သခင်စစ်ကုမ္ပဏီတာဝန်ရှိသူတွေကို အမှုဖွင့်

တရုတ်တစ်ရှူးငှက်ပျောစိုက်ပျိုးတဲ့ ကုမ္ပဏီလို့ ရေးသားခဲ့တဲ့အတွက် မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက်နှစ်ဦးကို ကိုယ်ထိလက်ရောက် ခေါ်ယူခြိမ်းခြောက် ပြောဆိုခဲ့တဲ့ သခင်စစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဒိန်ဆောင်အပါအဝင် ခြောက်ဦးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မငါးခုနဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပြီလို့ သိရပါတယ်။

သခင်စစ်ကုမ္ပဏီ ဆိုင်းပုဒ်ကို တွေ့ရစဉ် Photo: Myitkyina News Journal

 

တရုတ်တစ်ရှူးငှက်ပျောစိုက်ပျိုးတဲ့ ကုမ္ပဏီလို့ ရေးသားခဲ့တဲ့အတွက် မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက်နှစ်ဦးကို ကိုယ်ထိလက်ရောက် ခေါ်ယူခြိမ်းခြောက် ပြောဆိုခဲ့တဲ့ သခင်စစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဒိန်ဆောင်အပါအဝင် ခြောက်ဦးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မငါးခုနဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပြီလို့ သိရပါတယ်။

RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာက တင်ပြထားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် ၂ ဦးကို သတ္တုတူးဖော်ရေး လုပ်ကိုင်တဲ့ သခင်စစ် ကုမ္ပဏီ ဝန်ထမ်းတွေဟာ မနေ့က ကုမ္ပဏီရုံးခန်းကို ခေါ်ဆောင်သွားပြီး ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတယ်လို့ ကာယကံရှင် သတင်းထောက်နှစ်ဦးက ပြောပါတယ်။
 
အဲဒီလို ကိုယ်ထိလက်ရောက် ခြိမ်းခြောက်ပြောဆိုခံခဲ့ရတဲ့ သတင်းထောက် မွန်းမွန်းပန်က တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၅ ခုနဲ့ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။
ပုဒ်မ ၃၅၄ ဟာ မိန်းမ ကာယိန္ဒြေပျက်စီးစေရန်အကြံနဲ့ လက်ရောက်မှုကျူးလွန်မှု ၊ ပုဒ်မ ၂၉၄ ညစ်ညမ်းစွာပြောဆိုမှု၊ ပုဒ်မ ၃၄၁ မတရားတားဆီး ကန့်ကွက်မှု၊ ပုဒ်မ ၃၂၃ မိမိအလိုအလျောက် နာကျင်စေမှု ပုဒ်မ ၁၁၄ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှုတို့ဖြစ်ပါတယ်။
 
အဲဒီလို အမှုဖွင့်တိုင်ကြားရတာနဲ့ ပတ်သက်ပြီး တရားလို မွန်းမွန်းပန်က အခုလိုပြောပါတယ်။
 
"သူတို့တရားစီရင်တဲ့အချိန်မှာ ကျူးလွန်သူကို ဖော်ထုတ်ပေးစေချင်တယ်။ သူတို့က ဂိုဏ်းစတားပုံစံ အုပ်စုဖွဲ့ပြီး ဒီလိုလုပ်ခြင်းအားဖြင့် သတင်းပေးတဲ့ဒေသခံတွေကိုလည်း လုံခြုံမှုပိုင်းကို ထိခိုက်စေတယ်။ နောက်ပြီး ကျွန်မ မဟုတ်ရင်တောင် တခြားသတင်းသမားတွေကို သတင်းယူတဲ့အချိန်မှာ စိတ်မလုံမခြုံ ခံစားစေတယ်"
 
အခုလို သတင်းသမားတွေကို ကိုယ်ထိလက်ရောက် ခြိမ်းခြောက်ပြောဆိုတာဟာ သတင်းထောက်နဲ့ သတင်းပေးသူတွေအတွက် သတင်းရေး၊ သတင်းပေးဖို့ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ မြစ်ကြီးနား သတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် (၂) ဦးဇော်ခွန်းက ပြောပါတယ်။
 
"ဒီလိုမျိုးအမှုကို တရားဥပဒေအတိုင်း တိတိကျကျ လိုက်နာခြင်းမရှိခဲ့ရင် နောင်တစ်ချိန်မှာ ကျွန်တော်တို့ သတင်းရယူမှုပိုင်းမှာ ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ သတင်းပေးတဲ့သူကလည်း ကျွန်တော်တို့ကို သတင်းပေးဖို့ အဆင်ပြေတော့မှာ မဟုတ်တော့သလို ကျွန်တော်တို့ သတင်းလိုက်သူတွေကလည်း သတင်းရယူပိုင်ခွင့်မှာ တော်တော်လေး ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်"
 
သခင်စစ် ကုမ္ပဏီကလူ ၆ ဦးကို အာမခံပေးထားပြီး အမှုကို ဆက်လက်စစ်ဆေးသွားမှာဖြစ်တယ်လို့ ဝိုင်မော်မြို့နယ် စခန်းမှူး ဒုရဲမှူး ကျော်စိုးက RFA ကို ဒီနေ့ ပြောပါတယ်။
 
"မနေ့တုန်းက အမှုဖွင့်ပြီးတာနဲ့ တရားခံတွေကို ဖမ်းဆီးပြီး အာမခံပေးနိုင်တဲ့ ပုဒ်မတွေ ဖြစ်တဲ့အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၇၁ အရ လုံလောက်တဲ့ခံဝန်သူများနဲ့ အာမခံပေးထားပါတယ်"
 
သခင်စစ် ကုမ္ပဏီဟာ တစ်ရှုးငှက်ပျော စိုက်ပျိုးတယ်ဆိုပြီး မြစ်ကြီးနားသတင်းဂျာနယ်က မဟုတ်မမှန် ရေးသားထားတဲ့အတွက် ခေါ်ယူရတာဖြစ်တယ်လို့ သခင်စစ် ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက RFA ကို မနေ့က ပြောထားပါတယ်။
 
တရားလိုဘက်က တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်း က ---
 
"တိုင်ချက်ဖွင့်ထားတဲ့အပေါ်မှာ ရဲလုပ်ထုံးလုပ်နည်းနဲ့ အညီ သူ့ရဲ့ ရဲလုပ်ထုံးနဲ့ တရားလိုစစ်မယ်၊ တရားလိုပြသက်သေတွေကို စစ်မယ်။ တရားခံတွေကို စစ်မယ်၊ တရားခံပြသက်သေတွေကို စစ်မယ်။ ပြီးမှ သူတို့က နိုင်ငံတော်ဥပဒေအရာရှိဆီမှာ အကြံတောင်းတင်မယ်။ လိုအပ်ရင် ပုဒ်မတွေကို ပြင်သင့်ရင် ပြင်မယ်၊ တိုးသင့်ရင်တိုးမယ်၊ လျှော့သင့်ရင် လျှော့မယ်"
 
မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက်၂ ဦးကို ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က သခင်စစ် သတ္တုတူးဖော်ရေးကုမ္ပဏီက ရုံးမှာ လာရောက်ခေါ်ဆောင်သွားပြီး သတင်းထောက် မွန်းမွန်းပန်ကို ဂျာနယ်ဖြင့် ပါရိုက်ခဲ့ပြီး၊ သတင်းထောက် အဂျယ် ကို ထိုင်ထ အကြိမ် တစ်သိန်း လုပ်ခိုင်းခဲ့ပြီး ခြိမ်းခြောက်ပြောဆိုတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
ဖေဖော်ဝါရီ ၂၅ရက်နေ့က ထုတ်ဝေခဲ့တဲ့ မြစ်ကြီးနားသတင်းဂျာနယ်မှာ ပါရှိတဲ့ "မှန်ဒေါင်ကျေးရွာအုပ်စုတွင် တရုတ်တစ်ရှုးငှက်ပျောသည့် ကုမ္ပဏီ ၂ ခု ဝင်ရောက်လုပ်ကိုင်နေ" ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ကုမ္ပဏီဥက္ကဋ္ဌ အနေနဲ့ ပြန်လည်ရှင်းပြစရာရှိတယ်လို့ဆိုပြီး သတင်းထောက်နှစ်ဦးကို ဂျာနယ်တိုက်ကနေ ကုမ္ပဏီရုံးကို ခေါ်သွားတာဖြစ်ပါတယ်။
 
သတင်းသမားနှစ်ဦးကို အခုလို ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဥပဒေအရ ထိရောက်စွာ အရေးယူပေးဖို့ ကချင်ပြည်နယ် အခြေစိုက်သတင်းသမားတွေကလည်း တောင်းဆိုနေကြပါတယ်ရှင်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org