KIO ထိန်းချုပ်နယ်မြေမှာ ရွေးကောက်ပွဲမဲဆွယ်ခွင့်မပြု

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် KIO ထိန်းချုပ်နယ်မြေထဲမှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတာတွေ ခွင့်မပြုဘူးလို့ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောလိုက်ပါတယ်။

kio-622.jpg

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် KIO ထိန်းချုပ်နယ်မြေထဲမှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတာတွေ ခွင့်မပြုဘူးလို့ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောလိုက်ပါတယ်။ လာမယ့် ၂၁ ရာစုပင်လုံညီလာခံတက်ရောက်ဖို့အတွက် အစိုးရဆီက ဖိတ်စာရထားပြီဖြစ်ပေမယ့် တက်/မတက်ကိုတော့ ဗဟိုကော်မတီ အစည်းအဝေးထိုင်ဆုံးဖြတ်ရဦးမှာမို့ မပြောနိုင်သေးဘူးလို့ လည်းပြောပါတယ်။ ဗိုလ်မှူးကြီးနော်ဘူကို RFA ဝိုင်းတော်သား စောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။

စောဖိုးခွား - လာမယ့် ပင်လုံအစည်းအဝေးကို AA ကို အစိုးရဘက်က မဖိတ်ဘူးဆိုတော့ မြောက်ပိုင်းမဟာမိတ်ဖြစ်တဲ့ KIO ကရော တက်ဖို့ ရှိသလားခင်ဗျာ့။

ဗိုလ်မှူးကြီးနော်ဘူ - ကျနော်တို့ဖိတ်တဲ့စာ လက်ခံရရှိပါတယ်။ တက်မယ်၊ မတက်ဘူးဆိုတာကတော့ ဗဟိုကော်မတီက ဦးစွာဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့က FPNCC အဖွဲ့ဝင်ဖြစ်လို့ FPNCC ရဲ့ သဘောထားအောက်မှာပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

စောဖိုးခွား - ရွေးကောက်ပွဲတွေ ကျင်းပတော့မယ်ဆိုတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို KIO က ဘယ်လိုမြင်ပါသလဲ။

ဗိုလ်မှူးကြီးနော်ဘူ - ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ KIO အနေနဲ့ ဘာမှ မှတ်ချက်ပေးစရာမရှိပါဘူး။ အစိုးရအုပ်ချုပ်တဲ့ နယ်မြေမှာ မဲတွေပေးကြတာပေါ့။ KIO ထိန်းချုပ်နယ်မြေမှာတော့ မရဘူး။ ကျနော်တို့က ကန့်ကွက်တာလည်းမရှိဘူး။ အနှောင့်အယှက်ပေးတာလည်းမရှိဘူး။

စောဖိုးခွား - ကော်မရှင်က ထုတ်ပြန်ထားတဲ့ မြို့နယ်တွေထဲမှာ KIO လှုပ်ရှားတဲ့ အစိတ်အပိုင်းတွေလည်း ပါနေတော့ အဲ့ဒီဒေသတွေမှာ မဲဆွယ်ခွင့်ပြုမလား။

ဗိုလ်မှူးကြီးနော်ဘူ - ကျနော်တို့ KIO ထိန်းချုပ်နယ်မြေမှာတော့ မပြုဘူးခင်ဗျာ့။

စောဖိုးခွား - KIO ထိန်းချုပ်နေရာတွေက တိတိကျကျ ပြောရင်ဘယ်နေရာတွေလဲ။

ဗိုလ်မှူးကြီးနော်ဘူ - ကျနော်တို့ KIO နယ်မြေက ရှင်းရှင်းလင်းလင်း ဝ လိုမဟုတ်ဘူး၊ မြစ်ကြီးနားမြို့နယ်မှာလည်း ကျနော်တို့ရှိတဲ့နေရာရှိပါတယ်။ဖားကန့်မှာလည်းရှိတယ်၊ တနိုင်းမှာလည်းရှိတယ်။ အဲ့ဒီနေရာတွေမှာ ဝင်မဲဆွယ်လို့မရဘူးလို့ ပြောလိုတာပါ။ ဒီနေရာမှာ ကျနော်တို့ အုပ်ချုပ်တယ်ဆိုပြီး အလံထူထားတဲ့နေရာ မဟုတ်ဘူး။ကချင်မြို့နယ် ၁၈ မြို့နယ်ရှိတယ်။ အဲ့ဒီအားလုံးမှာ ကျနော်တို့ အုပ်ချုပ်တဲ့နယ်မြေရှိသလို အစိုးရအုပ်ချုပ်တဲ့ နယ်မြေလည်းရှိပါတယ်။ မြို့နယ်နဲ့ သတ်မှတ်လို့မရဘူး။ သူတို့ကတော့ မြို့နယ်နဲ့ပြောတယ်။ ကျနော်တို့က ပြောလို့မရဘူး။

စောဖိုးခွား - အခု ကချင်ပြည်နယ်မှာဆိုရင် ကချင်ပါတီတွေပေါင်းပြီး ရွေးကောက်ပွဲဝင်ကြမှာလေ။ KIO က အဲ့လိုဘယ်လိုထင်သလဲ။

ဗိုလ်မှူးကြီးနော်ဘူ - ကချင်ပါတီတွေဆိုပေမယ့်လည်း အစိုးရအုပ်ချုပ်နယ်မြေထဲမှာပေါ့လေ။ သူတို့ကတော့ သူတို့ဖာသာသူတို့ ရွေးကောက်ပွဲဝင်ပြီး လွတ်လွတ်လပ်လပ်မဲဆွယ်လို့ရပါတယ်။ ကျနော်တို့ အနှောင့်အယှက်ပေးစရာလည်းမရှိဘူး။ မှတ်ချက်ပေးစရာလည်းမရှိဘူး။

စောဖိုးခွား - အခု NLD အစိုးရလက်ထက်သက်တမ်း ၅ နှစ်ကလည်း ကုန်တော့မယ်။ ဆိုတော့ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရဟောင်းလက်ထက်နဲ့ ဒီ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ရတာ ဘယ်အစိုးရက ပိုကောင်းသလဲ။

ဗိုလ်မှူးကြီးနော်ဘူ - ကျနော်တို့ကတော့ ဘယ်အစိုးရနဲ့ပဲဖြစ်ဖြစ် သိပ်ပြီး ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သိန်းစိန်အစိုးရကတော့ သိန်းစိန်အစိုးရပေါ့။ ၂၀၀၈ အခြေခံဥပဒေနဲ့ သွားတဲ့အစိုးရ ဖြစ်ပါတယ်။NLD အစိုးရကတော့ တပ်မတော်နဲ့ အစိုးရ နှစ်ခုလို ပုံစံဖြစ်နေတယ်။ ကျနော်တို့ နိုင်ငံရေးဆွေးနွေးတဲ့နေရာမှာ အဟန့်အတားတွေ အများကြီးရှိတယ်။ အပစ်အခတ်ရပ်စဲရေးတွေဆွေးနွေးမယ်ဆိုရင် NRPC နဲ့အဆင်ပြေရင်လည်း တပ်မတော်နဲ့ အဆင်မပြေဘူး။ အဲ့ဒါတွေကတော့ အဟန့်အတားတွေဖြစ်ပါတယ်။ ဘယ်အစိုးရနဲ့လို့ပြောမယ်ဆိုတာ ကျနော်တို့အတွက်ခက်ခဲတယ်။NLD အစိုးရကတော့ နိုင်ငံရေးရပိုင်ခွင့်တွေ သိပ်မရှိဘူးလို့ ရှုမြင်ပါတယ်။

စောဖိုးခွား - ပြည်သူလူထုနားလည်အောင် ပြောမယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဘာကြောင့်ကြာနေရသလဲ။

ဗိုလ်မှူးကြီးနော်ဘူ - ကျနော့်အနေနဲ့ပြောမယ်ဆိုရင် NLD ကပြောတဲ့ငြိမ်းချမ်းရေးနဲ့ လက်နက်ကိုင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပြောတဲ့ ငြိမ်းချမ်းရေးတွေ တပ်မတော်ပြောတဲ့ ငြိမ်းချမ်းရေးနဲ့မတူဘူး။ ဒီမိုကရေစီကလည်း ကျနော်တို့ပြောတာနဲ့ NLD နဲ့ တပ်မတော်ပြောတဲ့ ဒီမိုကရေစီတွေမတူဘူး။ ကျနော်တို့အားလုံး ဝိုင်းပြီးဆွေးနွေးမှ ဖြစ်မယ်။

စောဖိုးခွား - ဒါဆို KIO က ယုံကြည်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီက ဘယ်လိုပုံစံလဲ။

ဗိုလ်မှူးကြီးနော်ဘူ - ကျနော်တို့ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရဖို့က ကျနော်တို့ကြိုးစားနေတာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ လက်အောက်မှာ လှုပ်ရှားတာမဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေပြင်ပမှာပဲ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ ကျနော်တို့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေရဖို့ ကျနော်တို့က ကြိုးစားတာ ဖြစ်ပါတယ်။

စောဖိုးခွား - လာမယ့် အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုရော ဘယ်လိုမျှော်လင့်ထားသလဲခင်ဗျာ့။

ဗိုလ်မှူးကြီးနော်ဘူ - ဘာပဲဖြစ်ဖြစ် ကျနော်တို့က ဆွေးနွေးတာ ဆွေးနွေးရမှာပဲ။ ဘယ်အစိုးရပဲတက်တက်ပေါ့နော်။ ကြံ့ခိုင်ရေးပဲတက်တက် NLD ပဲတက်တက် ဆွေးနွေးတာဆွေးနွေးရမှာပဲ။ ကျနော်တို့လမ်းစဉ်က ဒီလိုရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org