ကျောင်းသားတွေအတွက် ပညာရေးအစီအစဉ် NUG မကြာခင် ထုတ်ပြန်မည်

ကျောင်းသားတွေ ပညာသင်ယူခွင့် မဆုံးရှုံးရအောင် ပညာရေးအစီအစဉ်တရပ်ကို မကြာခင်မှာ ထုတ်ပြန်တော့မှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပညာရေးဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။

ကျောင်းသားတွေအတွက် ပညာရေးအစီအစဉ် NUG မကြာခင် ထုတ်ပြန်မည် Photo: AFP

ကျောင်းသားတွေ ပညာသင်ယူခွင့် မဆုံးရှုံးရအောင် ပညာရေးအစီအစဉ်တရပ်ကို မကြာခင်မှာ ထုတ်ပြန်တော့မှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပညာရေးဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။ CDM ဆရာဆရာမတွေကို စစ်ကောင်စီက အလုပ်ရပ်စဲတဲ့အခြေအနေ နဲ့ ကျောင်းသားတွေရဲ့ ပညာရေးအတွက် ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပညာရေး ဒုတိယ ဝန်ကြီးတဦးအနေနဲ့ လက်ရှိဆောင်ရွက်နေတာတွေ သိပါရစေ။

ဖြေ။ ။ အဓိက ကျနော်တို့ CDM ဆရာ ဆရာမတွေ၊ ကျောင်းသားတွေနဲ့ ချိတ်ဆက်တာတွေလုပ်တယ်။ သူတို့နဲ့ ပညာရေးအစီအစဉ်တွေ ဆွေးနွေးကြတယ်။ တော်လှန်ရေးကြီးဖြစ်နေပေမဲ့ ကျနော်တို့ ဘာလုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေ ရှာဖွေနေပါတယ်။

မေး။ ။ အခု ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက အလုပ်ရပ်စဲတာတွေ ရှိနေတယ်။ ဒေါက်တာစိုင်းခိုင်မျိုးထွန်းရဲ့ သဘောထားကို သိချင်ပါတယ်။

ဖြေ။ ။ ဆရာ၊ဆရာမတွေ ကိုယ်တိုင်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပညာရေးစနစ်လက်အောက်မှာ အလုပ်မလုပ်နိုင်ဘူးလို့ ဆုံးဖြတ်ချက်တွေ ခိုင်ခိုင်မာမာ ချထားတာပေါ့နော်။ ကျနော်တို့ NUG အနေနဲ့ ဆရာဆရာမတွေရဲ့ သဘောဆန္ဒအလျောက် မူတွေချတယ်၊ သူတို့နဲ့ဆက်သွယ်ပြောဆိုတယ် သူတို့ကို Moral Support ပေးနိုင်အောင် လုပ်နေပါတယ်။

မေး။ ။ အခု ဆရာ ဆရာမတွေထဲမှာ CDM ပယ်ဖျက်ပြီး Non CDM လုပ်သွားကြတာတွေလဲ တွေ့ရတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါလဲရှင့်။

ဖြေ။ ။ အဓိက သူတို့ကို ဖိအားတွေပေါ့၊ လုံခြုံရေးပိုင်းရောပဲ။ လုံခြုံရေးပိုင်းမှာ ကိုယ်တဦးတည်း လုံခြုံရေး မဟုတ်တော့ဘဲနဲ့ မိသားစုတွေအပေါ်မှာ အကြမ်းဖက်တာတွေလုပ်လာတယ်။ တော်တော်ကို ရက်စက်တဲ့ နည်းလမ်းတွေပေါ့။ အဲဒီတော့ Non CDM မလုပ်ချင်ဘဲ လုပ်သွားတဲ့ ဆရာဆရာမတွေလည်း အများကြီးပါတယ် အဲဒီထဲမှာ။ နဂိုထဲက စိတ်ဓါတ်မခိုင်လု့ ဖြုတ်တဲ့ ဆရာဆရာမတွေလဲ ရှိတယ်။ ကျနော် ဆရာ ဆရာမတွေ ကျနော်ထိတွေ့ရသလောက် လက်မလျှော့ကြသေးပါဘူး။ တော်လှန်ရေးကြီး ပြီးတဲ့အထိ သူတို့လုပ်မယ်၊ ပြည်သူရွေးချယ်တဲ့ အစိုးရတက်လာမှ ပညာသင်ကြားရေးလုပ်မယ်၊ ဒါမှမဟုန် ပြည်သူ့အစိုးရ ရဲ့တာဝန်တွေကို ထမ်းဆောင်မယ် ဒီလိုမျိုး ဆုံးဖြတ်ချက်ချထားတာတွေ တွေ့ရတယ်။


မေး။ ။ လက်ရှိ CDM ဆရာ ဆရာမ ဘယ်လောက်ပါဝင်နေတယ်လို့ သိရပါလဲရှင့်။

ဖြေ။ ။ အခြေခံပညာရေး ပိုင်းကိုတော့ ကျနော်တို့ စာရင်းကောက်နေဆဲပါ၊ ရှေ့မှာ စာရင်းကောက်ထားတာရှိတယ် ဒါပေမဲ့ အဲဒီထဲက အများစု မရောက်လာတာတွေလဲ ရှိသေးတယ် ။ မြန်မာနိုင်ငံရဲ့ ပညာရေးဝန်ထမ်း ဆရာဆရာမ အင်အားက ၄ သိန်းကျော်လောက်ရှိပါတယ်။ အဆင့်မြင့်ပညာရေး အပါအဝင် ပေါ့။ CDM ဘယ်လောက်ရှိလဲဆိုရင် အခု ကျောင်းမဖွင့်နိုင်တဲ့အနေအထားကို ကြည့်ပါ။ စာသင်ခန်းထဲ ကျောင်းသားအပြည့်ရောက်လာရင် လက်ရှိ Non CDM ဆရာ အင်အားနဲ့ ဘယ်လိုမှ မသင်ကြားနိုင်ပါဘူး တနိုင်လုံးအနေအထားနဲ့။ ကျနော့်အမြင်အရ ဆရာဆရာမ အခြေခံ အဆင့်မြင့် ပေါင်းလိုက်ရင် CDM လုပ်နေတဲ့ ပညာရေးဝန်ထမ်း ၈၀ ရာခိုင်နှုန်း ကျော် လောက်ရှိတယ်။ အခုကို တချို့ပညာရေးမှုးတွေကို တာဝန်ရပ်စဲတာတင်မဟုတ်ဘူး ထုတ်ပယ်တယ်တာမျိုးဖြစ်လာတယ်၊ အဲလောက်ထိသူတို့ လုပ်နေကြတယ်။ ဆိုတော့ ဆရာဆရာမ CDM လုပ်နေတာက ခုန ကျနော်ပြောသလို ရာခိုင်နှုန်း ရှိပါတယ်။

မေး။ ။ CDM ပညာရေးဝန်ထမ်းတွေထဲမှာ အခက်အခဲတွေ ကြုံနေရတာ အကူအညီတွေလိုအပ်နေတယ်ဆိုတာမျိုးတွေလဲ ကြားရတယ်။ ဒီဝန်ထမ်းတွေအတွက် ဘယ်လိုဆောင်ရွက်မှုတွေ ရှိနေပါလဲ။

ဖြေ။ ။ ကျနော်တို့စီစဉ်နေပါတယ်။ ကျနော်တို့ အစိုးရဝန်ကြီးတဦးပြောတာက အတတ်နိုင်ဆုံး လစာအပြည့်ပေးနိုင်အောင် စီစဉ်နေတယ်၊ အဲလိုအနေအထား မရောက်ရင်တောင် အတတ်နိုင်ဆုံး ထောက်ပံ့ကူညီနေတယ်လို့ သိရပါတယ်။

မေး။ ။ ကျောင်းတွေပြန်ဖွင့်ဖို့ စစ်ကောင်စီက ကြိုးစားနေတယ်၊ ကျောင်းသားတွေက ကျောင်းမတက်ဘဲ သပိတ်မှောက်ကြတာ ဒါပေမဲ့ တဖက်မှာလဲ ပညာသင်လိုကြတဲ့ တချို့ ကျောင်းသားတွေလဲ ရှိတယ်။ ဒီအခြေအနေပေါ်ရော ဘာများပြောနိုင်ပါလဲ။

ဖြေ။ ။ ကျနော်တို့ စီစဉ်နေပါတယ်။ အဓိက က ပညာသင်ယူခွင့်တွေ မဆုံးရှုံးအောင်၊ နောက်ကျမသွားအောင်။ ဒါ့အပြင် မည်သူမဆို ပညာသင်ကြားနိုင်အောင် No one left behind ပေါ့နော် အဲလိုမူလေးတွေချပြီး အခု လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ စီစဉ်နေတယ်။ သိပ်မကြာတဲ့အချိန်မှာ တခုခုကို ကျနော်တို့ တရားဝင်ကြေညာမှာပါ။ ပညာသင်ယူခွင့်တွေလဲ ရှိလာမှာပါ။ အတတ်နိုင်ဆုံး ဆရာ ဆရာမတွေ နဲ့ ကျောင်းသားတွေ နဲ့ သင်ကြားသင်ယူမှု ပုံစံပေါ့နော်။ တချို့ ကျောင်းသားကလည်း ကျနော်တို့ကို အကြံပြုတာမျိုးရှိတယ် ကျောင်းတွေဖွင့်ပေးပါ၊ တချို့ကလဲ တော်လှန်ရေးသွားနေတဲ့ကျောင်းသားတွေရှိတယ် သူတို့ကို ထည့်စဉ်းစားပေးပါဆိုတာမျိုး၊ အဲဒီအချက်အလက်တွေအားလုံး ကျနော်တို့ ဆွေးနွေးဆုံးဖြတ်ပြီးတော့ ပညာရေးအစီအစဉ်တခုကို အကောင်အထည်ဖော်ဖို့ ရှိပါတယ်။

မေး။ ။ ဝန်ကြီးအနေနဲ့ အခု စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေကြတဲ့ ကျောင်းသားလူငယ်တွေ ဆရာဆရာမတွေ မိဘပြည်သူတွေကို ဘာတွေ သတင်းစကား ပါးချင်ပါလဲရှင့်။

ဖြေ။ ။ ကျနော်ပြောချင်တာက ကျောင်းသူကျောင်းသားတွေရော ဆရာဆရာမတွေရော အခုအချိန်အထိ ကြံ့ကြံ့ခံခဲ့ကြပြီးပါပြီ၊ စစ်ကောင်စီဘက်ကလဲ လူထုကို ဖိနှိပ်တဲ့ အကြမ်းနည်းမျိုးစုံ သုံးပြီး ကျောင်းသားတွေ ဆရာဆရာမတွေ ပြည်သူတွေလဲ အသက်ဆုံးရှုံးခဲ့ကြရပြီးပြီ။ အဲဒီတော့ တော်လှန်ရေးကြီးကို ပြီးတဲ့အထိ ခိုင်ခိုင်မာမာနဲ့ တော်လှန်သွားကြဖို့ လိုပါတယ်။ အဲလိုမျိုးလုပ်နေတဲ့ အချိန်မှာလည်းဘဲ ခုနပြောတဲ့ ကျနော်တို့ ပညာရေးအစီအစဉ်တခုကို ပေးနိုင်ဖို့ လုပ်နေတယ်၊ ကမ္ဘာ့ပညာရေးနဲ့ ချိတ်ဆက်တာမျိုးတွေ၊ ဖက်ဒရယ်ပညာရေးနဲ့ ချိတ်ဆက်တာတွေ၊ ကိုယ့်နိုင်ငံက လူငယ် လူကြီးတွေပါ တက်နိုင်တဲ့ အစီအစဉ်မျိုးတွေ စီစဉ်နေတာရှိပါတယ်။ အဓိက က အကြမ်းဖက်အာဏာရှင် ဒီစစ်ကောင်စီကို အပြီးတိုင်တိုက်ထုတ်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါမှ ကျနော်တို့လိုချင်တဲ့ ပိုကောင်းတဲ့ အနာဂတ်၊ ပိုကောင်းတဲ့ ဘဝ၊ ပိုကောင်းတဲ့ ပညာရေးကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org