အစ္စလာမ်ဘာသာဝင် ဖြစ်ပေမယ့် နိုင်ငံရေးကိုပဲလုပ်မယ်ဆိုတဲ့ NLD အမတ်လောင်း
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးတော်ပုံမှာ ကျောင်းသားခေါင်းဆောင်အဖြစ် ပါဝင်သလို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ဦးစည်သူမောင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
-
ကျော်လွင်ဦး
2020-09-25 -
-
-
၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးတော်ပုံမှာ သံဃာတော်တွေ လှုပ်ရှားမှုတွေနဲ့အတူ ကျောင်းသား လှုပ်ရှားမှုတွေနဲ့ ဦးစည်သူမောင်ဟာ လူသိများခဲ့ပါတယ်။ ဘာသာရေး၊ အမျိုးသားရေး လှုပ်ရှားမှုတွေအားကောင်းတဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ အစ္စလာမ်ဘာသာဝင် ဦးစည်သူမောင်ဟာ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ခွင့် မရခဲ့ပါဘူး။ အမတ်လောင်း ဦးစည်သူမောင်က ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ လူနည်းစုများရဲ့ အခွင့်အရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
“ ၂၀၁၅ ခုနှစ်က ကျနော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်စဉ်ကာလမှာ အရမ်းထိုးနှက်တိုက်ခိုက်မှုတွေ များပါတယ်၊ များတယ်ဆိုတာက အဓိကတော့ အစ္စလာမ်ဘာသာဝင်ဖြစ်နေတဲ့အတွက်ကြောင့် ကုလား တစ်ယောက် ပါတီကနေရာပေးတော့မယ်၊ ပါဝင်လာပြီ အမျိုးဘာသာ သာသာနာအတွက် ရတတ်မအေး ဖြစ်ရတယ်ဆိုတဲ့ ထိုးနှက်တိုက်ခိုက်မှုနဲ့ ၉၆၉ မဘသလှုပ်ရှားမှုက အင်မတန်အားကောင်းတဲ့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က ကျနော်ကိုပြောပါတယ်၊ စည်သူမောင် သားအနေနဲ့ ဒီထိုးနှက်တိုက်ခိုက်မှုတွေ အပေါ်မှာ လုံးဝစိတ်ဓာတ်မကျဖို့ပြောပါတယ်၊နောက်တခုက သားအနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကိုပဲ တာဝန်ယူရမယ်၊ လုပ်ရမယ်ဆိုတာမှာကြားပါတယ်၊ အဲအတိုင်းပဲ ကျနော် ၂၀၁၅ ခုနှစ်မှာ အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ် လှိုင်မြို့နယ်ရော စမ်းချောင်းမြို့နယ်ရော မဲစာရင်းစစ်ဆေးရေးကိစ္စတွေ၊ မဲစာရင်းမှန်ကန်ရေး ကိစ္စတွေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကမ်ပိန်းတွေမှာ ကျနော်ပါဝင်ခဲ့ပါတယ်”
ဦးစည်သူမောင်လိုပဲ NLD ပါတီမှာ ၁၉၈၈ ခုနှစ်ကတည်း တောက်လျှောက်ပါဝင်ခဲ့တဲ့ နိုင်ငံရေး အစဉ်အလာ ကောင်းတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့် မရခဲ့ပါဘူး။ အစ္စလာမ်ဘာသာဝင်တချို့ကတော့ NLD ပါတီဟာ လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံတာပဲလို့ ဝေဖန်ခဲ့ကြတာပါ။ အခုအခါ အသက် ၃၃ နှစ် ရှိပြီ ဖြစ်တဲ့ ဦးစည်သူမောင်ကတော့ ပါတီက အခြေအနေ အရပ်ရပ်ကြောင့်သာ သင့်တော်သလို ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။
“ ၂၀၁၅ ကာလမှာ အကြောင်းကြောင်းကြောင့် အစ္စလာမ်ဘာသာဝင်ပေါ့နော်၊ ပါတီထဲမှာ ဖြတ်သန်းမှုရှိခဲ့တဲ့ အစ္စလာမ်ဘာသာဝင်အမြောက်အများရှိပါတယ်၊ ဒါကိုလည်း ပါတီတာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြား ပါတယ်၊ သူတို့ဝမ်းနည်းစွာနဲ့ ဖယ်ခဲ့ရတယ်ဆိုတာကို ဘာကြောင့်လည်းဆိုတော့ ဒါဟာ ချောမွေတဲ့အသွင် ကူးပြောင်းရေးကာလာဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးကို တည်ဆောက်ပြီးတော့ တရားဥပဒေစိုးမိုးရေးကို သွားချင်တဲ့အတွက်ကြောင့်လို့ ကျနော်နားလည်ပါတယ်၊ ပါတီတစ်ရပ်က ဘာသာမတူ၊ လူမျိုးမတူတဲ့သူတွေကို ခွဲခြားဆက်ဆံတယ်ဆိုတာဟာ ရွေးကောက်ပွဲကာလ တဖြတ်ထဲကိုကြည့်ပြီးတော့ အကဲမဖြတ်သင့်ပါဘူး၊ အစိုးရတရပ်ဆိုတာက သူရဲ့ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကို ချိန်ဆပြီးတော့မှ ရှေ့အနာဂတ်အတွက် ပြင့်ဆင်လေ့ရှိပါတယ်၊ အဲလိုပဲ ကျနော်နားလည်ထားပါတယ်”
ရန်ကုန်၊ လှိုင်မြို့နယ်သား ဦးစည်သူမောင်ဟာ NLD ပါတီဝင်မိသားစုက မွေးဖွားခဲ့သူ ဖြစ်သလို ၂၀၀၆ ခုနှစ်မှာ မြို့နယ်လူငယ်တာဝန်ခံအဖြစ် ပါတီတာဝန်ယူခဲ့သူပါ။ တချိန်တည်းမှာ ဦးစည်သူမောင်ဟာ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ စတင်ပါဝင်ခဲ့သလို့ ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေး ကော်မတီအမည်နဲ့ ကိုဒီငြိမ်းလင်းနဲ့ အတူ တက္ကသိုလ်နယ်မြေမှာ လှုပ်ရှားခဲ့ပါတယ်။
၂၀၀၇ ခုနှစ် သြဂုတ်လမှာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ရဲ့ ဗဟိုစည်းရုံးရေးကော်မတီမှာ တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
ရွှေဝါရောင်တော်လှန်ရေးမှာ ဗကသ ကျောင်းသားခေါင်းဆောင်အဖြစ်နဲ့ သံဃာ့ လှုပ်ရှားမှုတွေမှာ ဦးဆောင် ပါဝင်ခဲ့ပြီး ၄ နှစ်ကျော် အထိန်းသိမ်းခံခဲ့ရပါတယ်။ ပြန်လည် လွတ်မြောက်လာပြီးနောက် တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂ ပေါ်ပေါက်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ ဦးစည်သူမောင်က ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေကနေ ဦးစည်သူမောင် ဝင်ရောက်ယှဉ်ပြိုင်ဖို့ NLD ပါတီကနေ တာဝန်ပေးခဲ့ပါတယ်။
မိခင်ပါတီက ပန်းဘဲတန်းလူထု ထောက်ခံမှုများပြားတဲ့ NLD ဖြစ်နေတာဟာ ရွေးကောက်ပွဲမှာ မဲများများ ရနိုင်စေတဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။ ပန်းဘဲတန်းဟာ မွတ်ဆလင် အများအပြား နေထိုင်တဲ့ မြို့နယ်ဖြစ်တာကလည်း နောက်ထပ် အားသာချက်တစ်ခုပါပဲ။
အမတ်လောင်း ဦးစည်သူမောင်ကတော့ ဘာသာရေးမဖက်ဘဲ အားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံရေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
“ပန်းဘဲတန်းသည် ခေတ်အဆက်ဆက် လူထုလှုပ်ရှားမှုရဲ့ အထိအတွေ့အရှိဆုံးနေရာဖြစ်တယ်၊ ပန်းဘဲတန်း လူထုဟာ ခေတ်အဆက်ဆက်လူထုလှုပ်ရှားမှုတွေမှာ အမြဲတမ်း ကူညီဝန်းရံပေးခဲ့သူတွေ ဖြစ်တယ်။ ကျနော်တို့နဲ့အတူ အမြဲတမ်းအကာအကွယ်ပေးပြီးတော့ နွေးထွေးစွာနဲ့ပဲ လုံခြုံမှုပေးတဲ့သူ ကူညီမှုပေးတဲ့ သူတွေဖြစ်တယ်။ ဒီလူတွေရဲ့ နိုင်ငံရေးရေချိန် မနိမ့်ဘူးလို့ ကျနော်ယုံကြည်တယ်။ ဒီလူတွေကို အလုပ်အကျွေး ပြန်ပြုဖို့ ပါတီက ကျနော့်ကို တာဝန်ချပေးတယ်လို့ ကျနော်နားလည်ပါတယ်။ ကျနော်တို့နိုင်ငံရေးဘဝထဲကို ဘာသာရေးကို ဆွဲခေါ်လေ့မရှိပါဘူး။ ဘာသာတရားဆိုတာက လူတစ်ဦးချင်းရဲ့ တသီးပုဂ္ဂလဘဝထဲက ရွေးချယ်မှုတခုပဲဖြစ်ပါတယ်၊ ဘာသာရေးမဖက်တဲ့ နိုင်ငံရေးကိုဘဲ ဆက်ပြီးတော့သွားဖို့ ကျနော် ရည်မှန်း ထားပါတယ်”
အစ္စလာမ်ဘာသာဝင်တွေ၊ လူနည်းစုတွေ ရင်ဆိုင်နေရတဲ့ မှတ်ပုံတင်ကိစ္စ၊ ခွဲခြားဆက်ဆံခံရတဲ့ကိစ္စတွေ အပါအဝင် အများအတွက် အနှောင့်အယှက် ဖြစ်နေတဲ့ ဥပဒေတွေ ပြောင်းလဲရေးကို လွှတ်တော်ကနေ လုပ်ဆောင်သွားမယ် လို့လည်း ဦးစည်သူမောင်က ပြောပါတယ်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေနဲ့အညီ ကျနော်ဟာ လူနည်းစု၊ ဖိနှိပ်ခံခဲ့ရတဲ့သူတွေ နောက်ပြီးတော့ လူများစု၊ လူနည်းစု၊ ဘာသာပေါင်းစုံ အားလုံးအတွက် ကျနော်တို့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အဓိကတော့ ကျနော်တို့နိုင်ငံရေးဟာ အားလုံးသောလူတွေကို လွှမ်းခြုံကိုယ်စားပြုမယ့် နိုင်ငံရေးအဖြစ်ပဲ ဆောင်ရွက်သွားမှာပါ”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်မှာ လူနည်းစုတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ချက်တွေ အားနည်းကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ လူနည်းစု အခွင့်အရေးကို ကာကွယ်ပေးဖို့ အားနည်းတယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။
ဦးစည်သူမောင်ကတော့ NLD အစိုးရလက်ထက်မှာ အစွန်းရောက်လှုပ်ရှားမှုတွေ လျော့နည်းသွားတယ်လို့ ထောက်ပြပါတယ်။
“လူနည်းစုတွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ဟာ ခေတ်အဆက်ဆက်မှာ ခွဲခြားဆက်ဆံခံရတာတွေ ရှိတယ်၊ ဖိနှိပ်ခံရတာတွေရှိတယ်။ ဒါတွေကတော့ ခေတ်အဆက်ဆက်မှာရှိခဲ့တယ် ဒီဘက်ပိုင်းမှာ နည်းသွား သလား များသွားသလားဆိုတာက ဒါဟာလက်တွေ့ရလဒ်တွေပေါ် မူတည်ပါတယ်။ ၂၀၁၅ကနေ ၂၀၂၀ ကာလအတွင်းမှာ အထိကရုန်းတွေလျော့ပါးသွားတာရှိတယ်၊ အစွန်းရောက်လှုပ်ရှားမှုတွေကို ဦးဆောင်တဲ့ လူတွေကို ထောင်သွင်းအကျဉ်းချတာတွေ လက်တွေ့မြင်ရပါတယ်။ ဗလီတွေကို မီးရှိုခဲ့တာမျိုးတွေ အခြား သာသနိက အဆောက်အအုံတွေ ဖျက်စီးခံရတာတွေ အလွန်အင်မတန် နည်းသွားတဲ့ကာလဖြစ်ပါတယ်။ ဒီဘက်သက်တမ်းမှာ ဒါဟာ ငြင်းလို့မရတဲ့အချက် ဖြစ်ပါတယ်”
ဦးစည်သူမောင်ရဲ့ ပြိုင်ဘက်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဗကသအဖွဲ့ဝင်ဟောင်း၊ လူနည်းစုအရေး တက်ကြွလှုပ်ရှားသူ မအိသဉ္ဇာမောင်က လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ အမတ်လောင်း ဖြစ်ပါတယ်။ ဦးစည်သူမောင်ကတော့ သူ့အနေနဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် အရွေးချယ်မခံရရင်လည်း လူနည်းစုအရေးနဲ့ အရပ်ဖက်အဖွဲ့အစည်း လှုပ်ရှားမှုတွေမှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
“အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကျနော်ပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်။ လက်ရှိ ကျနော် အလုပ်အကိုင်က သင်တန်းနည်းပြဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာလည်း အရှို ချင်းတိုင်းရင်းသားလို ဟာမျိူးတွေ၊ ဗမာပြည်မများတဲ့ ဗမာလူမျိုးတွေကော နောက်ပြီးတော့ တခြားလူနည်းစု အုပ်စုတွေ ပေါ်မှာလည်း ပစ်မှတ်ထားတဲ့သင်တန်းတွေကိုလည်း ကျနော်ဆောင်ရွက်နေပါတယ်။ နောက်ပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ဆောင်ရွက်နေတဲ့ကိစ္စတွေလည်း ရှိပါတယ်။ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရသည်ဖြစ်စေ ရွေးချယ်မခံရသည်ဖြစ်စေ ကျနော့်ရဲ့ နိုင်ငံရေးကတော့ တနည်းနည်းနဲ့တော့ ဆက်ပြီးတော့ ရှင်သန်နေဦးမယ်လို့ ယုံကြည်ပါတယ်။ အဲအတွက်လည်း ပြင်ဆင်ထားပါတယ်”
ဦးစည်သူမောင်ဟာ လာမယ့် ရွေးကောက်ပွဲအတွက် အွန်လိုင်းကနေ မဲဆွယ်စည်းရုံးမှုတွေ စတင်ဆောင်ရွက် နေသလို ကပ်ဘေးကာလမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် လုပ်ဆောင်ဖို့၊ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာအောင် နေထိုင်ကြဖို့ တိုက်တွန်းနေတာ တွေ့ရပါတယ်။