စစ်ကောင်စီ လူထုကို နိုင်ဖို့ မလွယ်ကူတော့လို့ ကုလ ကိုယ်စားလှယ်ဟောင်း ပြော
ပြင်ပအကူအညီမပါဘဲ စစ်ကောင်စီကို နိုင်ဖို့မလွယ်ဘူး၊ ပြင်ပအကူအညီတွေ အများကြီးရမှဖြစ်မယ်၊ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီကလည်း လက်ရှိ အုံကြွနေတဲ့ လူထုကို နိုင်မယ်လို့တော့ ကျွန်တော် မထင်ဘူး။
-
ခင်ခင်အိ(ဝါရှင်တန်ဒီစီ)
2023-01-24 -
-
-
■ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ အစစယိုယွင်းပျက်စီးနေပြီး စစ်ကောင်စီက တိုင်းပြည်ကိုထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ Charles Petrie က ပြောပါတယ်။ စစ်ကောင်စီဟာ လက်ရှိအုံကြွနေတဲ့ လူထုကို နိုင်ဖို့ မလွယ်ကူတော့ကြောင်း နဲ့ တော်လှန်ရေးအောင်မြင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေ ညီညီညွတ်ညွတ်ပေါင်းစည်း တိုက်ပွဲဝင်ဖို့လိုအပ်ကြောင်းလည်း သူက ပြောပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်အထိ မြန်မာပြည်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွေထဲမှာလည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ Charles Petrie ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
---
■ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာ အခုဆိုရင် နှစ်နှစ်တင်းတင်း ပြည့်ပါတော့မယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့သူတစ်ဦးအနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို ဘယ်လို ရှုမြင်ပါလဲ။
■ ဗမာပြည်အခြေအနေကတော့ ယူကရိန်းကို ရုရှားကျူးကျော်ပြီးတဲ့အချိန်မှာ ဥရောပတိုက်ကြီး တစ်ခုလုံး ပြောင်းလဲသွားသလိုပဲ မြန်မာပြည်ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းပြီးထဲက အများကြီးပြောင်းလဲသွားခဲ့ပြီ၊ ဒီဗိုလ်ချုပ်မှူးကြီးက နိုင်ငံရေးအခြေအနေကို မကျေနပ်ဘူး၊ ရွေးကောက်ပွဲရလာဒ်ကို မကျေနပ်ဘူး၊ ငါတို့ အရင်က တပ်မတော်က အစဉ်တစိုက်လုပ်ခဲ့သလို ငါအာဏာသိမ်းလိုက်ရင် ရပြီလို့ တွေးထားပုံရတယ်။ ဒါပေမဲ့ တကယ်တော့ သူတွက်ချက်တာ လုံးဝ မှားသွားတယ်၊ သူမသိတာက မြန်မာပြည်ရဲ့ အခြေအနေက ဟိုးအရင်ခေတ်တွေကနဲ့ မတူတော့ဘူး ပြောင်းလဲသွားခဲ့ပြီဆိုတာ သူသတိမမူမိခဲ့ဘူး။ ၂ဝ၁၂ မှာ တိုင်းပြည်က တံခါးဖွင့်ဝါဒကျင့်သုံးခဲ့တဲ့အတွက် မြန်မာပြည်သူလူထုတွေ အထူးသဖြင့် လူငယ်တွေ အရင်က သူတို့မိဘတွေတောင် မခံစားခဲ့ရဖူးတဲ့ လွတ်လပ်မှုရဲ့ အရသာသစ်ကို ခံစားခဲ့ရတယ်၊ ဒီရဲ့ရလာဒ်အဖြစ် ဟိုတုန်းကလို လူငယ်တွေဟာ စစ်တပ်ကို အရင်ကလို မကြောက်ကြတော့ဘူး၊ မြန်မာနိုင်ငံမှာ တော်တော်များများက အရင်ကလို စစ်တပ်ကို မကြောက်ကြတော့ဘူး။ အာဏာသိမ်းခါစ အစောပိုင်းတွေမှာပဲ လူငယ်တွေ မကျေနပ်တဲ့အတွက် တခြားတိုင်းပြည်တွေလိုပဲ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတယ်။ စစ်တပ်ရဲ့ လက်ရှိအခြေအနေက တိုင်းပြည်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး၊ သူတို့ ဗုံးကြဲမယ် တိုက်မယ် အမြောက်တွေနဲ့ ပစ်မယ် ဒါပေမဲ့ သူတို့တကယ်တမ်း မြေပြင်မှာတော့ တိုင်းပြည်ကို အုပ်ချုပ်ရေးပိုင်းမှာ ထိန်းချုပ်နိုင်မှု အလွန်အားနည်းလာပြီ။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက သူတို့နယ်မြေတွေကို သူတို့ထိန်းချုပ်နိုင်အားကောင်းလာတယ်။ နေရာအတော်များများမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုင်းပြည်ရဲ့ နေရာအနှံ့မှာ ပေါ်ထွက်လာနေပြီ။ တချို့ PDF အဖွဲ့တွေဆို ဒေသဆိုင်ရာအုပ်ချုပ်ရေးတွေမှာ ပါဝင်လာနိုင်ပြီ၊ နောက် NUG အဖွဲ့အစည်း ရှိတယ်။ ဒါပေမဲ့ ဒီနေ့မြင်နေရတာတော့ မြန်မာပြည်ရဲ့အခြေအနေဟာ အစစယိုယွင်းပျက်စီးနေပြီလို့ ပြောရမှာပါပဲ။
"စစ်ကောင်စီက လက်ရှိ အုံကြွနေတဲ့ လူထုကို နိုင်မယ်လို့တော့ ကျွန်တော် မထင်ဘူး၊ တစ်တိုင်းပြည်လုံး ဒုက္ခဆင်းရဲရောက်အောင် စစ်တပ်က စခဲ့ပြီးပြီ တိုင်းပြည်ကတော့ လုံးဝကို ပျက်စီးသွားပါပြီ။"
■ စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေကို ပြင်းပြင်းထန်ထန်ချေမှုန်းနေတယ်၊ တော်လှန်ရေးအင်အားစုတွေကလည်း ရတဲ့နည်းနဲ့ ပြန်တိုက်ခိုက်နေကြတယ်။ ပြင်ပအကူအညီမရဘဲနဲ့ တော်လှန်ရေးအင်အားစုတွေ စစ်ကောင်စီကို နိုင်ဖို့ဆိုတာရော လွယ်ကူနိုင်ပါ့မလား။
■ ပြင်ပအကူအညီ မရဘဲ စစ်တပ်ကို နိုင်ဖို့ဆိုတာ မလွယ်ပါဘူး၊ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်ပိုင်းထဲက နိုင်ငံတွင်း သတ်ဖြတ်မှုတွေ အများကြီး ဖြစ်နေတယ်၊ မတူညီတဲ့ အသိုင်းအဝန်းတွေကြား အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့တယ်၊ အစိုးရအတွက် လုပ်တဲ့ဝန်ထမ်းတွေလည်း အများကြီး သတ်ဖြတ်ခံရတယ်၊ အခြေအနေအရ အလုပ်လုပ်နေသူအားလုံးကလည်း အစိုးရကိုထောက်ခံတယ်လို့ ပြောလို့မရပါဘူး ၊ သူတို့လည်း သူတို့ဘဝအတွက် လုပ်ကိုင်နေရတာလည်း ရှိပါလိမ့်မယ်၊ လက်ရှိ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ နေရာအနှံ့ပေါ်နေတာကို ထိန်းနိုင်ဖို့ မလွယ်ဘူး၊ တစ်ဖက်မှာလည်း ခင်ဗျားတို့သိကြတဲ့အတိုင်း မြန်မာပြည်မှာ အစထဲက စီးပွားရေးဆိုးဝါးတဲ့အတွက် ရာဇဝတ်ကျူးလွန်တဲ့ ဂိုဏ်းတွေ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေ ပြဿနာတွေ အများကြီးရှိတယ်။ အာဏာသိမ်းပြီးနောက် မှာ မူးယစ်ဆေးမှုတွေ ပိုများလာတယ်၊ ဒီရာဇဝတ်မှုတွေ ပိုပြီး ထူပြောလာတယ်။ တိုင်းပြည်မှာ မငြိမ်သက်မှုတွေ အကြီးအကျယ် ပေါ်ပေါက်လာတယ်။ ပြင်ပအကူအညီမပါဘဲ စစ်ကောင်စီကို နိုင်ဖို့မလွယ်ဘူး၊ ပြင်ပအကူအညီတွေ အများကြီးရမှဖြစ်မယ်၊ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီကလည်း လက်ရှိ အုံကြွနေတဲ့ လူထုကို နိုင်မယ်လို့တော့ ကျွန်တော် မထင်ဘူး၊ တစ်တိုင်းပြည်လုံး ဒုက္ခဆင်းရဲရောက်အောင် စစ်တပ်က စခဲ့ပြီးပြီ သူတို့က တိုင်းပြည်ကို ထိန်းသိမ်းနိုင်မယ်ထင်တယ် တိုင်းပြည်ကတော့ လုံးဝကို ပျက်စီးသွားပါပြီ။
■ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်တွေ ချမှတ်ထားတာရှိပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ အပါအဝင် အချက် ငါးချက် လုပ်ဆောင်ဖို့ စစ်ကောင်စီက သဘောတူညီထားတယ်။ ဒါပေမဲ့ အခုအထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဘူး၊ အာဆီယံရဲ့ မြန်မာအရေး ဆောင်ရွက်ချက်ကို ဘယ်လိုမြင်ပါလဲ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် အာဆီယံက ကူညီနိုင်လိမ့်မယ်လို့ မြင်ပါလား။
■ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့က အချိန်အတော်ယူရပါလိမ့်မယ်၊ ဒီကိစ္စက အတော်လေးလည်း ရှုပ်ထွေးပါတယ်၊ မြန်မာပြည်ရဲ့ ပဋိပက္ခတွေကိုဖြေရှင်းဖို့အတွက် နိုင်ငံတကာရဲ့ကြိုးပမ်းမှု လုပ်ငန်းစဉ်တွေမှာ အာဆီယံက ရှေ့ဆုံးကပေါ့။ အာဆီယံအနေနဲ့မြန်မာပြည်ရဲ့ ပြဿနာကို ဖြေရှင်းရာမှာ လက်တွေ့ကျဖို့ လိုပါတယ်။ နည်းလမ်းပေါင်းစုံသုံးရပါမယ် တစ်ခုတည်းနဲ့ သုံးလို့မရဘူး ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံကနေ အဖြေရှာဖို့လိုတယ်၊ အာဆီယံကလည်း နည်းလမ်းတစ်သွယ်ပါပဲ။ တွေ့ဆုံဆွေးနွေးမှုတွေ လိုအပ်သလို ဒေသခံပြည်သူလူထုတွေကို ထောက်ပံ့ကူညီပေးဖို့၊ ဒေသခံအဖွဲ့အစည်းတွေ အသိုင်းအဝန်းတွေကို ကူညီပံ့ပိုးဖို့ လိုအပ်တယ်၊ ဒီလုပ်ငန်းတွေဆောင်ရွက်ချိန်မှာ ပြည်သူလူထုရဲ့ ဆန္ဒတွေကို လေးစားအသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။
■ ကုလသမဂ္ဂရဲ့ မြန်မာ့အရေးဆောင်ရွက်ချက်တွေကိုရော ဘယ်လိုမြင်ပါလဲ၊ ကုလ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်အောင် စစ်ခေါင်းဆောင်တွေကို တွန်းအားပေးနိုင်ပါ့မလား။
■ ကုလသမဂ္ဂဟာ တစ်ကမ္ဘာလုံးက ပြဿနာတွေကို ဖြေရှင်းနေရတဲ့အချိန်ဖြစ်နေတယ်။ မြန်မာပြည်ရဲ့ ပြဿနာကို ဖြေရှင်းရာမှာ ကုလသမဂ္ဂမှာ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်။ ကုလသမဂ္ဂထဲမှာ အားလုံးတူညီနိုင်တဲ့ မဟာဗျူဟာတစ်ခုတော့ ချမှတ်ဖို့ လိုနေပြီ။ မြန်မာနိုင်ငံဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းရေးအတွက် ချဉ်းကပ်ပုံတွေမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေမှာ ကွဲလွဲမှုတွေ ရှိနေတယ်။ ဒီကွဲလွဲချက်တွေကို အကုန်လုံးစုစည်းပြီး တစ်သဘောထဲဖြစ်အောင် ဆောင်ရွက်ဖို့ အရင်ဆုံးလိုအပ်တယ်။ ဒီလိုသဘောကွဲလွဲမှုတွေ ရှိနေတော့ မြန်မာပြည်က ကုလသမဂ္ဂအဖွဲ့တွေက လုပ်ငန်းလုပ်ဆောင်ရာမှာ အခက်အခဲရှိတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်သူလူထုက သူတို့ကို သိပ်မယုံဘူး၊ ယုံကြည်မှု နည်းနေတယ်။ စစ်ကောင်စီနဲ့ ဆက်ဆံရေးမှာလည်း အဲ့လိုပဲ ကုလသမဂ္ဂအပေါ် သူတို့ကလည်း ယုံကြည်မှု မရှိဘူး၊ အဲဒီတော့ ကုလသမဂ္ဂအနေနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာမြင့်မားရေးအတွက် အများကြီးလုပ်ဖို့ လိုတယ်။
"တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တခြားကာကွယ်ရေးအဖွဲ့တွေ ညီညီညွတ်ညွတ် ပေါင်းစည်းတိုက်ပွဲဝင်ဖို့လိုတယ်၊ တော်လှန်ရေးနဲ့ပတ်သက်တဲ့ မဟာဗျူဟာ ကောင်းကောင်းတစ်ခုလိုတယ်"
■ ဒါဆိုရင် မြန်မာပြည်ရဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ဘာဖြစ်မလဲ။
■ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တခြားကာကွယ်ရေးအဖွဲ့တွေ ညီညီညွတ်ညွတ် ပေါင်းစည်းတိုက်ပွဲဝင်ဖို့လိုတယ်၊ တော်လှန်ရေးနဲ့ပတ်သက်တဲ့ မဟာဗျူဟာ ကောင်းကောင်းတစ်ခုလိုတယ်၊ ဒေသခံပြည်သူလူထုရှင်သန်ရေးနဲ့ တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်နိုင်အောင် ကူညီပံ့ပိုးပေးဖို့လိုတယ်၊ ဒါအတွက် အလှူရှင်တွေက လိုလိုလားလား ပါဝင်ကြဖို့ လိုပါတယ်၊ အကူအညီပေးရာမှာလည်း ပွင့်လင်းမြင်သာမှုရှိရပါမယ်။ ဒီကိစ္စတွေလုပ်ဆောင်ရာမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က အားလုံးပါဝင်ဖို့အတွက် အရေးကြီးတယ်၊ ပြည်သူလူထုတွေ ရှင်သန်နိုင်ရေးအတွက် လက်ရှိကြုံတွေ့နေရတဲ့ စီးပွားရေးပြဿနာတွေကိုလည်း အဖြေရှာဖို့လိုတယ်။
"NUG က လူထုကို ကိုယ်စားပြုတာလည်း မှန်တယ် လူထုနဲ့ အတိုက်အခံအင်အားစုတွေကို ဦးဆောင်နေတယ်ဆိုတာ မှန်ပါတယ် ဒါပေမဲ့ သူတို့ ခေါင်းဆောင်မှုပိုင်းမှာ ရှိနေတယ်ဆိုတာကို ထင်ထင်ရှားရှားပြသဖို့ လိုနေသေးတယ်။"
■ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာနိုင်မယ့် အလားအလာတွေရော မြင်မိပါလား။
■ လတ်တလောတော့ မြင်ရဖို့ ခက်ခဲပါတယ်၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ၂ဝ၁၂ တုန်းကရှိခဲ့တဲ့ မျှော်လင့်ချက်တွေ အခု မြန်မာပြည်မှာ မရှိတော့ဘူး။ စစ်တပ်နဲ့ လုပ်တဲ့ သဘောတူညီချက်တွေကို တိုင်းရင်းသားတွေက ယုံကြည်မှု မရှိတော့ဘူး။ အခုလတ်တလော အခြေအနေပြောရမယ်ဆိုတော့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးရရှိဖို့ နဲ့ မြန်မာပြည်ရဲ့ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရေး နည်းလမ်းတွေကို ကျွန်တော်တော့ မမြင်ဘူး။
■ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုရော ဘယ်လိုမြင်ပါလဲရှင့်။ NUG ရဲ့ တော်လှန်ရေးမှာ ဦးဆောင်နိုင်မှုကိုရော ဘယ်လိုသုံးသပ်နိုင်ပါလဲ။
■ NUG က လူထုကို ကိုယ်စားပြုတာလည်း မှန်တယ် လူထုနဲ့ အတိုက်အခံအင်အားစုတွေကို ဦးဆောင်နေတယ်ဆိုတာ မှန်ပါတယ် ဒါပေမဲ့ သူတို့ ခေါင်းဆောင်မှုပိုင်းမှာ ရှိနေတယ်ဆိုတာကို ထင်ထင်ရှားရှားပြသဖို့ လိုနေသေးတယ်။ ၂၀၁၅ ကနေ ၂၀၂၁ အတွင်း ဖြစ်ခဲ့တဲ့ကိစ္စတွေကို သင်ခန်းစာယူသင့်တယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ EAOs တွေ နဲ့ ယုံကြည်မှု ပြန်ပြီးတည်ဆောက်ဖို့ လိုတယ်။ EAOs တွေက သူတို့ယုံကြည်လာအောင် ပိုမိုစုစည်းနိုင်စွမ်းတွေကို ပြသဖို့လိုပါတယ်။
"လက်ရှိမှာ နိုင်ငံတကာအဖွဲ့အစည်းတွေက ပေးနေတာတွေက အမှန်တကယ်အကူအညီလိုအပ်တဲ့ လူထုနဲ့ ခုခံစစ်ဆင်နွှဲနေသူတွေအတွက် မဆိုစလောက်ပဲ ရှိပါသေးတယ်။"
■ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို ဘာများ ပြောချင်ပါလဲ။
■ နိုင်ငံတကာကို ပြောချင်တာကတော့ မြန်မာပြည်မှာ စစ်အာဏာရှင်ကို ခုခံတွန်းလှန်နေကြတဲ့ ပြည်သူတွေရှိတယ် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့လေးတွေ နေရာအနှံ့ရှိနေတယ် သူတို့ကို ပံ့ပိုးကူညီကြပါ၊ ခင်ဗျားတို့ကိုယ်တိုင်သွားပြီး ပေးစရာမလိုပါဘူး၊ နိုင်ငံတကာကူညီထောက်ပံ့ရေး ကွန်ရက်တွေ ထူထောင်ပြီး ကူလို့ရတယ်၊ လက်ရှိမှာ နိုင်ငံတကာအဖွဲ့အစည်းတွေက ပေးနေတာတွေက အမှန်တကယ်အကူအညီလိုအပ်တဲ့ လူထုနဲ့ ခုခံစစ်ဆင်နွှဲနေသူတွေအတွက် မဆိုစလောက်ပဲ ရှိပါသေးတယ်။ လက်ရှိ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ မလုံလောက်ပါဘူး။ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ဖို့ အားပေးကူညီဖို့ တခြားနည်းလမ်းတွေလည်း ရှိပါတယ်။ နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူလူထုတွေက အာဏာသိမ်းစစ်တပ်ကို ခုခံနေတယ်ဆိုတာ သိရှိစေချင်ပါတယ်။