စစ်အာဏာသိမ်းမှုကြောင့် ထိုင်းမြန်မာနယ်စပ် ထွက်ပြေးခိုလှုံရတဲ့ ဆရာမ
စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ကျောင်းဆရာမ ဒေါ်ကေးမိုဟာ အလှူရှင်တွေပေးတဲ့ ကုလားပဲနဲ့ မျှစ်ကိုသာ သူ့ကလေးတွေကို နေ့စဉ် ချက်ပြုတ်ကျွေးမွေးရပါတယ်။
- 2021-09-29
-
-
-
စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာပါဝင်နေတဲ့ ကျောင်းဆရာမ ဒေါ်ကေးမိုဟာ သူ့ကလေးတွေ အတွက် အလှူရှင်တွေဆီက ပေးထားတဲ့ ကုလားပဲနဲ့ မျှစ်ကိုသာ နေ့စဉ်ချက်ပြုတ်ကျွေးမွေးရပါတယ်။
တစ်ခါတစ်ရံမှာ အဲဒီအလှူတွေကုန်သွားရင် တောထဲက အစားအစာတွေကို ဖြစ်သလိုရှာဖွေ ကျွေးမွေးနေ ရတာ အခုဆိုရင် လေးလလောက် ရှိနေပါပြီ။
"အမြဲတမ်းကတော့ ဝါးမျှစ်ပဲချက်စားတယ်။ နောက် ကုလားပဲ တစ်ခါတလေ ပိန်းရွက်တို့ သွားခူးစား တယ်။ တစ်ခါတလေ ဖရုံရွက်၊ အများအားဖြစ်တော့ ဝါးမျှစ်ပဲချက်စားဖြစ်တယ်။ ဝါးမျှစ် ကလည်း တဖြည်းဖြည်းကြီးလာတော့ အရမ်းတောင်ရှားလာပြီ။ ဘာဆက်စားရမလဲတောင် တွေးရင်စိတ်ပူရတယ်။ ဝါးမျှစ်တို့ကို အခြောက်ခံထားတာတော့ရှိတယ်။ ကလေးတွေနဲ့ဆိုတော့ များများတော့ လုပ်ထားဖို့ မအား နိုင်တော့ ရှေ့လျှောက်ဘာဆက်စားရမလဲ တွေးကြောက်နေမိတယ်"
ဒေါ်ကေးမိုဟာ ကယားပြည်နယ် ရှားတောမြို့နယ် ဒေါဝယ်ရောကျေးရွာမှာ အစိုးရမူလတန်း ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီးနောက် လုံခြုံရေးအခြေအနေကြောင့် ပြီးခဲ့တဲ့ မေလလောက်ကတည်းက ထိုင်း- မြန်မာ နယ်စပ်အနီး ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ထိန်းချုပ်နယ်မြေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုကို မိသားစု နဲ့အတူ ထွက်ပြေးခိုလှုံလာခဲ့တာဖြစ်ပါတယ်။
"ကြောက်စရာ မရှိတော့တဲ့ နေရာမျိုးမှာပဲ နေချင်တယ်"
ဒေါ်ကေးမိုမှာ ဆယ်နှစ်အောက် သားလေးဦးရှိပြီး အငယ်ဆုံးကလေးကတော့ လသားအရွယ်ပဲ ရှိပါသေးတယ်။
အခုချိန်မှာ ကိုဗစ်ကပ်ရောဂါကြောင့် အပြင်ဘက်အလုပ်ထွက်လုပ်ဖို့ အခက်အခဲရှိတဲ့အပြင် စစ်ရှောင်စခန်း မှာလည်း ဝင်ငွေရဖို့ အလုပ်မရှိတဲ့အတွက် ကလေးတွေအတွက် အာဟာရပြည့်ဝအောင် မကျွေးမွေးနိုင်တော့ ပါဘူး။
"ဒုတိယသားလေးကို ချိန်ကြည့်တိုင်းကြည့်တော့ အဟာရချို့တဲ့နေတယ်လို့ ဆရာမတွေ ပြောကြတယ် နော်။ သူ ကြက်ဥတို့ အဟာရမုန့်တို့တွေ စားဖို့လိုတယ်လို့ ပြောကြတာပေါ့နော် ကျွေးမှမကျွေးနိုင်သေး တာ"
သူ့ရဲ့ခင်ပွန်းကလည်း ဝင်ငွေရအလုပ်အကိုင် မရှိတာကြောင့် ဒေါ်ကေးမိုဟာ မနက်အစောပိုင်းဆိုရင် စခန်းထဲမှာ ဟင်းထုပ်တွေ လိုက်ရောင်းပြီး ဝင်ငွေရဖို့ကြိုးစားနေပေမယ့် သူ့မိသားစုအတွက် မလုံ လောက်ပါဘူး။
အခုလက်ရှိခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်စခန်းမှာ တဲအိမ် ၁၇၈ လုံးနဲ့ လူဦးရေ ၁၁၀၀ ကျော်ရှိပါတယ်။ စခန်း စားနပ်ရိက္ခာသိုလှောင်ရုံ စီမံခန့်ခွဲရေးအဖွဲ့က တာဝန်ရှိသူ ဆရာမ မဘဲမို ကလည်း ဒုက္ခသည်တွေအတွက် ခွဲတမ်းနဲ့အညီ တတ်နိုင်သလောက် ရိက္ခာထောက်ပံ့မှုတွေ ပေးပါတယ်။
“ဘာတွေထောက်ပံ့ပေးလဲဆိုရင်တော့ ဒီအထဲမှာ ဆန်ပါမယ်။ ဆီ၊ ဆား၊ ကုလားပဲ၊ တစ်ခါတလေ ငရုတ်သီးလည်း ပါတာပေါ့နော်။ လတိုင်းတော့ မရဘူးပေါ့နော်။ ဒီတစ်လကကျတော့ နနွင်းမုန့်လည်း ပါတာပေါ့နော်”
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေါ်ကေးမိုဟာ ငယ်စဉ်ထဲက တောတောင်တွေထဲကို မိဘတွေနဲ့အတူ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ထွက်ပြေးခဲ့ဖူးပါတယ်။
ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် နေရာအနှံ့ဖြစ်ပွားလာနေတဲ့ တိုက်ပွဲတွေ၊ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ဆက်စပ်ပြီး ဖမ်းဆီးမှုတွေကြောင့် အခုတော့ ထိုင်း-မြန်မာနယ်စပ် အထိ ထွက်ပြေးလာခဲ့ရတာပါ။
တိုင်းပြည် ငြိမ်းချမ်းသွားတဲ့တနေ့မှာ ကိုယ့်ရပ်ရွာကိုပြန်ပြီး အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ဖို့ ဒေါ်ကေးမိုက မျှော်လင့်နေပါတယ်။
"ကြောက်စရာ မရှိတော့တဲ့ နေရာမျိုးမှာပဲ နေချင်တယ်။ ကိုယ့်ရွာ၊ ကိုယ့်အိမ်ပဲ ပြန်နေချင်ကြတာပါပဲ၊ ကိုယ့်ရွာ၊ ကိုယ့်အိမ်ကမှ အပျော်ဆုံးပေါ့၊ ဒါပေမဲ့ ဒီထက်အခြေအနေဆိုးလာရင်တော့ ဘယ်နေရာမှာပဲ ပြေးနေရနေရ ကြုံသလိုပဲ နေရတော့မှာပေါ့။ ဘာမှမတွေးတတ်တော့ပါဘူး။ ကလေးတွေနဲ့ဆိုတော့ အလုံခြုံဆုံးနေရာမျိုးပဲ နေချင်ပါတယ်”
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကအာဏာသိမ်းပြီးနောက် လူဦးရေနှစ်သိန်း ကျော်ဟာ ဒေါ်ကေးမိုတို့လိုပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
စစ်တပ်က အာဏာသိမ်းထားပြီး အခုလို အချိန် ရှစ်လနီးပါးကြာလာတဲ့အထိ အာဏာသိမ်းစစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူတွေကို ပစ်မှတ်ထားဖမ်းဆီးနေဆဲဖြစ်သလို ဥပဒေမဲ့လုပ်ရပ်တွေကြောင့် အသက်သေ ဆုံးရတဲ့ ပြည်သူတွေလည်း နေ့စဉ်နဲ့အမျှ တိုးလာနေတာကြောင့် ဒေါ်ကေးမိုးရဲ့ အိမ်ပြန်ခရီးက အလှမ်းဝေးနေ ဆဲဖြစ်ပါတယ်။