တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်ဖို့လို

စစ်တပ်ဘက်ကလည်း တော်တော်များများ အရမ်းကို စစ်ပန်းနေပြီ။ NUG ၊ PDF ၊ EAO တိုင်းရင်းသားအဖွဲ့တွေဘက်ကကျတော့ အားနည်းနေတာက မြေပြင်က အဆင့် operational level နဲ့ မဟာဗျူဟာ အဆင့် strategic level တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အရမ်းလိုအပ်နေတာပေါ့။

RFA

အာဏာသိမ်း စစ်တပ်ဟာ တစ်စထက် တစ်စ အင်အားယိုယွင်းလာနေပေမယ့် စစ်တပ်ကို အနိုင်ရဖို့ဆိုရင် လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေအကြား ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ အမေရိကန် စစ်တပ်က အငြိမ်းစား ဒု-ဗိုလ်မှူးကြီးနဲ့ ဟာဝိုင်ယီပြည်နယ် အာရှ- ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာနက ပါမောက္ခ ဒေါ်မီမီဝင်းဘတ် က သုံးသပ်ပါတယ်။ အာဏာရှင် ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုတွေ အောင်မြင်မှုရမယ့် အလားအလာနဲ့ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဒေါ်မီမီဝင်းဘတ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
---
မေး- အခု ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် အဆုံးအဖြတ်နှစ် ဖြစ်လိမ့်မယ်လို့ ပြောထားပါတယ်။ စစ်ကောင်စီဘက်ကလည်း အခု ပွင့်လင်းရာသီအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာနေပါတယ်။ အခုနှစ်မှာ အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေဘက်က စစ်ကောင်စီကို အနိုင်ရဖို့ အလားအလာကို ဘယ်လို သုံးသပ်ပါလဲ။

ဖြေ- ကျွန်မ ဒီနေ့ပြောမယ့် သုံးသပ်မှုတွေ အားလုံးဟာ ပညာရှင် တစ်ယောက်အနေနဲ့ ပြောတာပါ။ ဘယ်သူ့ကိုမှ၊ ဘယ်အဖွဲ့ကိုမှ ကိုယ်စားပြုပြီး ပြောတာ မဟုတ်ပါဘူးဆိုတာ အရင်ပြောချင်ပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီးတော့ နှစ်ဘက်လုံးက လုပ်နိုင်မလားဆိုတာကို မေးတယ်။ အဲဒီဥစ္စာက စစ်တပ်ဘက်ကလည်း တော်တော်များများ အရမ်းကို စစ်ပန်းနေပြီ။ သူတို့ဘက်ကလည်း ပြန်ပြီးတော့ လူဖြည့်ဖို့အတွက်က သူတို့မှာ ပြန်ပြီး recruiting လုပ်ဖို့အတွက်က အဆင်မပြေတော့ဘူး။ အဲဒါကြောင့်ပဲ မြေပြင်မှာ တိုက်ပွဲတွေ ဖြစ်လာလို့ ရှိရင် သူတို့ဘက်က ကျဆုံးတာတွေ ပိုများတာ တွေ့ရတယ်။ အဲဒါကြောင့်လည်း စစ်တပ်ဘက်က လေယာဉ်ပျံ သုံးပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်နေရတာ။ NUG နဲ့ PDF နဲ့ EAO တိုင်းရင်းသားအဖွဲ့တွေဘက်က ကျတော့ tactics နည်းဗျူဟာ အဆင့်အရ မြေပြင်မှာ သူတို့ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်။ သူတို့အတွက် ပိုပြီး အားနည်းနေတာက မြေပြင်က အဆင့် operational level နဲ့ မဟာဗျူဟာ အဆင့် strategic level တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အရမ်း လိုအပ်နေတာပေါ့။ အဲဒီလို လုပ်တော့မှ tipping point ဆိုတာ ရောက်တော့မယ်။ အဲဒီလို ရောက်ဖို့ ဘယ်လောက်ကြာမလဲ ဆိုတာကတော့၊ ပူးပေါင်းဆောင်ရွက်မှု မြန်မြန် လုပ်နိုင်မယ်ဆိုရင် tipping point ကို မြန်မြန်ရောက်မယ်။ ပူးပေါင်းဆောင်ရွက်မှုနှေးရင် tipping point ရောက်မှာ နှေးမယ်လို့ ပြောလို့ရတယ်။ စစ်တပ်ဘက်က ကြည့်လို့ရှိရင်တော့ သူတို့က တော်တော်ကို ယိုင်နေပြီ။

မေး- ဒါဆိုရင် တော်လှန်ရေးအင်အားစုတွေဘက်က ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာဖို့ ဖြစ်နိုင်မလား။ ဘယ်လို လိုအပ်ချက်တွေ ရှိနေတယ်လို့ သုံးသပ်ပါသလဲ။

ဖြေ- အဲဒါက စိတ်သွားရာ ကိုယ်ပါပဲ။ ငါတို့ အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး လုပ်မယ်ဆိုရင် လုပ်နိုင်ပါတယ်။ တစ်ခု သူတို့ လိုအပ်တာက နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ အာမခံချက်။ အားလုံး ပူးပေါင်းပြီးတော့ နိုင်ငံရေးအဖြေကို ရှာနိုင်လေလေ၊ မြေပြင်နဲ့ မဟာဗျူဟာအဆင့်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အားရှိလေလေ ဖြစ်မယ်။ NLD တို့လို နိုင်ငံရေးပါတီတွေက အများကြီး လုပ်ဖို့ လိုတယ်။ သူတို့က ပူးပေါင်းဆောင်ရွက်လေလေ၊ ဖက်ဒရယ် ဒီမိုကရေစီ ချာတာနဲ့ပတ်သက်လို့ အာမခံချက် ပေးနိုင်လေလေ၊ စစ်ရေးအရမှာ ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်လေလေ ဖြစ်တယ်။

မေး- MOD လို့ခေါ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနပေါ့နော်။ သူတို့ရဲ့ စစ်ရေးဗျူဟာတွေ အပေါ်ကိုရော ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ- နိုင်ငံရေးအရ ဖြေရှင်းနည်း လာလို့ ရှိရင် စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းရတာ လွယ်တယ်။ အခုအချိန်မှာ စစ်ဆင်ရေးမှာ ပူးပေါင်းဖို့ ဆိုပြီး လူတွေက ပြောကြတယ်။ ဒါပေမဲ့ စစ်ဆင်ရေး ပူးပေါင်းမှုဟာ နိုင်ငံရေးအရ ပူးပေါင်းမှုနဲ့ ဆက်စပ်နေတယ်။ နိုင်ငံရေးမှာ အခြေကျသွားရင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရတာ ပိုပြီးတော့ လွယ်ကူလာမှာပေါ့။ ဒီကိစ္စက MOD ကာကွယ်ရေး ဝန်ကြီးနဲ့စာရင် နိုင်ငံရေးအပိုင်းနဲ့ ပိုပြီး ဆိုင်နေတယ်။

မေး- အခု စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်ရေး တစ်ခုလုံးရဲ့ အောင်မြင်နိုင်မယ့် အလားအလာကိုရော ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ- ကျွန်မလည်း အရင်က ပြောဖူးပါတယ်။ အောင်မြင်တဲ့ တော်လှန်ရေးတွေကို သုံးသပ်ကြည့်လိုက်မယ်ဆိုရင် D.I.P ဆိုတဲ့ အချက်သုံးအချက် အပေါ်မူတည်တယ်။ D က defection စစ်တပ်ကို စွန့်ခွာလာတဲ့ တပ်သားတွေ နဲ့ ပတ်သက်တယ်။ အရေအတွက်ပေါ့၊ I ကတော့ International Pressure နိုင်ငံတကာ ဖိအား၊ P က People’s support ပေါ့။ ပြည်သူလူထုက ဘယ်လောက်အထိ တောင့်ခံနိုင်မှုပေါ့နော်။ အခု အဲဒါနဲ့ ပြန်ကြည့်မယ်ဆိုရင် အဲဒီ သုံးခုလုံးက ပြည်သူလူထု နဲ့ တော်လှန်ရေး အင်အားစုတွေဘက်မှာ အများကြီး အားသာချက်ရှိနေတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org