မြန်မာနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေ တိုးချဲ့လှုပ်ရှားနေ

စစ်ကောင်စီအုပ်ချုပ်မှုအောက်က မြန်မာနိုင်ငံကို မကောင်းမှုအမျိုးမျိုး လုပ်ချင်ရာလုပ်ပြီး အပြစ်ပေးအရေးယူမခံရတဲ့ နယ်မြေအဖြစ် ရာဇဝတ်ဂိုဏ်းတွေက ရှုမြင်လာကြတယ်လို့ USIP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆန် တာဝါ(Jason Tower) က ပြောပါတယ်။

၂ဝ၁၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ပန်ဆန်းမြို့တွင် ကျင်းပသည့် ဝ ဒေသ နှစ် ၃ဝ ပြည့်အခမ်းအနား ညစာစားပွဲ ပြုလုပ်ရာအဆောက်အဦးရှေ့တွင် စောင့်ကြပ်နေသော UWSA တပ်ဖွဲ့ဝင်များ။ Photo: AFP

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ တရုတ်နိုင်ငံက ရာဇဝတ်မှုအမျိုးမျိုး ကျူးလွန်နေတဲ့ ဂိုဏ်းဂဏတွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့တွေ တည်ထောင်ထားတဲ့ အထူးစီးပွားရေးဇုန်အမည်ခံ ကာစီနို လောင်းကစားရုံတွေမှာ အခြေစိုက်ပြီး ရာဇဝတ်မှုအမျိုးမျိုး ကျူးလွန်နေတဲ့အကြောင်း အမေရိကန်အစိုးရရဲ့ငြိမ်းချမ်းရေးဌာန USIP က အစီရင်ခံစာတစ်စောင် ထုတ်ဝေလိုက်ပါတယ်။ အခုအချိန်မှာ စစ်ကောင်စီအုပ်ချုပ်မှုအောက်က မြန်မာနိုင်ငံကို မကောင်းမှုအမျိုးမျိုး လုပ်ချင်ရာလုပ်ပြီး အပြစ်ပေးအရေးယူမခံရတဲ့ နယ်မြေအဖြစ် ရာဇဝတ်ဂိုဏ်းတွေက ရှုမြင်လာကြတယ်လို့ USIP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆန် တာဝါ(Jason Tower) က ပြောပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင် ဆက်သွယ်မေးမြန်းထားပါတယ်။
____________

RFA ။ ။အခု မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ တရုတ်နိုင်ငံက ရာဇဝတ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံက အထူးစီးပွားရေးဇုန်အမည်ခံ ကာစီနို လောင်းကစားရုံတွေမှာ အခြေစိုက်ပြီး ရာဇဝတ်မှု အမျိုးမျိုးကျူးလွန်နေတာ တိုးပွားလာတဲ့အကြောင်း USIP က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။ ဒီ အစီရင်ခံစာထဲက တွေ့ရှိချက်တွေအကြောင်း အကျဉ်းချုပ်ပြီး ပြောပြလို့ရမလား။

ဒီအစီရင်ခံစာမှာ အကြောင်းအရာနှစ်ခုကို အဓိကဖော်ပြထားပါတယ်။ ပထမတစ်ခုက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် မတည်ငြိမ်မှုတွေ၊ တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေတွေကို အခွင့်ကောင်းယူပြီး ဒီရာဇဝတ်ဂိုဏ်းတွေရဲ့လှုပ်ရှားမှုတွေ တိုးလာနေတဲ့အကြောင်း ဖြစ်ပါတယ်။ ဒီရာဇဝတ် ဂိုဏ်းတွေဟာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တွေနဲ့ ပူးပေါင်းပြီး သူတို့ လှုပ်ရှားတဲ့ နယ်မြေအကျယ်အဝန်းကို တိုးချဲ့လာနေပါတယ်။ အခုဆိုရင် ဒီရာဇဝတ်ဂိုဏ်းတွေဟာ ထိုင်းမြန်မာနယ်စပ်၊ မိုးရေးမြစ်တစ်လျှောက်မှာ အထူးစီးပွားရေးဇုန်အမည်ခံပြီး၊ လူကုန်ကူးမှု၊ ကျွန်ပြုခိုင်းစေမှုနဲ့ လိမ်ညာမှုအမျိုးမျိုးကို ကျူးလွန်နေတာ တွေ့ရပါတယ်။ အဲဒီအထူးစီးပွားရေးဇုန်တွေထဲကို လိမ်ညာခေါ်ဆောင်သွားတာခံရပြီးတဲ့နောက် အွန်လိုင်းကနေ ငွေလိမ်ပေးရတဲ့အလုပ်ကို အတင်းအကျပ် စေခိုင်းခံနေရတဲ့သူတွေလည်း ရှိပါတယ်။ ဒီအထူးစီးပွားရေးဇုန်တွေကို အိမ်နီးချင်းနိုင်ငံတွေက ရဲတပ်ဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးအရေးယူနိုင်တဲ့ အခြေအနေမရှိပါဘူး။ အခုဆိုရင် ဒီရာဇဝတ်ဂိုဏ်းတွေရဲ့လိမ်လည်မှုကြောင့် ထိခိုက်နစ်နာမှုက အာရှနိုင်ငံတွေတင်မကဘဲ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနဲ့ အာဖရိကနိုင်ငံတွေအထိ တစ်ကမ္ဘာလုံးအတိုင်းအတာထိ ဖြစ်လာနေပါတယ်။ နောက်တစ်ခုကတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် တာဝန်ယူနှိမ်နင်းပေးနိုင်တဲ့ အခြေအနေ မရှိတော့တဲ့အတွက် ဒီနိုင်ငံဖြတ်ကျော်မှုခင်းတွေကို အရေးယူဆောင်ရွက်ဖို့ အလွန်ခက်ခဲနေတဲ့အကြောင်း ဖော်ပြထားပါတယ်။ ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေမှာလည်း အလားတူ တရုတ်ရာဇဝတ်ဂိုဏ်းတွေရဲ့လှုပ်ရှားမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံတွေမှာ နိုင်ငံတကာက သက်ဆိုင်ရာရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး အရေးယူဆောင်ရွက်လို့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်တပ်က ပြည်သူကို ဖိနှိပ်သတ်ဖြတ်တဲ့နေရာမှာ အသုံးပြုဖို့ ရဲတပ်ဖွဲ့ဝင်တွေကို ပြောင်းရွှေ့အသုံးပြုနေတဲ့အတွက် ရာဇဝတ်မှုတွေကို အရေးယူနှိမ်နှင်းနိုင်မယ့်အခြေအနေ မရှိတော့ပါဘူး။ ဒါ့အပြင် ဒီရာဇဝတ်ဂိုဏ်းတွေကို မြေနေရာပေးပြီး အထူးစီးပွားရေးဇုန် တည်ထောင်ထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေဟာလည်း စစ်တပ်ကို အဓိကထောက်ခံတဲ့အဖွဲ့တွေ ဖြစ်တာတွေ့ရတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

RFA ။ ။ ဒီလိုရာဇဝတ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းခင် အဲဒီမတိုင်ခင် ကိုဗစ်ကပ်ရောဂါမတိုင်ခင်ကတည်းက မြန်မာနိုင်ငံမှာအခြေစိုက်ပြီး လှုပ်ရှားနေကြတာလို့လည်း ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီလို ရာဇဝတ်ဂိုဏ်းတွေ ပေါ်ပေါက်လာရတဲ့ အဓိကအကြောင်းကိုရော ဘယ်လိုသုံးသပ်ပါသလဲ။

ဒီလိုရာဇဝတ်ဂိုဏ်းတွေ ပေါ်လာရတဲ့ အဓိကအကြောင်းရင်းကတော့ မြန်မာစစ်တပ်က နယ်စပ်ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ ငြိမ်းချမ်းရေးရယူတဲ့နေရာမှာသုံးခဲ့တဲ့ နည်းဗျူဟာကြောင့်ပါ။ မြန်မာစစ်တပ်ဟာ Divide and Conquer ဆိုတဲ့ နည်းဗျူဟာနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့ကို သူတို့ရဲ့ထိန်းချုပ်မှုအောက်ကို သွတ်သွင်းဖို့ ကြိုးစားတဲ့နေရာမှာ စီးပွားရေးမက်လုံးတွေနဲ့ ဆွဲဆောင်ပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တွေ တည်ထောင်ခဲ့တဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူဖို့ သဘောတူလိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို သူတို့ထိန်းချုပ်ထားတဲ့နယ်မြေအတွင်းမှာ ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးကိုမဆို လုပ်ခွင့်ပေးပါတယ်။ ဒီလိုနဲ့ဗဟိုအစိုးရရဲ့အုပ်ချုပ်မှုနဲ့ တရားစီရင်မှုကနေ ကင်းလွတ်ခွင့်ရတဲ့ နယ်မြေတွေ အမြောက်အမြားပေါ်ထွက်လာတာက ဒီပြဿနာရဲ့အစပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကိုးကန့်နဲ့တောင်ပိုင်းမှာ ကရင်ပြည်နယ်တွေမှာ စစ်တပ်နဲ့ဆက်စပ်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ သူတို့နယ်မြေအတွင်းမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် သူတို့လုပ်ချင်တာ လုပ်လို့ရနေခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ အလိုရှိနေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ဒီ နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ သဘောတူညီချက်ယူပြီး ဒီနယ်မြေတွေထဲကို လာရောက်အခြေစိုက်ကြပါတယ်။ အစပိုင်းမှာ တရားမဝင် အွန်လိုင်းလောင်းကစားတဲ့ လုပ်ငန်းတွေ လုပ်ပါတယ်။ အဲဒီနောက် ကာစီနို၊ လောင်းကစားရုံတွေ၊ လောင်းကစားမြို့ကြီးတွေ တည်ထောင်ပြီး အလုပ်လုပ်မယ့် လုပ်သားတွေပါ တရုတ်နိုင်ငံကနေ ခေါ်ယူလာပါတယ်။ ဒီလိုနည်းလမ်းနဲ့ ထိုင်းမြန်မာနယ်စပ်က ရွှေကုက္ကိုလို လောင်းကစားမြို့တွေကို တည်ဆောက်ခဲ့ကြတာပါ။ ကိုဗစ်ကပ်ရောဂါ ဖြစ်လာတဲ့ အချိန်မှာတော့ တရုတ်နိုင်ငံရဲ့တင်းကြပ်တဲ့ စည်းမျဉ်းတွေကြောင့် ဒီ ကာစီနိုလောင်းကစားရုံတွေမှာ လောင်းကစားမယ့်သူကော၊ အလုပ်လုပ်ပေးမယ့်သူပါ မရှိတော့တဲ့အတွက် သူတို့ ငွေရှာတဲ့ပုံစံကို ပြောင်းလဲရပါတယ်။ ဒီရာဇဝတ်ဂိုဏ်းတွေဟာ လုပ်သားတွေငှားရမ်းတာ မလုပ်တော့ဘဲ လူကုန်ကူးပြီး အတင်းအကျပ် ခိုင်းစေတဲ့ ပုံစံဖြစ်လာပါတယ်။ ပုံမှန်အွန်လိုင်းကနေ လောင်းကစားဝိုင်းလုပ်ပြီး ငွေရှာတာမျိုးအစား လုံးဝလိမ်လည်တဲ့ပုံစံ ဖြစ်လာပါတယ်။ သူတို့လေ့ကျင့်ပေးထားတဲ့သူတွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ အယုံလွယ်မယ့်သူတွေကို ရှာဖွေပြီး ငွေလွှဲပေးဖို့ ဒါမှမဟုတ် လာအလုပ်လုပ်ဖို့ လှည့်ဖြားပြောဆိုရပါတယ်။ အချို့ကလည်း တကယ်မရှိတဲ့ crypto currency တွေ၊ တန်ဖိုးမရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ငွေထည့်ဖို့ လှည့်ဖြားပြောဆိုရပါတယ်။ အချို့ကလည်း ဘဏ်အကောင့်ထဲကနေ ငွေတွေထုတ်ယူသွားမယ့် App တွေကို ထည့်ခိုင်းပြီး လိမ်လည်တာမျိုးတွေ အစုံပါပဲ။ ဒီလိုနဲ့ စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ နယ်မြေမှာ ကာစီနို လောင်းကစားရုံ လုပ်ငန်း လုပ်ရာကနေ ကမ္ဘာ အရပ်ရပ်က လူတွေကို ငွေလိမ်တဲ့ လုပ်ငန်းတွေအဖြစ်ပြောင်းလဲလာပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ ဒီလို ရာဇဝတ်မှုတွေ တဟုန်ထိုး တိုးပွားလာပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ မကောင်းမှုမှန်သမျှ လုပ်ချင်တာ လာလုပ်ပြီး အပြစ်ပေးအရေးယူတာ မခံရတဲ့၊ တရားဥပဒေစိုးမိုးမှု ကင်းလွတ်တဲ့နယ်မြေအဖြစ် ရာဇဝတ်ဂိုဏ်းတွေအကြားမှာ ရှုမြင်နေကြပါတယ်

ကရင်ပြည်နယ် ရွှေကုက္ကိုမြိုင်တွင် တည်ဆောက်ထားသည့် ရွှေကုက္ကိုမြို့သစ် တစ်နေရာ။ (Photo: Yatai International Holding Group)

RFA ။ ။ အခုလို မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး ရာဇဝတ်မှုအမျိုးမျိုး ကျူးလွန်နေတဲ့ ရာဇဝတ်ဂိုဏ်းဂဏတွေဟာ တရုတ်နိုင်ငံက အများစုဖြစ်နေတာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကရော ဘယ်လိုအရေးယူ တုံ့ပြန်မှု ရှိပါသလဲ။

တရုတ်ရာဇဝတ်ဂိုဏ်းတွေဟာ ထိုင်းမြန်မာနယ်စပ် မိုးရေးမြစ်တစ်လျှောက်က လောင်းကစားရုံတွေမှာ ခြေကုပ်ယူထားတာ တော်တော်ကြာပါပြီ။ ဒီအထဲမှာ စတုရန်း ကီလိုမီတာ ၆၀ လောက် အကျယ်ရှိတဲ့ တော်တော်ကြီးတဲ့ လောင်းကစားမြို့ကြီးသုံးခုကို တရုတ်အစိုးရရဲ့ BRI စီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းနိုင်ဖို့ ဒီရာဇဝတ်ဂိုဏ်းတွေက ကြိုးစားနေခဲ့ပါတယ်။ NLD အစိုးရ လက်ထက်မှာတော့ ဒီစီမံကိန်းတွေနဲ့ ပတ်သက်လို့ စစ်တပ်ကို ဖိအားပေးခဲ့ပြီး နောက်ဆုံးမှာ တရုတ်အစိုးရကိုယ်တိုင်က ဒီစီမံကိန်းတွေဟာ BRI စီမံကိန်းမဟုတ်တဲ့အကြောင်း ထုတ်ပြောလာခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့ နောက်မှာတော့ ဒီ လောင်းကစားရုံတွေကို ဝင်ရောက်စစ်ဆေးဖို့ ကြိုးပမ်းမှုတွေ အားလုံးပျောက်ပျက်သွားပါတယ်။ ရွှေကုက္ကိုလောင်းကစားမြို့ဆိုရင် စစ်တပ်က အာဏာသိမ်းပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပြန်ဖွင့်ပြီး ပုံမှန်ပြန်လည်လည်ပတ်နေခဲ့တာ တွေ့နိုင်ပါတယ်။ ဒီ ရာဇဝတ်ဂိုဏ်းတွေဟာ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ နက်နက်ရှိုင်းရှိုင်းဆက်စပ်ပတ်သက်မှု ရှိနေပါတယ်။ တရုတ်ရဲတပ်ဖွဲ့အနေနဲ့လည်း တရုတ်မြန်မာ နယ်စပ်မဟုတ်တဲ့ အခြားနိုင်ငံက ရာဇဝတ်မှုတွေကို သွားရောက်အရေးယူဖို့ ခက်ခဲပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေကြားမှာ အကျင့်ပျက်ခြစားမှုတွေရှိတဲ့ အထောက်အထားတွေလည်း တွေ့ရပါတယ်။ ဒီလို နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ကျူးလွန်တဲ့ ဂိုဏ်းဂဏတွေဟာ တရုတ်နိုင်ငံမှာ ကျယ်ပြန့်တဲ့ နိုင်ငံရေးအရ သြဇာအရှိန်အဝါရှိတဲ့အတွက် အပြစ်ပေးအရေးယူတာမခံရဘဲ ဆက်လုပ်နေနိုင်တဲ့ အားသာချက် ရှိနေတယ်လို့လည်း ယူဆရပါတယ်။

RFA ။ ။ USIP ရဲ့ လေ့လာတွေ့ရှိချက်အရပေါ့၊ အခုလိုမျိုး မသမာမှုအမျိုးမျိုးနဲ့ စီးပွားရှာနေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို နေရာပေးထားပြီး အကျိုးအမြတ်ရနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ဘယ်အဖွဲ့တွေ ဖြစ်တယ်ဆိုတာ တိတိကျကျပြောပြလို့ ရမလား။

အခုအချိန်မှာ ဒီလိုရာဇဝတ်မှုတွေ ထိန်းချုပ်မရအောင် အများဆုံးဖြစ်ပေါ်နေတာက ကိုးကန့်အထူးအုပ်ချုပ်ခွင့်ရဒေသက ကိုးကန့်နယ်ခြားစောင့်တပ်ရဲ့နယ်မြေထဲမှာ ဖြစ်ပါတယ်။ ကိုးကန့်နယ်ခြားစောင့်တပ်ဟာ မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးပါတီနဲ့လည်း ဆက်စပ်မှုရှိပြီး၊ အခုအချိန်မှာ စစ်ကောင်စီကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ ကရင်ပြည်နယ်မှာဆိုရင် အရင် DKBA တပ်ဖွဲ့ကနေ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ ကရင်နယ်ခြားစောင့်တပ်ဟာ ဒီလိုမသမာမှုတွေမှာ ပါဝင်ပတ်သက်နေပါတယ်။ USIP က တွေ့ရှိထားတဲ့ ကရင်ပြည်နယ်က အထူးစီးပွားရေးဇုန်နယ်မြေ ၁၆ ခုထဲမှာ အများစုက ဒီ ကရင် နယ်ခြားစောင့်တပ်ရဲ့ထိန်းချုပ်နယ်မြေထဲမှာ ရှိနေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ထဲမှာ KNU လိုအဖွဲ့တွေက ဒီလိုရာဇဝတ်မှုတွေကို နှိမ်နှင်းဖို့ ကြိုးစားတာလည်း တွေ့ရပါတယ်။ ဝ ပြည်နယ်မှာလည်း အလားတူရာဇဝတ်မှုတွေ တွေ့ရပြီး၊ မုန်းလားဒေသ၊ ကိုးကန့် MNDAA တပ်ဖွဲ့ထိန်းချုပ်တဲ့ နယ်မြေမှာလည်း ဒီလို အမှုတွေ တွေ့ရပါတယ်။ ဒီဒေသတွေအပြင် မြန်မာနိုင်ငံက ဘယ်ပြည်နယ်တိုင်းမှာမဆို ဒီလို ဖြစ်ရပ်တွေ တွေ့လာရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုမရှိတော့တာ၊ ရဲတပ်ဖွဲ့က ထိထိရောက်ရောက် အလုပ်မလုပ်နိုင်တော့တာအပြင် မြေပြင်မှာဖြစ်ပျက်နေတာတွေကို သိနိုင်ဖို့ သတင်းမီဒီယာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် အလုပ်လုပ်လို့ မရတော့တာတွေ အားလုံးကြောင့် မြန်မာနိုင်ငံဒေသတိုင်းမှာ ဒီလိုမသမာမှုတွေ ဖြစ်လာနိုင်ခြေရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org