စစ်ကောင်စီကို ဆက်လက်တော်လှန်မယ့် CTUM အဖွဲ့ဝင် မဘုတ်ဘုတ်

၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က တောင်ဥက္ကလာပမြို့နယ် မြင်သာ (၃၁) ဂိတ်အနီး CTUM အပါအဝင် ပြောက်ကျားသပိတ်စစ်ကြောင်းကို စစ်ကားက ဝင်တိုက်ပြီး လူစုခွဲလိုက်သလို မဘုတ်ဘုတ်အပါအဝင် သုံးယောက်အဖမ်းခံလိုက်ရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတစ်ခုတွင် မဘုတ်ဘုတ်အား တွေ့ရစဉ်။ RFA

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်ကအာဏာသိမ်းခဲ့လို့ လမ်းပေါ်ထွက် ဆန္ဒပြကြသူတွေကို စစ်တပ်နဲ့ရဲတွေက အကြမ်းဖက်ဖြိုခွင်းလိုက်ကြပါတယ်။ ဒီနောက်ပိုင်း တော်လှန်ရေးအတွက် လက်နက်ကိုင်တပ်ဖွဲ့တွေရှိရာ တောထဲရောက်ကုန်ကြပြီး မြို့ပေါ်မှာဆန္ဒပြဖို့အတွက် လူအင်အားနည်းသွားခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂတွေအပြင် တက်ကြွလှုပ်ရှားကြတဲ့ အဖွဲ့အစည်းအသီးသီးတို့ဟာ လူအင်အားစုစည်းပြီး ပြောက်ကျားသပိတ်အဖြစ်နဲ့ ရန်ကုန်မြို့ နေရာအတော်များများမှာ ဆန္ဒပြကြသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နှိမ်နင်းတာခံခဲ့ရပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် မြင်သာ (၃၁) ဂိတ်အနီး CTUM အပါအဝင် ပြောက်ကျားသပိတ်စစ်ကြောင်းကို စစ်ကားက ဝင်တိုက်ပြီး လူစုခွဲလိုက်သလို မဘုတ်ဘုတ်အပါအဝင် သုံးယောက်အဖမ်းခံလိုက်ရပါတယ်။

"၂၀၂၂ ဧပြီလမှာ ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း သပိတ်စစ်ကြောင်းကို ကျွန်မတို့ပြုလုပ်နေစဉ်အတွင်းမှာပဲ စစ်ကောင်စီရဲ့စစ်ကားပေါ့လေ လူဆယ်ယောက်ခန့်ပါဝင်တဲ့ စစ်ကားကနေပြီးတော့ သပိတ်စစ်ကြောင်းထဲကို အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်ပြီးတော့ ဆန္ဒပြရဲဘော်တွေကို ဝင်တိုက်ခဲ့တယ်ပေါ့လေ၊ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး ကျွန်မက တက္ကစီကားတစ်စီးပေါ်ကို တက်လိုက်တယ်၊ ကျွန်မအပါအဝင် ရဲဘော် နှစ်ယောက်ပါတယ်၊ စစ်ကောင်စီရဲ့စစ်ကားနေ ကျွန်မတို့ကားကိုဝင်တိုက်ပြီး ကျွန်မအဖမ်းခံလိုက်ရပါတယ်။’’

အဲဒီနောက် စစ်ကြောရေးမှာလည်း ရိုက်နှက်ခံရတယ်လို့ မဘုတ်ဘုတ်က ပြောပြပါတယ်။

"စစ်ကြောရေးကိုရောက်တော့ ကျွန်မတို့ကို မျက်လုံးစည်းထားတယ်၊ လက်ထိပ်ခတ်ထားပါတယ်၊ ပြီးတော့ အရက်သေစာသောက်စားထားတဲ့ အမျိုးသားတွေက ကျွန်မတို့ကို ဝိုင်းပြီးရိုက်နှက်တာမျိုးတွေ ရှိတယ်၊ ပြီးတော့ ရက်ရက်စက်စက် ကျွန်မတို့ခြေထောက်ကို ဓားနဲ့ဖြတ်တာမျိုးတွေ၊ မျက်နှာကို ဆေးလိပ်မီးနဲ့ထိုးတာမျိုးတွေကို ကျွန်မတို့ ရက်ရက်စက်စက် မေးမြန်းခံခဲ့ရပါတယ်၊ မေးမြန်းတဲ့နေရာမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေရဲ့နေအိမ်တွေကို ပြောခိုင်းတာလိုမျိုး၊ ပြီးတော့ ကျွန်မတို့ စီးပွားရေးပိတ်ဆို့မှုတွေ ဘယ်လိုအခြေအနေအထိ ရောက်နေပြီလဲ၊ ရှေ့လုပ်ငန်းစဉ်တွေက ဘာတွေလဲဆိုတာကို ကျွန်မတို့ကို မေးတာတွေလုပ်ခဲ့ပါတယ်။’’

အင်းစိန်ထောင်ထဲကနေ ရှစ်လကြာတဲ့အထိ တရားရင်ဆိုင်ခဲ့ရပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ တောင်ဥက္ကလာပတရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံလိုက်ရပါတယ်။

အင်းစိန်ထောင်မှာ တစ်နှစ်လောက်နေခဲ့ပြီး သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရပါတယ်။

"သာယာဝတီထောင် အဆောင်သုံးမှာဆိုရင် အပေါ်ကနေ အင်္ဂတေတွေ ပြိုကျတာတွေဖြစ်ပါတယ်၊ ကျွန်မတို့ ထောင်တွေမှာရှိတဲ့အဆောင်တွေဟာ နှစ်တစ်ရာကျော် အဆောက်အအုံအဟောင်းတွေ ဖြစ်ပါတယ်၊ ဒီနေရာမှာ မတရားဖမ်းဆီးပြီးတော့ လူတွေပြွတ်သိပ်ညက်ပြီးထားတဲ့အတွက် အဆောင်ထဲက အမိုးကနေ အင်္ဂတေပြိုကျပါတယ်၊ ပြိုကျတော့ အင်္ဂတေတွေကို သိမ်းလိုက်တဲ့အခါမှာ ဆာလာအိတ်နှစ်လုံးစာလောက်အထိကို ရပါတယ်၊ ဒီအကြောင်းကို ထောင်ရဲ့တာဝန်ရှိသူတွေကို သွားပြီးတော့ အကြောင်းကြားတယ်၊ ဒါပေမဲ့ တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် ဖြေရှင်းမှုတွေမရှိပါဘူး၊ ဒါကြောင့်မို့လို့ အခုသာယာဝတီထောင်မှာ အမျိုးသမီးအဆောင်နေထိုင်နေတဲ့ အကျဉ်းသူအကျဉ်းသားတွေအားလုံးက စိုးရိမ်တကြီးနဲ့ ဘယ်တော့များပြိုကျမလဲဆိုတဲ့ စိုးရိမ်တကြီးတွေ ခံစားနေရတာတွေရှိပါတယ်။’’

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတစ်ခုတွင် မဘုတ်ဘုတ်အားတွေ့ရစဉ်။ (Photo: RFA)

၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာ သာယာဝတီထောင်ကနေ ပြန်လွတ်မြောက်လာခဲ့ပါတယ်။ ပြန်လွတ်လာပေမဲ့လည်း လုံခြုံမှုမရှိတဲ့အခြေအနေတွေကြောင့် လွတ်မြောက်နယ်မြေကို ရှောင်တိမ်းလာခဲ့တာလို့ ပြောပါတယ်။

"ကျွန်မလွတ်မယ့်ရက်မှာပဲ ကျွန်မတို့ထောင်ပိုင်ကြီးကနေ ကျွန်မတို့ နိုင်ငံရေးအကျဉ်းသားတွေကို ခေါ် ပြီးတော့ နောက်ထပ် နိုင်ငံရေးမှာပါဝင်ပတ်သက်ပြီး လုပ်နေမယ်ဆိုရင် ထောင်ဒဏ်ဆယ်နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ သေမိန့်အထိ ချနိုင်တယ်ဆိုတာမျိုးတွေကို ကျွန်မတို့ကို ခြိမ်းခြောက်ပြီးတော့ ခေါ်ယူပြောဆိုတာမျိုးတွေ ရှိပါတယ်၊ ပြီးတော့ ကျွန်မထောင်ကလွတ်ပြီးတဲ့အချိန်မှာလည်း စိတ်လုံခြုံမှုမရှိပါဘူး၊ ကျွန်မကို အမြဲစောင့်ကြည့်နေမယ်၊ ပြီးတော့ ရဲစခန်းကိုသွားပြီးတော့ သတင်းပို့ပေးတာမျိုးတွေ ပြုလုပ်ရမယ်ဆိုတဲ့ စိတ်မလုံခြုံမှုတွေကြောင့် ကျွန်မလွတ်မြောက်နယ်မြေတစ်ခုမှာ ပြောင်းရွှေ့နေထိုင်နေရတာ ဖြစ်ပါတယ်။’’

စစ်ကောင်စီလက်ထက် တိုင်းပြည်ဟာ အဖက်ဖက်ကပြိုနေပြီး ပြည်သူတွေနဲ့ အလုပ်သမားတွေလည်း အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့နေရတဲ့အတွက် စစ်ကောင်စီကို ဘုံရန်သူအဖြစ် တိုက်ပွဲဝင်ကြဖို့ လည်း ဆိုပါတယ်။

"စစ်အာဏာမသိမ်းခင်မှာ ကျွန်မတို့နိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ဦးတည်ပြီးသွားလို့ရတဲ့ အခြေအနေမျိုးမှာ ဒီစစ်အာဏာရှင်ရဲ့မတရားဖိနှိပ်မှုတွေ မတရားအာဏာသိမ်းမှုအပေါ်မှာ ကျွန်မတို့ လူငယ်တွေ၊ အလုပ်သမားတွေ၊ အားလုံးက တက်တက်ကြွကြွနဲ့ ပါဝင်လှုပ်ရှားပြီး စစ်အာဏာရှင်ကို မကြာခင်မှာ အမြစ်ပြတ်ခြေမှုန်းနိုင်တော့မှာပါ၊ အဲတော့ ကျွန်မတို့သည် သွေးစည်းညီညွတ်မှုနဲ့ ကျွန်မတို့ ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်ဆိုတာကို ပြောကြားချင်ပါတယ်။’’

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org