ပဲခူးတိုင်းအရှေ့ခြမ်းကကိုင်းစိုက်တောင်သူတွေရဲ့ အခက်အခဲ

ဒိုက်ဦးနဲ့ ညောင်လေးပင်မြို့နယ်တွေမှာ ဆောင်းရာသီဆိုရင် ချောင်းရေနဲ့ ကိုင်းသီးနှံတွေ စိုက်ပျိုးကြပါတယ်။

ညောင်လေးပင်မြို့နယ်မှ ကိုင်းစိုက်တောင်သူ တစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ တွေ့ရစဉ်။

ပဲခူးတိုင်း၊ ဒိုက်ဦးနဲ့ ညောင်လေးပင်မြို့နယ်တွေမှာ ဆောင်းရာသီဆိုရင် ချောင်းရေနဲ့ ကိုင်းသီးနှံတွေ စိုက်ပျိုးကြပါတယ်။ ဖရဲ၊ ပြောင်း၊ ဂေါ်ဖီ၊ စားတော်ပဲ၊ ငရုတ်၊ ခရမ်းချဉ်စတဲ့ သီးနှံတွေစိုက်ကြတာပါ။ အခုတော့ အဖက်ဖက်က တက်နေတဲ့ အထွေထွေစရိတ်နဲ့ တိုင်းပြည်အခြေအနေကြောင့် တောင်သူတွေမှာ စိုက်ပျိုးရေးကို အားတင်းပြီး ဆက်လုပ်နေရတယ်လို့ ပြောကြပါတယ်။

“ဂေါ်ဖီတို့ဘာတို့ဆိုရင် အရင်ကဆိုရင် (တစ်ဧက စိုက်ပျိုးစရိတ်) ခြောက်သိန်း၊ ခုနစ်သိန်း အဲလောက်ပဲပေါ့။အခုကတော့ မကတော့ဘူးပေါ့။ မြေဆီတစ်အိတ်ကြီးပဲကို အကုန်လုံး တစ်သိန်းကျော်တွေချည်းပဲ။ ဆေးတွေ အရင်ချိန်က နှစ်သောင်း၊သုံးသောင်းရှိတဲ့ဥစ္စာ အခု လေး၊ ငါးသောင်း၊ခြောက်သောင်း၊ ခုနစ်သောင်း အဲဒါမျိုးတွေ။ အဲလိုဆိုတော့ ရင်းနှီးစရိတ်တွေ အများကြီး တက်တာပေါ့”

ပဲခူးတိုင်း အရှေ့ခြမ်းက အသက် ၃၃ နှစ်အရွယ် တောင်သူ ကိုဇင်မင်း ပြောပြတာပါ။

“ရင်းနှီးစရိတ်တွေ ပိုတော့ကုန်ကျစရိတ်တွေ များတာပေါ့။ အထွက်မကောင်းဘူးဆိုတော့ အကျိုးအမြတ် မကျန်ဘူးပေါ့။ တစ်နှစ်၊ တစ်နှစ်လုပ်စားရတာ တောင်သူလယ်သမားဘဝအနေနဲ့ အကျိုးအမြတ်မကျန်တော့လည်း ဘာမှအဆင်မပြေဘူး”

ကိုဇင်မင်းက လယ်ပိုင် ၁၂ ဧကခွဲရှိပြီး ဖရဲ၊ ငရုတ်၊ ခရမ်းချဉ်၊ ပဲအပါအဝင် သီးနှံစုံစိုက်ပါတယ်။ ကိုဇင်မင်းလို ပဲခူးတိုင်း အရှေ့ခြမ်း ဒိုက်ဦးနဲ့ညောင်လေးပင်မြို့နယ်က တောင်သူတွေဟာ မိုးရာသီကုန်ပြီး ဆောင်းဦးပေါက်ရောက်တာနဲ့ ပဲတီစိမ်းအပါအဝင် ဖရဲ၊ ပြောင်း၊ ဂေါ်ဖီ၊ စားတော်ပဲ၊ ငရုတ်၊ ခရမ်းချဉ်စတဲ့ သီးနှံစုံကို စိုက်ပျိုးကြပါတယ်။

"ရှေ့ဆက်ပေမယ့်လည်း မိသားစု စားဝတ်နေရေးနဲ့ ကုန်ဈေးနှုန်းတွေနဲ့ မကိုက်ဘူးပေါ့"

သူတို့ရဲ့ စိုက်ခင်းတွေအတွက် ပဲခူးရိုးမကနေ မြစ်ဖျားခံပြီး စစ်တောင်းမြစ်ထဲ စီးဝင်သွားတဲ့ ဘိုင်းဒါးနဲ့ ရဲနွယ်ချောင်းရေ၊ ဒိုက်ဦးမြို့နယ်ထဲက ဒရယ်မီးချောင်းနဲ့ ကတုတ်ချောင်းရေကိုလည်း အားကိုးကြရပါတယ်။

အရင်က ချောင်းရေကနေဖြစ်လာတဲ့ နုံးတင်မြေနုကြောင့် သီးနှံအထွက်ကောင်းခဲ့ပြီး၊ အခုတော့ ဆည်နဲ့ ရေလှောင်တမံတွေ ဆောက်ထားလို့ အရင်လို မြေဆီမြေနှစ်မရတဲ့အတွက် ဓာတုဆေးတွေ သုံးလာရတယ်လို့ ညောင်လေးပင်မြို့နယ်၊ ရေကျော်ကြီးရွာက အသက် ၅၉ နှစ်အရွယ် တောင်သူ ဦးစံသိန်းက ပြောပါတယ်။

“လက်ဦးတုန်းကတော့ ရေလျှံတော့ နုံးတက်တယ်။ အခုက မလျှံတော့ နုံးကလည်း မတက်တော့ဘူး။ မြေဆီ၊ မြေနှစ်လည်း ခမ်းသွားပြီ။ အရမ်း ဟိုးတုန်းကလို မကောင်းတော့ဘူး ပဲတွေ၊ ဘာတွေဆိုရင်လည်း ဆေးက မတရားဖိရတယ်။ ဆေးဖိမှ ပဲကထတော့မှာ။ ဆေးမဖိရင် မစားရတော့ဘူး၊ မထဘူး။ ကျွန်တော်ဆိုရင် ဒါသုံးကြိမ်လိပ် ( သုံးကြိမ်ဆေးဖျန်း) ထိဖြစ်သွားပြီ။ ရေမလျှံတာ သုံး၊ လေးနှစ် လောက်ရှိပြီ။ ဟိုမှာဆည်ရှိတော့ ရေကမလျှံတော့ဘူး။ ဆည်ကရေကို တောင့်ထားတာ”

ဦးစံသိန်းဟာ အရင်က ဖရဲနဲ့ တခြားသီးနှံတွေ စိုက်ခဲ့ပေမယ့် အရှုံးပေါ်လို့ အခုတော့ ဈေးကွက်ရှိတဲ့ ပဲတီစိမ်းကိုပဲ စိုက်တော့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းခဲ့တုန်းက ဖရဲစိုက်တောင်သူတွေ အကျိုး အမြတ် ရခဲ့ကြပါတယ်။ အဲဒီနောက် အပြိုင်အဆိုင်စိုက်ပျိုးရာကနေ ဈေးကွက်ပျက်ပြီး သိန်းပေါင်းများစွာ အရှုံးပေါ်တဲ့သူတွေလည်း မနည်းဘူးလို့ ပြောကြပါတယ်။

ဒီလို ခက်ခဲနေတဲ့ ကာလမှာ လက်လုပ်လက်စားတွေအနေနဲ့လည်း တစ်ရက်တာဝင်ငွေရဖို့ ပိုခက်ခဲလာကြပါတယ်။

“နေ့စားလာခေါ်တယ်ဆိုတာ ကံကောင်းလို့ ကိုယ့်ကို လာခေါ်တာ။ မဟုတ်ဆိုရင် အလုပ်က မရှိဘူး။ ခေါ်မယ့်သူမရှိရင် အလုပ်မရှိဘူးပဲ။ ခေါ်မယ့်သူရှိရင် အလုပ်ရှိတယ်။ သွားလုပ်ပေးလိုက်တယ်။ အလုပ်သမားတွေဆီက ပြန်လာရင်လည်း အားတဲ့အချိန်လည်း ဒီအလုပ်လေးကို ဆင်းလုပ်တာလေ။ အလုပ်ကလည်း ပုံမှန်မရှိဘူး။ ပုံမှန်မရှိတော့ ဒီချောင်းထဲမှာ ဒီကျောက်လေးပဲ ချစားတယ်”

အသက် ငါးဆယ်အရွယ် ဒေါ်နီလာဝင်း ပြောပြတာပါ။ သူက တောင်ယာတွေမှာ နေ့စားအလုပ်လုပ် ရပါတယ်။ ဒါပေမဲ့ သူတို့လို လုပ်သားတွေကို တောင်ယာအလုပ်မရှိတဲ့ အချိန်ဆို ချောင်းရေထဲ တနေကုန်နေပြီး ကျောက်စရစ်ကျင်တဲ့ အလုပ်လုပ်ကြရပါတယ်။

တောင်ယာခင်းလုပ်ရင် တစ်ရက်ကို (ကျပ်) ခုနစ်ထောင်ရပြီး ချောင်းထဲမှာ ကျောက်စရစ်ခဲကျင်တာက တစ်နေကုန်ဆိုရင် (ကျပ်) ကိုးထောင်လောက်ရတယ်လို့ ပြောပါတယ်။

အခုဆို လယ်တွေမှာ သီးနှံစိုက်ပျိုးတာ အရင်နှစ်တွေထက် နည်းသွားတဲ့အပြင် လုပ်ငန်းတွေမှာ စက်တွေကို အစားထိုးသုံးလာတာကြောင့် လူတွေအတွက် အလုပ်ရှားလာတယ်လို့ ပြောပါတယ်။

ညောင်လေးပင်မြို့နယ်မှ ကိုင်းစိုက်တောင်သူ တစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ တွေ့ရစဉ်။ (Photo : RFA)

အဲဒီ ဒေသထွက်ကုန်တွေမှာလဲ အရင်က ပြည်ပပို့ရတဲ့ကုန်နဲ့ ပြည်တွင်းစျေးကွက် ဖြန့်တဲ့ကုန်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အခုတော့ ပြည်ပပို့ရတာ မရှိသလောက်ဖြစ်နေတယ်လို့ ဘိုင်းဒါးအခြေစိုက် ပွဲရုံလုပ်ငန်းရှင် ကိုစိုးမင်းက ပြောပါတယ်။

“ဘိုင်းဒါးထွက်သီးနှံကတော့ အခု ကျွန်တော် ပြောသလိုပေါ့ ပဲခူး၊ ရန်ကုန် အဓိကပဲ။ ဟိုဘက်ဆိုရင် တောင်ငူ၊ ဟိုဘက်ဆိုရင် မော်လမြိုင်၊ ကျိုက်ထိုပေါ့။ ဘာတွေထွက်မလဲ ဂေါ်ဖီ၊ ပန်း၊ ပြောင်း၊ ဖရဲ၊ ခရမ်းချဉ်၊ ငရုတ်၊ သီးနှံစုံပဲ။ ရင်းနှီးမြှုပ်နှံမှု တတ်နိုင်သူကတော့ စိုက်တာပဲ။ မတတ်နိုင်တဲ့သူကတော့ လျှော့လိုက်တယ်။ အဲသဘောပဲ။ အခြေအနေကတော့ နည်းနည်းလေး ဆုတ်တာပေါ့။ ကိုယ့်မိဘတွေ လက်ထက်နဲ့စာရင် နည်းနည်းဆုတ်တယ် ခေါ်တာပေါ့။ အစကဆိုရင် ကျွန်တော်တို့ ဒေသက ထွက်တဲ့ပြောင်းက နေရာဒေသတိုင်းရောက်တယ်”

တောင်သူတစ်ယောက်ဖြစ်တဲ့ ကိုဆန်းဝင်းအောင်ကလည်း စိုက်ပျိုးရေးလုပ်လို့ အရင်က စီးပွားဖြစ်ခဲ့ပေမယ့် အခုတော့ မတတ်သာလို့ အားတင်းပြီး ဆက်လုပ်နေရတယ်လို့ ပြောပါတယ်။

“အကျိုးအမြတ်ကတော့ ဒီလိုပဲ လုံးလည်ချာလည် ပတ်လည်နဲ့ပဲ ပြီးသွားတာပါပဲ။ ဘိုးဘွားပိုင်ပစ္စည်း၊ မိဘပိုင်ပစ္စည်းမို့လို့ ရှေ့ဆက်တာပေါ့လေ။ ဒါပေမဲ့ ရှေ့ဆက်ပေမယ့်လည်း မိသားစု စားဝတ်နေရေးနဲ့ ကုန်ဈေးနှုန်းတွေနဲ့ မကိုက်ဘူးပေါ့။ မကိုက်ပေမယ့်လည်း ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့အတွက် ဒါလေးစိုက်မှ ဒါလေးစားရမယ့် အနေအထားမျိုးဖြစ်တဲ့အတွက် ရှေ့ဆက်နေရတဲ့ အနေအထားပါပဲ”

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org