမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို လုပ်ကိုင်တယ်ဆိုပေမယ့် ကလေးငယ်တွေ များလာတဲ့အတွက် စားသောက်ရေးနဲ့ နေထိုင်ရေးမှာ အခက်အခဲတွေ ဖြစ်နေတာလို့ ဂေဟာတာဝန်ရှိသူတွေက ပြောပါတယ်။