နေရပ်ကို ရာသက်ပန်စွန့်ခွာခဲ့ရတဲ့ ကရင်နီဒုက္ခသည် ဒေါ်ဦးမယ်

ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှာနေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်ဦးမယ်ဟာ တပိုင်တနိုင်ဝင်ငွေရဖို့ အတွက် သူ့သားသမီးတွေနဲ့အတူ ရိုးရာခေါင်းပေါင်းချည်ထည်တွေ ရက်လုပ်နေပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းက ဒေါ်ဦးမယ်ကို တွေ့ရစဉ်

ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှာနေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်ဦးမယ်ဟာ တပိုင်တနိုင် ဝင်ငွေရဖို့ အတွက် သူ့သားသမီးတွေနဲ့အတူ ရိုးရာခေါင်းပေါင်းချည်ထည်တွေ ရက်လုပ်နေပါတယ်။

တခြားဝင်ငွေရတဲ့အလုပ်တွေလည်း မရှိတာကြောင့် အခုလိုဝိုင်းဝန်းပြီး လုပ်ကိုင်နေကြရတာလို့ ဒေါ်ဦးမယ် သမီးဖြစ်သူက ပြောပါတယ်။

 “တခြားလုပ်စရာလည်းမရှိတော့ ငွေရှာဖို့ အလုပ်ကလည်းမရှိတော့ ဝင်ငွေနည်းနည်းရလိုရငြား ချည်ယက်ပြီးအလုပ်လုပ်နေတာပါ”

 ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်းဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက် ထိုင်းနိုင်ငံတွင်းမှာရှိနေတဲ့ ဒုက္ခသည်စခန်း ကိုးခုထဲက တစ်ခုဖြစ်ပါတယ်။

 ဒေါ်ဦးမယ်တို့ မိသားစုဟာ ဒီဒုက္ခသည်စခန်းကို ရောက်ရှိနေတာ အခုဆိုရင် ၂၅ နှစ်ကျော်ရှိနေပါပြီ။

 လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက ကုလသမဂ္ဂအဖွဲ့အစည်းကနေ အသိအမှတ်ပြုထားတဲ့အတွက် ဒီဒုက္ခသည်စခန်းကနေတဆင့် တတိယနိုင်ငံကို ထွက်ခွာသွားကြတဲ့သူတွေလည်း သောင်းဂဏန်းနီးပါးရှိနေ ပါတယ်။

ဒေါ်ဦးမယ်တို့ မိသားစုကတော့ တခြားမိသားစုတွေလို တတိယနိုင်ငံသွားဖို့ကိုလည်း လျှောက်ထားတာ မရှိသလို နေရပ်ဇာတိ ရှားတောမြို့နယ် ဒေါခရောအော့ရွာကိုလည်း ပြန်ဖို့ စိတ်ကူးဆန္ဒမရှိကြတော့ပါဘူး။

“ကျမ တစ်ယောက်တည်းလည်း သွားလို့မရဘူးလေး။ ကျမအမျိုးသားက မသွားချင်ဘူး။ ကျမကတော့ သွားချင်တယ်။ သူက မသွားချင်းဘူးဆိုလို့ မသွားဘူး။ မလျှောက်ဖြစ်ပါဘူး”

ဒေါ်ဦးမယ်တို့ မိသားစုဟာ စစ်ပွဲတွေကြောင့် လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်လောက်ထဲက ဒေါခရောအော့ရွာကနေ  ကလေးတွေနဲ့အတူ ကရင်နီဒုက္ခသည် အမှတ် (၁) စခန်းကို  ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

"အခက်အခဲအများကြီးတော့ ရှိကြသေးတာပေါ့။ အတတ်နိုင်ဆုံး အလှူရှင်တွေကို တောင်းထားပါတယ်"

အခုတော့ ရွာမှာ အိမ်လည်း မရှိတော့တာကြောင့် ပြန်စရာလည်းမရှိတော့ဘူးလို့ ဆိုပါတယ်။

“မိုးရွာတော့ စောင်တွေစိုကုန်တယ်။ အိပ်စရာမရှိခဲ့ဘူး။ တောထဲမှာ နှစ်ရက်အိပ်ခဲ့ရတယ်။ ဗမာစစ်တပ် ကလည်း ထပ်ပစ်ပြန်ရော အဲဒီမှာပဲ ပိုဒုက္ခရောက်ကုန်တော့တာပါပဲ။ ဘာမှလုပ်လို့မရတော့ ဒီလိုပဲ တောက်လျှောက်ပြေးခဲ့ကြရတာပါပဲ”

၁၉၉၅ - ၉၆ ခုနှစ်တုန်းက  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ စစ်အစိုးရတို့ အပစ်ခတ်ရပ်စဲရေး ယူခဲ့ကြပေမဲ့ လပိုင်းလောက်မှာတင် ပျက်ပြယ်သွားခဲ့ပါတယ်။ အဲဒီအချိန်က ကယား (ကရင်နီ) ပြည်နယ် အတွင်းက ကျေးရွာတွေ တော်တော်များများမှာ စစ်အစိုးရတပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် ပြည်သူတွေ စစ်ဘေး ဒဏ်ခံခဲ့ကြရတာပါ။

 လက်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှာ လူဦးရေ ခန့်မှန်းခြေ ၈၀၀၀ ကျော်ရှိနေပြီး တစ်သောင်းကျော် လောက်ကတော့ တတိယနိုင်ငံ ထွက်သွားကြပါပြီ။

စခန်းထဲမှာ တတိယနိုင်ငံဆက်သွားဖို့ ဒီဒုက္ခသည်စခန်းထဲမှာ စောင့်နေကြတဲ့သူတွေရှိသလို ဒီစခန်းထဲမှာပဲ ဆက်နေသွားချင်တဲ့ ဒေါ်ဦးမယ်တို့လို မိသားစုဝင်တွေလည်း ကျန်ရှိနေပါသေးတယ်။

(ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှာ သွားလာနေသူတွေကို တွေ့ရစဉ်)

အခုလို ပြည်သူတွေ အိမ်ပြန်စရာလည်း မရှိကြတော့တဲ့အတွက်လည်း စခန်းကို ဆက်လက်ခွင့်ပြုထားပေးဖို့ ကိုလည်း  သက်ဆိုင်ရာ အစိုးရအာဏာပိုင်တွေ အလှူရှင်တွေကို အသားနားခံ တောင်းဆိုထားတယ်လို့ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)  အုပ်ချုပ်ရေးအတွင်းရေးမှူး (၁) ဦးမယ်ရယ်က ပြောပါတယ်။

“စခန်းထဲမှာ နေကြတဲ့သူတွေကတော့ တစ်နေ့တစ်နေ့ ကြိုးစားလုပ်ကိုင်ကြတဲ့သူရှိသလို မပြည့်စုံတဲ့ သူတွေလည်းရှိတယ်။ အခက်အခဲအများကြီးတော့ ရှိကြသေးတာပေါ့။ အတတ်နိုင်ဆုံး အလှူရှင်တွေကို တောင်းထားပါတယ်။ ပြည်တွင်းမှာလည်း အခြေအနေက ပိုဆိုးလာတာကြောင့် ပြည်သူလူထုအတွက် ဆက်လက်တောင်းဆိုနေတာတော့ရှိပါတယ်။ ဥပမာ ထိုင်းအစိုးရကို ဒီဒုက္ခသည်စခန်းက သူတို့နိုင်ငံ ထဲရှိတော့ သူတို့ကို ဆက်နေခွင့်ပေးပါလို့ ဆက်တောင်းဆိုနေရတာပေါ့”

ဒေါ်ဦးမယ်ကတော့ ခင်ပွန်းဖြစ်သူဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကပင် ဒီဒုက္ခသည်စခန်းမှာ ဆုံးသွားပြီဖြစ်လို့ သူ့ဘဝကို ဒီဒုက္ခသည်စခန်းထဲမှာပဲ သက်ထက်ဆုံးထိ ဆက်လက်နေသွားတော့မယ်လို့  ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org