ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ ကနီမြို့နယ်
ကနီဒေသဟာ စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါလို့ အပြင်းအထန် တိုက်ခိုက်ခံနေရတာလို့ ဒေသကာကွယ်ရေးအဖွဲ့ PDF တွေက ပြောပါတယ်။
-
စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022-09-02 -
-
-
စစ်ကိုင်းတိုင်း ကနီမြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ဒေသတစ်ခုဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကလည်း အဲ့ဒီဒေသကို ကြည်းကြောင်းနဲ့ လေကြောင်းအပြင် ချင်းတွင်းမြစ်ထဲမှာ တပ်စွဲပြီး ရေကြောင်းကနေပါ ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
ဒီဒေသဟာ စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါလို့ အပြင်းအထန် တိုက်ခိုက်ခံနေရတာလို့ ဒေသကာကွယ်ရေးအဖွဲ့ PDF တွေက ပြောပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ NUG လက်အောက်ခံ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဝင်းက နယ်မြေကျွမ်းကျင်တာဟာ သူတို့ရဲ့ အားသာချက်ဖြစ်တယ်လို့ ပြောလာပါတယ်။
"ဒေသခံပြည်သူတွေဖြစ်တဲ့အတွက် မြေပြင်အခြေအနေတွေ ကျွမ်းကျင်တာ ကျနော်တို့ အားသာချက်။ အားနားချက်က ပစ္စည်းစုံစုံလင်လင် မရှိတဲ့ကြားထဲကမှ ခံစားချက်ပြင်းပြင်းနဲ့ လုပ်နေတာ"
ဒါပေမဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်တဲ့အချိန်ကထက် စာရင်တော့ လက်နက်ခဲယမ်းတွေ ပိုသုံးလာနိုင်နေပြီလို့ သူကဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာ NUG လက်အောက်ခံရော၊ NUG လက်အောက်ခံမဟုတ်တဲ့ အဖွဲ့ရော စုစုပေါင်း PDF အဖွဲ့ ၅ဝ ကျော်ရှိပါတယ်။
အဖွဲ့ကွဲနေတဲ့ PDF တွေကြား အခုနောက်ပိုင်း ချိတ်ဆက်မိလာတာကလည်း အားသာချက်ဖြစ်တယ်လို့ ဆိုပါတယ်။
ကနီက PDF တွေ အချင်းချင်းချိတ်ဆက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ချင်းတွင်းမြစ်အတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၁၃ စီးကို တိုက်ခိုက်ခဲ့တာကြောင့် စစ်သင်္ဘောတစ်စီး နစ်မြုပ်သွားခဲ့ပါတယ်။
အခုဆိုရင် လက်နက်ကိုင်တော်လှန်ရေးစခဲ့တဲ့ တစ်နှစ်အတောအတွင်း စစ်ကိုင်းတိုင်းထဲက ၈၀ ရာခိုင်နှုန်းလောက်ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ အုပ်စိုးထားနိုင်ပြီလို့ ဦးထွန်းထွန်းဝင်းကပြောပါတယ်။
"မြို့တစ်မြို့ကိုကြည့်လိုက်၊ ရုံးစိုက်ရာ ရပ်ကွက်လေးကလွှဲလို့ သူတို့နယ်မြေစိုးမိုးတာ မရှိတော့ဘူး။ ကျန်တဲ့နေရာတွေမှာ NUG အစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ ကာကွယ်ရေး ပညာရေး ကျန်းမာရေးစတာတွေ ဆောင်ရွက်နိုင်နေပါတယ်"
ဦးထွန်းထွန်းဝင်းတို့ရဲ့ ကနီမြို့နယ်ဟာ NUG အစီအစဉ်နဲ့ ကြားကာလပညာရေး ပထမဆုံး စတင်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။
တော်လှန်ရေးအောင်မြင်ဖို့ နိုင်ငံတကာ အကူအညီကို စောင့်နေတာထက် ကိုယ့်အားကိုယ်ကိုးဖို့ လိုတယ်လို့လည်း ဦးထွန်းထွန်းဝင်းက ဆိုပါတယ်။
"နိုင်ငံသူ နိုင်ငံသားတွေ ပြည်ပရောက်သူတွေကလည်း ပြည်ပရောက်တဲ့အလျှောက် နေသာသလို မနေဘဲ နိုင်ငံတကာက လာလိမ့်မယ်တို့၊ ကူညီမယ့် ကယ်တင်ရှင်တွေကို မမျှော်ကြနဲ့။ အကုန်လုံးက ကိုယ့်ပြဿနာကိုယ်ရှင်းမှ ပြီးမယ်။ ကိုယ်ကိုယ်တိုင်တိုက်ပွဲဝင်မှရမယ်။ အချင်းချင်း ညီညီညွတ်ညွတ် ရဲဘော်ရဲဘက်စိတ်နဲ့ ကျောချင်းအပ်ဆောင်ရွက်ကြရမယ့် အချိန်ဖြစ်တယ်"
စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီရဲ့ ထိုးစစ်ကို အပြင်းထန်ဆုံးခံနေရတဲ့ ဒေသဖြစ်ပါတယ်။
မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး သုတေသနအဖွဲ့ (ISP-Myanmar) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းမှာ အိမ်ပေါင်း ၂ သောင်းကျော် တစ်ထောင်ကျော် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။
လူပေါင်း ၄ သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အရပ်သား ၅ဝဝ ကျော် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။