ကချင်စစ်ဘေးဒုက္ခသည်တွေရဲ့ နှစ်သစ်မျှော်လင့်ချက်

ကချင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲကြောင့် အချိန် ၁၂ နှစ်ကြာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အခုနှစ်သစ်မှာ တိုင်းပြည်ငြိမ်းချမ်းလာဖို့နဲ့ သူတို့ဘဝတွေ အဆင်ပြေလာဖို့ကို မျှော်လင့်နေကြပါတယ်။

ကချင်ပြည်နယ်၊ မိုင်းနား (KBC) စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသည့် ဦးဘောက်နော်အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။

၁၀ ပေပတ်လည် အခန်းကျဉ်းထဲကနေ ဆင်းရဲဒုက္ခမျိုးစုံကို အချိန် ၁၂ နှစ်ကြာ ရင်ဆိုင် ကျော်လွားခဲ့ကြရတဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မိုင်းနားစစ်ဘေးဒုက္ခသည်စခန်းက ကချင်စစ်ဘေးဒုက္ခသည်တွေဟာ အခုနှစ်သစ်မှာ မျှော်လင့်ချက်ကိုယ်စီ ရှိနေကြပါတယ်။

တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့နယ် စန်ပိုင်ကျေးရွာကနေ မိုင်းနား (KBC) စစ်ဘေးဒုက္ခသည်စခန်းမှာ မိသားစုနဲ့အတူ ခိုလှုံနေတဲ့ ဦးဘောက်နော်ကတော့ အခက်အခဲ အကျပ်အတည်းတွေကြောင့် ပင်ပန်းစပြုလာပါပြီ။

သူတို့ရပ်ရွာကို ဒီနေ့အထိပြန်လို့မရသေးတာကြောင့် အခုနှစ်သစ်မှာ တိုင်းပြည် ငြိမ်းချမ်းစေချင်တယ်လို့ ဦးဘောက်နော်က RFA ကိုပြောပါတယ်။

"နံပါတ်တစ်က တိုင်းပြည်ငြိမ်းချမ်းလာဖို့ကို လိုချင်တယ်၊ ငြိမ်းချမ်းပြီဆိုရင် နေဖို့အတွက်နေရာကလည်း ဘယ်နေရာမှာဖြစ်ဖြစ် နေလို့ရတယ်ပေါ့။ အခု လောလောဆယ်က နေစရာနေရာတစ်ခုရဖို့ကို အရမ်းလိုချင်တယ်။ ဒုက္ခသည်စခန်းမှာ ကလည်း အစိုးရ ပိတ်မလို၊ ဘာလိုအသံတွေလည်း ကြားနေရတယ်၊ အတိအကျတော့ မသိဘူး။ အဲဒါကြောင့် ဒုက္ခသည်စခန်းမှာမနေရ၊ ရွာလည်းပြန်လို့မရရင် လုပ်ကိုင် စားသောက်လို့လည်း အဆင်ပြေမယ့် နေစရာနေရာတစ်ခု အရမ်းလိုချင်တယ်"

မိုင်းနား (KBC) စစ်ဘေးဒုက္ခသည်စခန်းမှာ ရွာပေါင်း ၅၀ ကျော်က စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၅၀၀ ကျော်၊ လူဦးရေ ၃၀၀၀ နီးပါးရှိပါတယ်။

ဝိုင်းမော်မြို့နယ်၊ စန်ပိုင်ကျေးရွာကနေ မိုင်းနား (KBC) စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ အသက် ၆၀ ကျော်အရွယ် ဒေါ်ဂျာဘောက်ကလည်း သူအသက်မသေခင် နေရပ်ကို ပြန်မရောက်နိုင်တော့မှာကို တွေးပြီး စိတ်ပူမိတယ်လို့ ပြောပါတယ်။

"အခုကျမတို့က အသက်ကြီးပြီ။ လူ့အသက်က ဘုရားနဲ့ဆိုင်တာဆိုတော့ ဘယ်အချိန်မှာ ဘယ်လိုဖြစ်မယ်ဆိုတာ မသိဘူး။ ကျမ သားသမီးတွေ၊ မြေးတွေ အခက်အခဲ ကြုံနေရဦးမလားဆိုတာ တွေးနေမိတယ်။ ၂၀၁၉ ခုနှစ်လောက်ကတည်းက ခြေတွေ၊ လက်တွေ ကိုက်ခဲတာတွေ ဖြစ်လာတာဆိုတော့ ကိုယ့် နေရပ်ကိုရော ပြန်ရောက်ပါ့ မလား၊ တိုက်ပွဲတွေကလည်း ဆက်ပြီးဖြစ်နေတာဆိုတော့ ကိုယ့်ရွာမှာ ပြန်လည် လုပ်ကိုင်စားသောက်နိုင်ပါ့မလား၊ ကိုယ့်ဘာသာတွေးပြီး စိတ်အားငယ် စိတ်မကောင်းဘူး"

လွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်လောက်ကတည်း နှစ်ဘက်တိုက်ပွဲတွေကြောင့် အကြိမ်ကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတာကြောင့် စစ်ဘေးဒုက္ခသည် အနေနဲ့ ဆက်ပြီး မနေချင်တော့ဘူးလို့လည်း ဒေါ်ဂျာဘောက်က ပြောပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားစစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသူများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအစီအမံတွေကို ဘဏ္ဍာငွေအပေါ် မူတည်ပြီး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

"ပံ့ပိုးပေးတယ်ဆိုတာ အိမ်ဆောက်ပေးတယ်။ အစိုးရကတော့ ရှိသမျှ အိမ်အကုန်လုံး ဆောက်ပေးဖို့ကတော့ မလွယ်ဘူးပေါ့၊ ရန်ပုံငွေပေါ် မူတည်တာပေါ့၊ ပြန်ပြီဆိုတာနဲ့ စိုက်ဖို့ ပျိုးဖို့ရယ်၊ မွေးမြူရေးအတွက်လည်း စီစဉ်ပေးတယ်၊ နောက်တစ်ခုက ပြောင်းရွှေ့ စရိတ်ကိုလည်း အစိုးရရဲ့ ဘဏ္ဍာငွေပေါ် မူတည်ပြီးစီစဉ်ပေးတယ်။ ဒါက လုပ်ကိုင် စားသောက်ဖို့အတွက် ဆိုတာကို ပြောတာ၊ နောက်တစ်ခုက အရင်းအမြစ်တွေ သပ်သပ်ရှိသေးတယ်၊ ဒီဒေသမှာ အန္တရာယ်ကင်းလား၊ မိုင်းတွေဘာတွေလည်း ရှင်းပေးတယ်၊ စာသင်ကျောင်းတွေ၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ အခြေခံပညာ အဆောက်အအုံတွေကို တတ်နိုင်သလောက် ပြုပြင်မွန်းမံတယ်၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘာကို ပံ့ပိုးလုပ်ပေးနိုင်မလည်း ကြည့်တယ်၊ ဒါတွေ လုပ်ပေးပါတယ်"

သူတို့ တာဝန်ယူထားတဲ့ အချိန်နှစ်နှစ်နီးပါး ကာလအတွင်းမှာ ဂါရာယန်၊ ကဇူး၊ ဒဘတ်ယန်စတဲ့ တိုက်ပွဲမရှိတဲ့ ရွာတွေကို နေရပ်ပြန်ဖို့ စီစဉ်ပေးခဲ့တယ်လို့ ဦးဝင်းရဲထွန်းက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာသလို အလုပ်အကိုင် အခွင့်အလမ်းလည်း ရှားပါးလာတာကြေင့် စစ်ဘေးဒုက္ခသည်တွေဟာ အခက်အခဲနဲ့ ပိုမိုရင်ဆိုင်နေကြရတာပါ။

"လာမယ့်နှစ်တွေအထိ ခက်ခဲနေဦးမယ်၊ ကိုယ့်နေရပ်ကိုလည်း မပြန်ရသေးဘူးဆိုရင် အရမ်းခက်ခဲလာမယ်လို့ မြင်တယ်"

ဒါကြောင့် အခုနှစ်သစ်မှာ ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးရင် အခက်အခဲတွေနဲ့ ပိုကြုံလာရနိုင်တယ်လို့ မိုင်းနား KBC စစ်ဘေးဒုက္ခသည်စခန်း ဒုတိယ တာဝန်ခံ ဦးလွမ်းဇောင်းက RFA ကိုပြောပါတယ်။

"လာမယ့်နှစ်တွေအထိ ခက်ခဲနေဦးမယ် ကိုယ့်နေရပ်ကိုလည်း မပြန်ရသေးဘူးဆိုရင် အရမ်းခက်ခဲလာမယ်လို့ မြင်တယ်။ ဘာလို့ဆို ဒီမှာ အိမ်ထောင်စု ၅၀၀ ကျော်က အိမ်ထောင်စု ၂၀၀ လောက်က ပိုက်ဆံရှာမယ့်သူမရှိတာ များတယ်။ သက်ကြီးရွယ်အို တွေနဲ့ အသက်ငယ်သေးတဲ့ ကျောင်းသားတွေပဲ ရှိတယ်။ အဲလို မိသားစုအတွက် ပိုခက်ခဲလာနိုင်တယ်။ ဒီအထဲမှာပဲနေပြီး လုပ်ကိုင် စားသောက်လို့ရတဲ့ ကြက်၊ ဝက်မွေးတာပေါ့၊ စိုက်ပျိုးရေး လုပ်ဖို့အတွက်တော့ မြေနေရာမရှိဘူး။ အဲလို လုပ်ကိုင် စားသောက်နိုင်ဖို့ အရင်းအနှီး ထောက်ပံ့ကူညီပေးဖို့ KBC မှာ စာတောင်တင်ထားတာ၊ ဟုတ်တယ်"

ဒုက္ခသည်တွေဟာ အရင်က စခန်းအနီးဝန်းကျင်က ငှက်ပျောခြံ၊ ဖရဲခြံတွေမှာ နေ့စား အလုပ်လုပ်ရင်း မိသားစု စားဝတ်နေရေးကို ဖြေရှင်းခဲ့ကြရပေမယ့် အခုနောက်ပိုင်း အဲဒီ အလုပ်အကိုင်တွေပါ ရှားပါးလာတာလို့ သူက ပြောပါတယ်။

ဒါကြောင့် ဒုက္ခသည်တွေဟာ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ (WFP) က တစ်ဦးကို တစ်လ ၁၄၀၀၀ ကျပ်နှုန်းနဲ့ ထောက်ပံ့တဲ့ ထောက်ပံ့ငွေတစ်ခုတည်းနဲ့ ဖြစ်သလိုရပ်တည်နေကြရတယ် လို့လည်း ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒေသအခြေစိုက် ကချင်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်အထိ ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်စခန်းပေါင်း ၁၆၀ ကျော်ရှိပြီး ဒုက္ခသည် တစ်သိန်းခွဲနီးပါး ရှိပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သောင်းနှစ်ထောင်ကျော် အထိ ရှိနေပြီး အခုဆို ကချင်စစ်ဘေး ဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော်အထိ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org