မြေဩဇာဈေးတက်လို့ ကလေးမြို့နယ်က တောင်သူတွေ အခက်အခဲဖြစ်
ကလေးမြို့ မြောက်ပိုင်းကရွာတွေမှာ မိုးစပါးပြီးရင် နွေမှာ နေကြာနဲ့မြေပဲကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါတယ်။
-
RFA Burmese
2023-06-14 -
-
-
စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်း ပျဉ်းခုံကြီးရွာက လယ်ယာနဲ့အသက်မွေးတဲ့ သူတွေဟာ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေကြောင့် ကုန်ဈေးတွေ မြင့်တက်လာတာနဲ့ အတူ ဓာတ်မြေဩဇာတွေလည်း စျေးတက်လာတယ်လို့ တောင်သူတွေကပြောပါတယ်။
အဲဒီရွာတွေဟာ မြေပဲနဲ့နေကြာကို အဓိကစိုက်ပျိုးကြပါတယ်။ အခုတော့ မြေဩဇာ စျေးကြီးလာလို့ စိုက်ခင်းတွေကို ဓာတ်မြေဩဇာ လုံလုံလောက်လောက် မထည့်နိုင်တော့ဘူးလို့ နေကြာစိုက်တောင်သူတွေက ပြောပါတယ်။
"ခက်တာပေါ့ တအားခက်တယ်လေ။ နေလည်းပူတယ်။"
အရင်နှစ်တွေထက် ဒီနှစ်ဟာ နေကြာ၊ မြေပဲ အထွက်နှုန်းတိုးပေမယ့် ဓာတ်မြေဩဇာ စျေးကြီးလာတာ၊ အလုပ်သမားခ ပိုပြီးပေးရတာတွေကြောင့် စိုက်ပျိုးရေးလုပ်ရတာ ခက်ခဲနေတယ်လို့ ပျဉ်းခုံကြီးရွာက တောင်သူတစ်ဦးဖြစ်တဲ့ ဦးကျုံးလျန်ခုပ်က RFA ကိုပြောပါတယ်။
“မနှစ်ကတော့ ၂ ဧက လုပ်တာ နှစ်ပိဿာရတယ်။ ရှုံးတယ်။ ဒီနှစ်တော့ အပွင့်တွေကြီး အောင်မယ်လို့ ထင်တာပဲ။ ကျွန်တော်တို့ အခက်အခဲကတော့ တောင်သူလယ်သမားတွေ ကျတော့ မြေဩဇာပဲ အခက်အခဲ ကြုံတယ်။ အခုခေတ်နဲ့ အရင်တုန်းကဆိုရင်တော့ တစ်အိတ်ကို ၇၀ ပိဿာ၊ ၈၀ ပိဿာ ဆိုရင်တော့ ခြောက်သောင်း၊ ခုနှစ်သောင်းလောက် အဲလိုဝယ်ရတယ်။ အခုခေတ်နဲ့ တစ်အိတ်ကို တစ်သိန်း၊ တစ်သိန်း ငါးထောင်။ မြေပဲရော၊ နေကြာရော ကျွန်တော်တို့ တတ်နိုင်သမျှ ဆီကြိတ်ပြီးရောင်းတယ်"
ကလေးမြို့မြောက်ပိုင်းကထွက်တဲ့ နေကြာနဲ့မြေပဲဆီတွေကို မုံရွာမြို့နဲ့ မန္တလေးမြို့တွေကို တင်ပို့ ရောင်းချတယ်လို့ တောင်သူတွေကပြောပါတယ်။
အခုတော့ မြေဩဇာစျေးနဲ့ အလုပ်သမားခတွေ တက်လာတဲ့အပြင် ဓာတ်ဆီ၊ ဒီဇယ်ဆီဈေး အဆမတန်တက်တာကြောင့် နေကြာနဲ့ မြေပဲစိုက်ဖို့ လယ်ထွန်စက်ငှားရမ်းခပါ ပိုပြီးတက်လာတယ်လို့ တောင်သူတစ်ဦးဖြစ်တဲ့ ဦးကျုံလျန်ထန်က RFA ကိုပြောပါတယ်။
"ကိုးဧကရှိတယ် နှစ်ဧကမြေပဲစိုက်တယ်။ ကျန်တဲ့ဟာ နေကြာစိုက်တယ်။ ဒီနေ့လုပ်ရတာက ထွန်စက်တွေ ထွန်ခိုင်းတာလေ တစ်ဧကမှာ ငါးသောင်းကုန်တယ်။ မှန်းထားတာက ၁၂ တင်းစိုက်တယ်ဆိုတော့ တင်း ၁၂၀ လောက်တော့ရမယ်လို့ မှန်းထားတယ်"
မြေပဲဆယ်ပိဿာတစ်ပုံးကို တစ်သိန်းသုံးသောင်းဝန်းကျင်၊ နေကြာဆီ ဆယ်ပိဿာ တစ်ပုံးကို တစ်သိန်း ဝန်းကျင်စျေးရပေမယ့် ထွန်ယက်စိုက်ပျိုးရတဲ့ အထွေထွေ ကုန်ကျစရိတ် များလာတာကြောင့် တွက်ခြေ မကိုက်ကြဘူးလို့ ဒေသခံတွေကပြောပါတယ်။
ကလေးမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ခုခံတော်လှန်မှု အပြင်းထန်ဆုံး ဒေသတစ်ခု ဖြစ်သလို ကလေးမြို့မြောက်ပိုင်းက ဒေသခံတွေဟာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲတွေကြောင့် မကြာခဏ စစ်ရှောင်နေရင်း စားဝတ်နေရေးအတွက် လယ်တွေမှာ နေကြာခုတ်၊ မြေပဲခြွေတဲ့ အလုပ်ကို နေ့စား လုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိသားစုစားဝတ်နေရေး အခက်အခဲဖြေရှင်းနိုင်ဖို့ သူများ စိုက်ခင်းတွေမှာ အငှားလိုက်ပြီး နေ့စား အလုပ်လုပ်ရင်း ရုန်းကန်နေရတယ်လို့ ဒေါ်ဆုန်သဲက ပြောပါတယ်။
"ကိုယ့်ခြံမဟုတ်ဘူး သူများခြံမှာ လုပ်အားပေးလုပ်တာ တစ်တင်းကို သုံးထောင်ငါးရာရတယ်။ တစ်ရက်မှာ ရှစ်တင်း ဆယ်တင်းရတယ်။ မနက်ကစပြီး ညနေ ခြောက်နာရီအထိပေါ့ ။ ခက်တာပေါ့ တအားခက်တယ်လေ။ နေလည်းပူတယ်။ နောက် လက်တွေလဲပေါက်တယ်။ တောင်သူဆိုတော့ ခက်ရင်လည်းလုပ်ရတာပဲလေ"
ပျဉ်းခုံကြီးကျေးရွာဟာ အိမ်တစ်ရာနီးပါးရှိပြီး အိမ်တိုင်းလိုလို စိုက်ပျိုးမြေပိုင်ဆိုင်ကြသလို လယ်ယာ လုပ်ငန်းလုပ်ကြပါတယ်။
ကလေးမြို့မြောက်ပိုင်းက ရွာတွေဖြစ်တဲ့ ဆည်ကြီး၊ မော်မီ၊ ပျဉ်းခုံကြီး ၊ ပြည်တော်သာ၊ သာယာကုန်း၊ ယောက်ချိုကွင်း၊ ငှက်ပျော်တော၊ ဟန်သ၊ သစ်ကုန်း၊ ဆည်တော်ဦး ရွာတွေကဒေသခံတွေဟာ ဆန်စပါး၊ နေကြာနဲ့ မြေပဲကို အဓိကစိုက်ပျိုး အသက်မွေးဝမ်းကြောင်း ပြုနေကြရသူတွေ ဖြစ်ပါတယ်။