သဘာဝပွင့်ရိုက်ထည်တွေဖန်တီးတဲ့ ချင်းတိုင်းရင်းသူ မဂျူလီယာ

စုန်းတူ ချင်းလူမျိုး မဂျူလီယာဟာ သဘာဝသစ်ရွက်တွေ၊ ပန်းပွင့်တွေကို သုံးပြီး ချည်ထည်စပေါ် မှာ ပုံရိပ် ထင်အောင် ဒီဇိုင်းအလှဖော်တဲ့ပညာကို မျှဝေနေသူ ဖြစ်သလို ကိုယ်တိုင်လည်း ထုတ်လုပ်နေတာပါ။

သဘာဝပွင့်ရိုက်ထည်များ ဖန်တီးသူ ချင်းတိုင်းရင်းသူ မဂျူလီယာ။ Photo: RFA

“ကျွန်မကတော့ ဂျူလီယာပါ။ ကျွန်မက ရခိုင်ပြည်ဖွားချင်းလူမျိုးတစ်ယောက်။ စုန်းတူချင်းပါ။ စုန်းတူ ချင်း တွေဟာ အရင်တုံးကသူတို့ရဲ့ အဝတ်အစားတွေကို ကိုယ်တိုင် ရက်ကန်းခတ်ပြီးမှ ဝတ်ကြတယ်။ ကျွန်မလည်း အမေတို့ အဖွားတို့ ရက်တဲ့ဟာတွေနဲ့ ရင်းနှီးလာတော့ဒီလို စိတ်ဝင်စားသွားတယ်။ ငယ်ငယ်ထဲကဆော့လို့ရှိရငလည်း ရက်ကန်းဂျပ်ခုတ်နဲ့ပဲဆော့ခဲ့တော့ မစိမ်းဘူးပေါ့လေ"

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် မောင်ရှင်ရွာက စုန်းတူချင်းလူမျိုး မဂျူလီယာဟာ ငယ်စဉ်ကတည်းက ရိုးရာရက်ကန်းထည်တွေနဲ့ ရင်းနှီးကျွမ်းဝင်သူဖြစ်ပြီး ချည်ထည်တွေနဲ့ပတ်သက်လို့ ဖန်တီးလိုစိတ် ပြင်းပြသူပါ။

အခုတော့ သူဟာ သဘာဝသစ်ရွက်တွေ၊ ပန်းပွင့်တွေကို အသုံးပြုပြီး ချည်ထည်စပေါ်မှာ ပုံရိပ်ထင်အောင် ဒီဇိုင်းအလှဖော်ကျူးရတဲ့ Botanical printing လို့ခေါ်တဲ့ သဘာဝပွင့်ရိုက်ထည်တွေကို ကိုယ်တိုင်ထုတ်လုပ်ရုံသာမက သင်ယူချင်တဲ့သူတွေကို ပညာမျှဝေပေးနေတဲ့သူဖြစ်လာပါတယ်။

“ကိုဗစ်တွေဖြစ်တော့ အိမ်ထဲမှာနေရင်း သဘာဝဆိုးဆေးကို လေ့လာရင်း လေ့လာရင်း ဒီ Botanical Printing ကိုတွေ့သွားတာပေါ့။ တကယ် တအားကြီးတတ်ချင်လွန်းလို့ တက်လိုက်တယ်။ တက်လိုက်တော့ ဒီလိုလေးတွေ ဖြစ်လာတယ်ပေါ့နော်။ အစပိုင်းတော့ သိပ်အဆင်မပြေခဲ့ဘူး။ ပိတ်စတွေ အများကြီး လေလွင့်ခဲ့တယ်။ နောက်တဖြည်းဖြည်း အချိန်ကြာလာတော့ ပိတ်စတွေ လှလာတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်လာရင်းကနေ အခုလို တခြားသူတွေကို workshop နဲ့ sharing လုပ်ပေးတာပေါ့နော်။”

မဂျူလီယာ ဖန်တီးထားသည့် သဘာဝပွင့်ရိုက် ချည်ထည်တစ်ခုကို တွေ့ရစဉ်။ (Photo: RFA)

ဖန်တီးတီထွင်လိုစိတ်ရှိသူ၊ ချည်ထည်ချစ်သူ မဂျူလီယာဟာ ဆရာတွေဆီက သင်ယူလေ့လာရတာ အဆင်ပြေခဲ့ပေမယ့် ပြန်လည်ထုတ်လုပ်ဖို့ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ သူ့လို သမာရိုးကျလမ်းကြောင်းကခွဲထွက်ချင်သူတွေအတွက် လွယ်ကူတာမျိုးမဖြစ်နိုင်ပါဘူး။ ကုန်ကြမ်းရှားတဲ့ ပြဿနာကြောင့် သူ့ရဲ့ဖန်တီးမှုအတွက် အခက်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“Natural Dye ကတော့ အဲဒီလောက် အခက်အခဲမရှိဘူး။ Botanical printing ကကျတော့ Ingredients ရှားတယ်။ မရှိဘူး။ တစ်ခြားနိုင်ငံက မှာပြီးလုပ်ကြရတယ်။ အရင်းအနှီးကလည်း မရှိတော့ ပစ္စည်းတစ်မျိုးဆိုရင် ပုံစံတူပစ္စည်းကိုရှာဝယ်ပြီး လုပ်လိုက်ရတာရှိတယ်။ အဲဒီတော့ တစ်ပုံစံတည်း မရဘူး။ အဓိကပြဿနာက မြန်မာပြည်မှာ ကုန်ကြမ်းရှားတာပေါ့။ အခုထိကိုရှားနေဆဲပါပဲ

သဘာဝပွင့်ရိုက်ထည်ဆိုတာ ဓာတုဗေဒဆိုးဆေးတွေမသုံးဘဲ ပိတ်စပေါ်မှာ သစ်ရွက်စိမ်း၊ ပန်းပွင့်တွေကို သုံးပြီး ဒီဇိုင်းပုံစံဖော်ထုတ်လုပ်ရတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ကူးထဲကအတိုင်း စိတ်ကူးကွန့်မြူး ပုံဖော်နိုင်ပြီး ကိုယ်ဖန်တီးထားတဲ့ အထည်နဲ့ပုံစံတူ နောက်ထပ်အထည်မရှိနိုင်တာမျိုးလည်း ဖြစ်ပါတယ်။

“အရမ်းပျော်တယ်။ လုပ်နေတုန်းက process အရမ်းများတယ်။ Botanical printing က တိတိကျကျ လုပ်ရတယ်။ အရွက်တွေ ရှာရတာလည်းအချိန်ယူရတယ်။ လုပ်ရတဲ့အချိန်မှာလည်း ပိတ်စတွေ ကိုညင်ညင်သာသာလေးကိုင်ပီးမှ လုပ်ရတယ်။ အရမ်းကို လက်ဝင်တယ်။ ပင်လည်း ပင်ပန်းတယ်။ ဒါပေမယ့် steaming လုပ်ပီးတဲ့ result ကိုပြန်ဖြည်လိုက်လို့ရှိရင် လုံးဝ surprised ပဲ။ ပင်ပန်းတာတွေအကုန် ယူပစ်သလို ပျောက်သွားတယ်။ အဲဒါကြောင့် ဒီ botanical printing ကို ချစ်တာပေါ့နော်။”

မဂျူလီယာက သဘာဝပွင့်ရိုက်ထည်လုပ်နည်းပညာရပ်ကို မျှဝေနေတဲ့အပြင် ANU ဆိုတဲ့နာမည်နဲ့လည်း ကိုယ်တိုင်လုပ်ပွင့်ရိုက်ထည်တွေကို ထုတ်လုပ်နေပါတယ်။ ပြည်တွင်းဖြစ် ချည်ထည်တွေကို သဘာဝ ပစ္စည်းတွေနဲ့ ပေါင်းစပ်ဖန်တီးပြီး တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ဈေးကွက်ဝင်လာအောင်ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

“အရင်တုန်းက ဒါတွေက နိုင်ငံခြားကဟာတွေပဲ မြင်ရတာကိုး။ အခု ကိုယ့်နိုင်ငံမှာလည်း ဒီလိုအရွက်တွေနဲ့ ဒီလိုလုပ်လို့ရပါလားဆိုပြီး ဖြစ်ကြတယ်ပေါ့နော်။ ကျွန်မလည်း ဒါကိုဂုဏ်ယူတယ်။ ဒီအာရှပိုင်းမှာ ရှိတဲ့အရွက်နဲ့ အနောက်နိုင်ငံမှာရှိတဲ့ အရွက်က မတူတော့ အနောက်နိုင်ငံက လူတွေလည်း ဒီဘက်နိုင်ငံကို အားကျတယ်။ သူတို့နိုင်ငံမှာ မရှိတဲ့ အရွက်တွေနဲ့ ကိုယ်တွေက လုပ်နေရလို့။ ပြီးတော့ ဒီလိုအရွက်ကလေးတွေ သုံးရတာ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘူး။ ဒါကြောင့်ဂုဏ်ယူတယ်”

သဘာဝပွင့်ရိုက်ထည်များနှင့်အတူ တွေ့ရသည့် နိုင်ငံခြားသူတချို့။ (Photo: RFA)

အခုလို ပြည်ပကတင်သွင်းတဲ့ပစ္စည်းတွေအဆမတန်ဈေးတက်နေပြီး နိုင်ငံတွင်းဝယ်လိုအား ကျဆင်းနေတဲ့အချိန်မှာ မြန်မာ့ချည်ထည်တွေကို တန်ဖိုးမြင့်ရောင်းကုန်အဖြစ် ထုတ်လုပ်တာက စိန်ခေါ်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ မဂျူလီယာကတော့ ဇွဲကောင်းတဲ့ ခေတ်လူငယ်တစ်ဦးပီပီ သူရည်မှန်းချက်အောင်မြင်တဲ့အထိလုပ်ဖို့ စိတ်အား ထက်သန်နေပါတယ်။

“ ဒီအရွယ်ရောက်မှ ကိုယ့်ရဲ့ဝါသနာက ဘာလဲဆိုတာ သိလာတယ်။ ဒါက ဘာလဲဆိုတော့ လုပ်မယ်။ ဒါလုပ်ရတာ အရမ်းစိတ်ချမ်းသာတယ်။ အရမ်းပင်ပန်းတယ်။ စိတ်ချမ်းသာတယ်။။ အခု က နှစ်ခုရှိပီ။ သင်တန်းသူတွေကို ကြည့်ပြီး သူတို့လည်း ပျော်ရတယ်။ ကိုယ်လည်းပျော်ရတယ်။ အဲဒါကြောင့် သူများကို အပျော်လုပ်ပေးရာလည်း ရောက်တယ်ပေါ့နော်။ အားသာချက်ကတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတယ်။ ပြီးတော့ မြန်မာ့ချည်ထည်တွေရဲ့တန်ဖိုးကိုလည်း မြှင့်တင်တယ်။ လုပ်ထားရင် မြန်မာ့ချည်ထည်တွေက နဂိုလှတာထက် ပိုလှသွားတယ်။ ဒါကြောင့် ဒါကို အဆုံးထိ ဆက်လုပ်သွားမယ်။ အားလည်း ပေးကြပါဦး”

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org