ငွေလိမ်ဂိုဏ်းတွေပပျောက်ရေး တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း BGF ပြော
မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်အတွင်း ကျားဖြန့် ခေါ် ငွေလိမ်လုပ်ငန်းတွေ ပပျောက်ရေးအတွက် တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
-
ခင်ခင်အိ (ဝါရှင်တန်ဒီစီ)
2024-05-13 -
-
-
မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်အတွင်း ကျားဖြန့် ခေါ် ငွေလိမ်လုပ်ငန်းတွေ ပပျောက်ရေးအတွက် တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး သတ်မှတ်ထားတဲ့ အောက်တိုဘာလကုန်မှာ ဒီနိုင်ငံခြားသားတွေ အပြီးထွက်ခွာအောင် လုပ်ဆောင်မယ်လို့ ကရင်နယ်ခြားစောင့်တပ် BGF ပြောခွင့်ရသူ ဗိုလ်မှူးနိုင်မောင်ဇော်က RFA ကို ပြောပါတယ်။ ဒီငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေအားလုံး ပြန်လည်ထွက်ခွာဖို့ BGF က ပြီးခဲ့တဲ့ သီတင်းပတ်က သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် နေ့စဉ်ပြန်လည်ထွက်ခွာသူတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဗိုလ်မှူးနိုင်မောင်ဇော်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
________________
RFA : ဗိုလ်မှူးတို့ နယ်ခြားစောင့်တပ် BGF က မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်တွင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို ခြောက်လအတွင်း ထွက်ခွာရမယ်ဆိုပြီး သတိပေးစာထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဘယ်လိုအခြေအနေတွေကြောင့်ပါလဲ။
■ အဲဒါကတော့ ကျွန်တော်တို့ ခုတလောလူပြောများနေတဲ့ ကျားဖြန့်ကိစ္စပေါ့၊ ဒီကျားဖြန့် ကိစ္စကို ကျွန်တော်တို့ တဖြည်းဖြည်းရှင်းလင်းချင်တာ ပါတာပေါ့နော်။ ပြန်ထွက်သွားပြီဆိုရင် ဒီအလုပ်လုပ်တဲ့သူမရှိတော့ဘူးဆိုရင် ဒီကိစ္စကလဲ ကွယ်ပျောက်သွားမှာပေါ့နော်။ ကျားဖြန့်လုပ်ငန်းကတော့ ကျွန်တော်တို့နေရာတစ်ခုတည်း မီးမောင်းထိုးပြမယ်ဆိုရင်တော့ ကျွန်တော်တို့ နေရာတစ်ခုထဲ ဆိုးရွားတယ်လို့ ယူဆရတာပေါ့။ အားလုံးရဲ့အမြင်က ဒီအပေါ်ပဲ ရှိတာကိုး။ ဒီနေရာတစ်ကွက်တည်း မြင်တာကိုး။ အမှန်တကယ်က ကျွန်တော်တို့ နိုင်ငံနေရာတော်တော်များများမှာလည်း ရှိကောင်းရှိတယ်။ ဒီကိစ္စက ဟိုးလွန်လေပြီးသောအခါထဲက ကျွန်တော်တို့မြန်မာနိုင်ငံရော နိုင်ငံတကာမှာရော အများကြီးအမြစ်တွယ်နေတဲ့ အရာတစ်ခုပဲလေ။ ကျွန်တော်တို့နေရာက နောက်ဆုံးမှ ပေါ်ပေါက်လာတဲ့နေရာလို့ ပြောလို့ရတယ်ပေါ့နော်။ ဒါပေမဲ့ နိုင်ငံရေးအရ ထိုးနှက်မှုတွေရှိတဲ့အခါကျတော့ အများကြီးလက်ညှိုးဝိုင်းထိုးကြတော့ ဒါကို လည်စင်းခံနေရတဲ့သဘောပေါ့။
RFA: ဗိုလ်မှူးတို့ စာထုတ်လိုက်ပြီးနောက် နိုင်ငံခြားသားတွေ ပြန်သွားကြတာတွေရှိပါသလား။
■ ရှိပါတယ် ရှိတယ်၊ ထွက်ခွာသွားကြတာတွေရှိတယ်၊ သူတို့လမ်းကြောင်းနဲ့လာတဲ့သူတွေက တိတ်တိတ်ဆိတ်ဆိတ် ပြန်ထွက်နေကြတာပေါ့နော်
RFA: ပြန်သွားတဲ့သူတွေ ဘယ်လောက်လောက်ရှိပါပြီလဲ။
■ အဲဒါတော့ သက်ဆိုင်ရာကုမ္ပဏီကြီးတွေကို ပြန်ပြီးတော့ ကွပ်ကဲတဲ့ နေရာမှာ စာရင်းရှိလိမ့်မယ်။ ကျွန်တော်က အဲဒီအလုပ်တွေနဲ့ နည်းနည်းဝေးတယ်။ ကျွန်တော်သိတဲ့ အပိုင်းလေးတွေ ဖြေပေးတာပေါ့နော်။
RFA: ဗိုလ်မှူးတို့က သူတို့ကို ခြောက်လ အချိန်ပေးတာကရော ဘာကြောင့်ပါလဲ။
■ ကျွန်တော်တွေ့လိုက်တယ်။ သတင်းစာမျက်နှာတော်တော်များများပေါ်မှာလဲ ဝေဖန်မှုတွေ တွေ့လိုက်တယ်။ ဒါက လုပ်ဇာတ်ခင်းတာပေါ့၊ ဒါပေမယ့် ကျွန်တော်တို့က လူမှုရေးအရကြည့်ရမယ်။ ကျွန်တော်တို့ ဒီကုမ္ပဏီတွေကိုခေါ်ပြီးတော့ သူတို့နဲ့ ဆွေးနွေးညှိနှိုင်းတဲ့အခါမှာလဲ ပြန်ရမယ်။ တရားဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ဒီနေရာနေ ထွက်ခွာရမယ်၊ မထွက်ခွာရင် အရေးယူမယ်ဆိုတာလဲ သူတို့ကို ပြောထားပြီးသားဖြစ်တဲ့အတွက် လူတစ်ယောက်က ဒီနေ့လာ ဒီနေ့ပြန်သွားဖို့ဆိုတာကလည်း သူတို့မှာလည်း သူတို့ပစ္စည်းပစ္စယတွေ ပြန်သိမ်းရမှာလည်းရှိတာပေါ့နော် ဒါလေးတွေ ကျွန်တော်တို့ ထည့်စဉ်းစားပေးရတာပေါ့။
RFA: နိုင်ငံခြားသား ဘယ်လောက်ရှိနေပါလဲ။
■ အဲဒါလဲ ပြောဖို့ခက်တယ်။ ကျွန်တော်က တိတိကျကျဖြေချင်တာလေ။ လောလောဆယ်တော့ ထောင်ဂဏန်းလောက်တော့ ရှိတယ်။
RFA: ဒီနိုင်ငံခြားသားတွေက ဘယ်အချိန်ကတည်းက ရောက်နေတာလဲ။
■ မကြာသေးဘူးလို့ ပြောရမှာပဲ။ အရမ်းမကြာသေးဘူး။ ဒီမြဝတီဘက်ခြမ်းဆိုတာက မြန်မာနိုင်ငံမှာ လက်ရှိကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်ရင် အသက်အနုဆုံးအလုပ်လို့ ပြောရမှာပေါ့နော်။
RFA: ဒီနိုင်ငံခြားသားတွေဝင်လာတုန်းက ဗိုလ်မှူးတို့ တားဆီးတာတွေရှိခဲ့ပါလား။
■ ကျွန်တော်တစ်ခုပြောမယ်။ ကျွန်တော်တို့ ဒီကျားဖြန့်လုပ်ငန်းဆိုတာက နောက်ပိုင်းသူများတွေ အော်လာတဲ့အချိန်ကျမှ ကျွန်တော်တို့ သတိထားမိတာ။ ကျွန်တော်တို့က အဓိက မြေငှားပဲ။ ကျွန်တော်တို့ ရည်ရွယ်ချက်က ရိုးရိုးလေး။ ကျွန်တော်တို့က ဒီဥစ္စာကို သိလို့ လက်ခံတာမဟုတ်ဘူး။ ကျွန်တော်တို့က မြို့သစ်စီမံကိန်းလုပ်မယ် ဒေသကို ဖွံ့ဖြိုးအောင်လုပ်မယ် ပြည်သူလူထုကို အလုပ်အကိုင်အခွင့်အလမ်း အများကြီးရအောင်လုပ်ပေးမယ်ဆိုပြီး စတင်အကောင်အထည်ဖော်လာတာ။ နောက်ပိုင်းမှ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာမှ နောက်ပိုင်းမှာပိုသတိထားမိလာတာ။ အရင်ကတည်းက ကျွန်တော်တို့ ဒီကိစ္စကို ကန့်သတ်ချက်တွေရှိတယ်။ ကျွန်တော်တို့မှာ စာချုပ်တွေရှိတယ် ကျွန်တော်တို့ ဘယ်အချိန်ကာလက ဒီအချက်တွေ ကန့်သတ်ချက်တွေ စာချုပ်ထဲမှာချုပ်ထားတယ်ဆိုတာလည်း ကျွန်တော်တို့ ချပြပြီးသား
RFA: ဗိုလ်မှူးတို့က အခု ခြောက်လအချိန်ပေးထားတယ်။ ဒီကာလအတွင်းသူတို့က လုပ်ငန်းတွေဆက်လည်ပတ်နေဦးမှာဆိုတော့ ဒါတွေကို ဘယ်လိုကိုင်တွယ်ဆောင်ရွက်သွားဖို့ ရှိပါသလဲ။
■ ကျွန်တော်တို့က စကြေညာပြီဆိုတည်းက ဒီလုပ်ငန်းတွေ ရုပ်သိမ်းရေးကို ကြီးကြပ်စစ်ဆေးတဲ့ အဖွဲ့ရှိတယ်။ သူတို့က လိုက်လုပ်နေပြီပေါ့။ အဓိကက နေရာတစ်ခုက ထောင်ဂဏန်းရှိတဲ့ လူတွေ ရုတ်တရက်ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ ထိုင်းဘက်က ဝင်လာတာရှိတယ်။ ကမ္ဘောဒီးယားဘက်ကလာတာ ရှိတယ်။ အဲဒီ သူ့အသုတ်နဲ့သူ ပြန်ဖို့ဆိုတာ အချိန်တစ်ခု သွားရတာရှိတယ်၊ ကျွန်တော်တို့က လုပ်ငန်းလည်ပတ်ဖို့ အချိန်ဆက်ပေးထားတာမဟုတ်ဘူး။ သူတို့ပြန်လည်ထွက်ခွာဖို့ ပစ္စည်းတွေ ရုပ်သိမ်းရမယ်။ သူတို့က ရာဂဏန်းနဲ့သွားလို့မရဘူး။ သူတို့ကလာရင် နှစ်ယောက် သုံးယောက် အဲဒီလိုနဲ့များလာတာ။ ကျွန်တော်တို့က နည်းနည်းချင်း ပြန်ထွက်ပြီးမှ အချိန်ကာလတစ်ခုမှာ ကုန်သွားအောင် အဲဒီလိုလုပ်ထားတာပါ။
RFA: အမေရိကန်၊ ထိုင်းနဲ့ တရုတ်အစိုးရတို့က ဒီအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ကြိုးပမ်းနေတာတွေလဲရှိနေတယ်။ ဗိုလ်မှူးတို့အနေနဲ့ ဒီနိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတာတွေရှိပါသလား။
■ ကျွန်တော်တို့က အရင်ကတည်းက တရုတ်သံရုံးနဲ့ တောက်လျှောက်အဆက်သွယ်ရှိပြီး တောင်လျှောက်လုပ်နေတာတွေရှိပါတယ်။ အခု တရုတ်နိုင်ငံသတင်းဌာနမှာလည်း ပြောလာတာတွေ ရှိလာပြီလေ။ ကျွန်တော်တို့မှာ အရင့်အရင်ထဲက နိုင်ငံခြားသားပြန်အပ်တာလေ။ တရုတ်တို့ ထိုင်းတို့ အမေရိကတို့ အဲဒီလို လာသမျှ ကျွန်တော်တို့ဆီကို သံရုံးအသီးသီးက စာတွေ လာတာရှိတယ်။ ဒီလူဒီလူတွေ သူတို့ကိုပြန်အပ်ပေးပါဆိုတော့ ကျွန်တော်တို့က အဲဒီတရုတ်သံရုံးက လာသမျှစာနဲ့ပတ်သက်ပြီး လိုက်ရှာပေးတာ။ သူတို့ နေရာပါပေးတာ ကျွန်တော်တို့ လိုက်ရှာပြီး အရင်ထဲက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတဆင့် သက်ဆိုင်ရာကို ပြန်အပ်ပေးတာတွေအများကြီးရှိတယ်။ ကျွန်တော်တို့ ဒီကိစ္စကို နိုင်ငံတကာနဲ့ရော ပူးပေါင်းပြီး ပြည်သူတွေမထိခိုက်အောင် ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။