စစ်သုံ့ပန်းအရေး မိသားစုတွေ မစိုးရိမ်ဖို့ ကေအိုင်အေ ပြော
မံစီမြို့နယ် မန်ဝိန်းကြီးရွာအနီးက စစ်ကောင်စီတပ်စခန်းကို KIA က ဇန်နဝါရီလ ၂၁ ရက်နေ့က တိုက်ခိုက်ခဲ့ရာမှာ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် စစ်ကောင်စီ တပ်သား သုံးဆယ်ကျော်လည်း ဖမ်းဆီးရမိခဲ့ပါတယ်။
-
RFA Burmese
2024-01-30 -
-
-
ကချင်ပြည်နယ်၊ မံစီမြို့နယ် မန်ဝိန်းကြီးရွာအနီးက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ဇန်နဝါရီလ ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် စစ်ကောင်စီ တပ်သား သုံးဆယ်ကျော်လည်း ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းသုံးဆယ်ကျော်ထဲမှာ ပါဝင်နေတဲ့ အသက် ၃၀ ကျော်အရွယ် အောက်ခြေတပ်သား တစ်ဦးရဲ့ မိသားစုဝင် မအေးအေး (အမည်လွှဲ) က သူတို့အနေနဲ့ စိုးရိမ်ပူပန်နေတဲ့အကြောင်း RFA ကို ပြောပါတယ်။
ရှေ့တန်းကနေ ပြန်လာဖို့ ရက်စေ့ခဲ့ပေမယ့် လူစားလဲဖို့ အခြေအနေမရှိတာကြောင့် အချိန်မီအိမ်ပြန်မရောက်ရာက နေ အခုလို စခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးခံလိုက်ရတာလို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်သုံ့ပန်း မိသားစုဝင်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်လို့ မိသားစုဝင်တစ်ဦးအနေနဲ့ ဘာများပြောချင်ပါသလဲ။
ဖြေ ။ ။ အမေက အသက်ကြီးပြီ ဆိုတော့ ကျွန်မနဲ့ပဲ အမြဲတမ်းအဆက်အသွယ်ရှိတယ်။ မောင်လေး ကပေါ့နော်။ ကျွန်မက ပိုခံစားရတယ်။ ကျွန်မအဲဒီအချိန်မှာ ဘာကိုတွေးမိလဲဆိုတော့ ကျွန်မမောင်လေးသည် ဆန္ဒမရှိဘဲ သူနေနေရတယ်။ ကျွန်မသည်လည်း ဒါကိုသိတယ်။ မောင်နှမနှစ်ယောက်စလုံးလည်း ဒါကို တိုင်ပင် ထားတယ်။ ဒါပေမဲ့ သူအဲဒီနေရာက ထွက်လာဖို့ အခက်အခဲရှိတဲ့အတွက်ပေါ့နော် ကျွန်မက သက်ဆိုင်ရာအဖွဲ့ တွေဆီ မပို့ပေးနိုင်ခဲ့တဲ့ အတွက် ငါအချိန်မီ ငါ့မောင်လေးကို မပို့ပေးလိုက်ရလေခြင်းဆိုပြီး ယူကျုံးမရဘူး။
မေး ။ ။ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့ ကေအိုင်အေ အဖွဲ့ကိုရော မိသားစုဝင်အနေနဲ့ ဘာပြောချင်လဲ။
ဖြေ ။ ။ သက်ဆိုင်ရာ ဖမ်းထားတဲ့ အဖွဲ့ကိုပြောချင်တာက တကယ်အောက်ခြေ စစ်သားတွေမှာ သူတို့ အနေနဲ့ နောက်ပိုင်းမှာ ကျန်နေခဲ့တဲ့ မိသားစုနဲ့ လူသားဒိုင်းတွေအတွက်ကြောင့် သူတို့ တပ်ထဲမှာ နေနေရတာ ရှိတယ်။ ပြီးရင် သူတို့ကိုခေါ်သွားတဲ့ နေရာမှာဆိုရင် သူတို့ရဲ့စခန်းကုန်းက နယ်မြေအနေအထားအရ တောင်ကုန်း ပေါ်မှာ ရှိနေပြီးတော့ ဘေးပတ်ပတ်လည်မှာ ရေချောင်းရှိတဲ့အတွက် သူသည် အလင်းဝင်မယ်ဆိုရင်တောင် အဲဒီနေရာကို ဖြတ်ကျော်ဖို့ မလွယ်ဘူးပေါ့နော်။ အဲဒီအခက်အခဲတွေကြောင့် အခုလို ပါသွားတဲ့အတွက်ကြောင့် တကယ်ပဲ အောက်ခြေမှာ အခက်အခဲရှိတာကို သက်ဆိုင်ရာအဖွဲ့အစည်းကိုလည်း သိစေချင်တယ်။ သူတို့အနေနဲ့ပေါ့နော် ခွင့်ပြုတယ်ဆိုရင် အိမ်ပြန်ပို့ပေးတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကလေးတွေကိုယ်တိုင်က ဆန္ဒရှိရင် သူတို့ဆီမှာပဲဖြစ်ဖြစ်၊ တာဝန်ထမ်းဆောင်ခွင့်ပေးတာမျိုးဖြစ်ဖြစ် အဲဒီလိုမျိုး တစ်ခုခုလုပ်ပေး စေချင်ပါတယ်။
မေး ။ ။ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမခံရခင် အဲဒီစစ်စခန်းမှာ ဘယ်လိုဖြတ်သန်းခဲ့ရလဲ။
ဖြေ ။ ။ သူအဖမ်းမခံရင် လွန်ခဲ့တဲ့ တစ်လလောက်မှာ သူကကျွန်မကို ပြောလာတယ်။ အစ်မ မောင်လေးကတော့ ဒီလိုဒီလိုပဲ။ မနေချင်တော့ဘူး။ သွားရေးလာရေးအရ သူတို့စခန်းကို သူများလာတိုက်မယ် ဆိုရင်လည်း နယ်မြေအနေအထားအရ ကြမ်းတယ်။ သူ့အနေနဲ့ ထွက်ပြေးမယ်ဆိုရင်လည်း ဟိုဘက်ကို ခိုလှုံ မယ်ဆိုရင်လည်း ထွက်ပြေးဖို့ခက်တယ်။ ကြားထဲမှာ အသက်သေဖို့က များတယ်ပေါ့နော်။ အဲဒါကြောင့် အစ်မ ကျွန်တော် ဒီတစ်ခေါက် ပြန်လာရရင်တော့ အစက သူက ၁၂ လပိုင်းမှာ ရှေ့တန်းကနေ ပြန်လာရမှာပါ။ အဲဒီအချိန်ကျရင် သူ့အနေနဲ့ ထွက်ပြေးဖို့အတွက် အစ်မရဲ့ သဘောဆန္ဒ၊ အမေ့ရဲ့ သဘောဆန္ဒ ဘယ်လို ရှိသလဲ မေးတယ်။ သူကတော့ ဒီလိုဖြစ်နေပြီဆိုတဲ့အကြောင်းကို ဖွင့်ပြောတယ်။ အဲဒီအချိန်မှာ အစ်မတို့ အားပေးတယ်။ အမေကလည်း အားပေးတယ်။ မောင်လေး ဒီလိုရွေးချယ်မယ့် လမ်းကြောင်းကို အားပေးတယ်။ အစ်မ သည် လည်း ပိုက်ဆံတတ်နိုင်သလောက် စုပေးထားမယ်။ အဲဒီတော့ မောင်လေးကို အစ်မစောင့်ပေးမယ်လို့ တိုင်ပင်ထားကြတာ။ ပြောလို့ရမယ်ဆိုရင် ကျွန်မအနေနဲ့လေ ရုတ်တရက်များ ကြုံကြိုက်ရမယ်ဆိုရင် ဘယ်သူ့ ကိုမှ မတိုင်ပင်ဘဲနဲ့ ဘယ်သူ့ကိုမှမပြောဘဲနဲ့ ကျွန်မလေ သေစေလောက်တဲ့ လက်နက်တစ်ခုနဲ့ အဲဒီအာဏာရှင်ကို သတ်ပစ်ချင်တယ်။ ကျွန်မစိတ်ထဲမှာ ခံစားရတာပေါ့။ ဘယ်သူ့ကိုမှလည်း အားမကိုးတော့ဘူး။ သူသေသွားမယ် ဆိုရင် တစ်ခုငြိမ်းသွားမယ်လို့ ကျွန်မစိတ်ထဲမှာ ခံစားရတယ်။
မေး ။ ။ စစ်ကောင်စီတပ်ထဲမှာ တပ်မိသားစုဝင်တွေရဲ့ အခြေအနေတွေက ဘယ်လိုရှိသလဲ ပြောပြပါ။
ဖြေ ။ ။ အခုနောက်ပိုင်းမှာဆိုရင် ကိုယ့်ရဲ့အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးပဲဖြစ်ဖြစ် ရှေ့တန်းပါသွားပြီ ဆိုရင် နောက်ကကျန်ခဲ့တဲ့ သူတွေက ဒါပြန်လာဖို့လမ်း သိပ်မရှိတော့ဘူး။ ကိုယ့်ဟာကို ဖြေနေကြရတာပေါ့နော်။ စစ်တပ်ထဲမှာဆိုရင် သူတို့မေးချင်တာတွေ မေးခွင့်မရဘူး။ တပ်ထဲမှာပဲ နေကြရတာဆိုတော့၊ ဖုန်းဆက်မယ် ဆိုလည်း လွတ်လွတ်လပ်လပ် မဆက်ရဲကြဘူး။ သတင်းတစ်ခုရခဲ့ရင်တောင် အပြင်ကို မပြောရဲကြဘူး။ တပ်ထဲ မှာ အဲဒီလိုအခက်အခဲတွေ ရှိတယ်။ သွားရတဲ့ လူတွေလည်း သူတို့ရဲ့နောက်က မိသားစုဝင်တွေကြောင့် မလုပ်ချင် ဘဲနဲ့ လုပ်ကြရတယ်ပေါ့။ အဲဒီအခြေအနေက သတင်းတွေမှာ ထုတ်ပြန်တာကို ကျွန်မကြားဖူးတယ်။ တွေ့ဖူး တယ်။ ဒါပေမဲ့ ဒါတွေကို တချို့ကောမန့်ရေးသူတွေက ဒါတွေကို ပြောမယ်ဆိုရင် မယုံဘူးဆိုတဲ့ ပုံစံရေးတာတွေ့ တယ်။ ဒါပေမဲ့ ဒါက တကယ်ဖြစ်ပျက်နေတာပဲ။ ကျွန်မတို့ တကယ်တွေ့ကြုံ ခံစားနေရတာပါ။ လူတွေ ဘယ်လောက်ပဲ သေသေ တပ်ထဲမှာ သူတို့ရဲ့ ဖွဲ့စည်းပုံက မပျက်သွားဘူး။ ဒီအတိုင်းပဲ ရှိနေတုန်းပဲ။
မန်ဝိန်းကြီး စစ်ကောင်စီတပ်စခန်းကနေ ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပန်းတစ်ဦးရဲ့ မိသားစုဝင် မအေးအေး ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။
အဲဒီစစ်သုံ့ပန်းတွေနဲ့ပတ်သက်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကို RFA က ဆက်လက်မေးမြန်းထားပါတယ်။
မေး ။ ။ ဗိုလ်မှူးကြီးရှင့်၊ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေ ကို သိမ်းဆည်းရာမှာ စစ်သုံ့ပန်း ဘယ်လောက် ဖမ်းမိထားပါသလဲ။
ဖြေ ။ ။ ကျွန်တော်တို့ သတင်းဌာနဘက်က စစ်သုံ့ပန်းတွေဖမ်းမိတဲ့ ဒေတာတွေအပြည့်အစုံမှ မရဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လည်း သတင်းမှာ အဲဒါမျိုးတွေမသုံးဘူး။ ဒါပေမဲ့ တစ်ခုရှိတာက အဲဒါက စစ်ရုံးချုပ်မှာပဲ ရှိမှာ၊ ပြည်သူ့ရင်ခွင် အဖွဲ့တွေမှာပဲ ရှိမှာပါ။
မေး ။ ။ ဗိုလ်မှူးကြီးတို့ဘက်က ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကို လောလောဆယ် ဘယ်လိုထိန်းသိမ်း ထားပါသလဲ။
ဖြေ ။ ။ အခုလောလောဆယ်ကတော့ သူတို့ကို တရားစီရင်တာတွေကတော့ မလုပ်ရသေးဘူး ထင်တယ်။ ပြည်သူ့ရင်ခွင်မှာ ကျွန်တော်တို့ မူရှိပါတယ်။ သူတို့ကို ကောင်းကောင်းမွန်မွန် ပေါ့နော်။ ကျန်းမာရေး တွေ၊ စားရေးသောက်ရေးတွေ၊ နေဖို့ထိုင်ဖို့တွေကအစ တာဝန်ယူပြီးမှ ကောင်းကောင်းမွန်မွန် ပြုစုထားတဲ့ မူရှိပါ တယ်။ အဲဒီအဆင့်ပဲ ရှိမယ်ထင်ပါတယ်။ သူတို့က သိပ်ပြီးမှ တရားစီရင်တာတွေ၊ ကွပ်မျက်တာတွေ လုပ်မှာ မဟုတ်ဘူး။
မေး ။ ။ စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားတာတွေနဲ့ ပတ်သက်လို့ ဘယ်လို မူဝါဒတွေရှိပါသလဲ။
ဖြေ ။ ။ အဲဒါကလည်း ကျွန်တော်တို့ မူတွေချမှတ်ထားတာ ရှိပါတယ်။ စစ်ဆေးပြီးမှ လွှတ်သင့်တဲ့ဟာ တွေကို ပြန်လွှတ်ပေါ့။ ထိန်းသိမ်းထားသင့်တဲ့ ဟာတွေကို ပြန်ပြီးမှ ထိန်းသိမ်းထားတာတွေ ရှိပါတယ်။ ကျွန်တော်တို့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားတာ ရှိပါတယ်။ ကျွန်တော်တို့ကတော့ သီးသန့်ထားတာ ပေါ့နော်။ တခြားသူတွေနဲ့ မပေါင်းဘဲ သီးသန့်ထားတာ။ သူ့ ကျန်းမာရေး ဂရုစိုက်ပေးတာ။ စားရေး သောက်ရေးတွေကို အဆင်ပြေအောင် ပြုစုပေးတာ။ နောက်ပိုင်းဆိုရင်တော့ စစ်ကြောရေးဝင်မယ်ဆိုရင်တော့ သူတို့က နိုင်ငံတကာစစ်သုံ့ပန်း ဥပဒေနဲ့အညီ ပြန်ပြီးမှ တာဝန်ယူတာ ဖြစ်ပါတယ်။ လောလောဆယ်တော့ သူတို့ကို သီးသန့်ထားတာ ရှိမှာပါ။ လောလောဆယ် ပြည်သူ့ရင်ခွင်စခန်းတွေ ရှိပါတယ်။ အဲဒီမှာ သူတို့ကို ပြုစုထားတဲ့ အဆင့်ပဲရှိမှာပါ။
မေး ။ ။ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေကို ဘာပြောချင်ပါသလဲ။
ဖြေ ။ ။ ကျွန်တော်တို့က ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကိုတော့ ဘာမှစစ်ကြောရေးမလုပ်ဘဲ သတ်ပစ် တာတော့မရှိပါဘူး။ နောက်မိသားစုများအနေနဲ့လည်း စိုးရိမ်စရာတော့ မလိုဘူးနော်။ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ကောင်းကောင်းမွန်မွန် ပြုစုထားတာ ဖြစ်ပါတယ်။ တစ်နေ့နေ့တစ်ချိန်ချိန် အခြေအနေကောင်းတဲ့ အချိန်မှာတော့ မိသားစုဝင်တွေနဲ့ ပြန်တွေ့ခွင့်တော့ ရမှာပါ။ တွေ့ဖို့ကလည်း အခြေအနေကတော့ ရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့် မိသားစုအနေနဲ့လည်း သိပ်ပြီးမှ စိုးရိမ်ပူပန်စရာ မလိုဘူးပေါ့နော်။ ကျွန်တော်က အဲဒီလို ပန်ကြားလိုပါတယ်။ ပြောကြားလိုပါတယ်။
မေး ။ ။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ပတ်သက်လို့ ဘာပြောစရာ ရှိမလဲ။
ဖြေ ။ ။ ကျွန်တော်တို့ ဗမာပြည် မြန်မာနိုင်ငံတစ်ခုလုံးမှာ တိုက်ပွဲကတော့ ပြင်းထန်နေတဲ့ အခြေအနေပဲ ဖြစ်နေတယ်။ နောက်တော့ ဒီစစ်အာဏာရှင် စနစ်ကိုချုပ်ငြိမ်းဖို့ ပြည်သူလူထုပါမကျန်ပေါ့ ကြိုးစားနေတဲ့ အချိန် လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် စစ်အာဏာရှင်စနစ်ကရှိနေတဲ့ မြန်မာ့တပ်မတော်ထဲမှာ နေရင်လည်း စိတ်ဒုက္ခတွေကတော့ ရောက်မှာပါ။ အခုလိုမျိုး တော်လှန်ရေးအဘက်ဘက်မှာ ပါသွားရင်တောင်မှ နည်းနည်းပိုပြီး သက်သာမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အများပိုင်းကတော့ အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်တော်လှန်ရေးဘက်မှာ အသွင်ပြောင်းပြီးတော့ နေတာကတော့ အားလုံးအတွက်လည်း အဆင်ပြေမယ်၊ ကိုယ့်အတွက်လည်း အဆင်ပြေမယ်လို့ ကျွန်တော်ကတော့ အဲဒီလိုပဲ အကြံပြုလိုပါတယ်။
ဒါကတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေနဲ့ပတ်သက်လို့ စစ်သုံ့ပန်း တစ်ဦးရဲ့ မိသားစုဝင်နဲ့ KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူတို့ကို RFA က ဆက်သွယ်မေးမြန်း တင်ပြခဲ့တာ ဖြစ်ပါတယ်။