ဖြတ်သန်းခွင့်တားမြစ်ထားတဲ့ ရန်ကုန်မြို့က လူကူးခုံးကျော်တံတားများ
ပြည်လမ်း မဟာမြိုင်မှတ်တိုင် လူကူးတံတား၊ အင်းစိန်လမ်းမပေါ်က လှည်းတန်းလူကူးတံတားနဲ့ ဒေါပုံ-ယမုံနာ လမ်းမပေါ်က လူကူးတံတားတွေမှာ သံဆူးကြိုးတွေ တုပ်နှောင်ထားပါတယ်။
- 2022-06-23
-
-
-
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့က လမ်းမကြီးတွေက လူကူးတံတားတွေကို ဖြတ်သန်းခွင့် ပိတ်ပင်ထားတာ တွေ့ရပါတယ်။
ဒီလူကူးတံတားတွေကို ယာဉ်မတော်တဆထိခိုက်မှု အန္တရာယ်ကင်းဝေးဖို့ ရည်ရွယ်ချက်နဲ့ပါ တည်ဆောက်ခဲ့ကြပေမယ့်၊ အခုအခါမှာတော့ တံတားအတော်များများကို တံခါးပိတ်သော့ခတ်၊ သံဆူးကြိုးတွေနဲ့ ပိတ်ဆို့တားဆီး၊ လက်နက်ကိုင်လုံခြုံရေး အစောင့်အကြပ်တွေ ချထားပြီး လမ်းသွားလမ်းလာတွေကို ဖြတ်သန်းခွင့်မပေးတော့တာ တွေ့ရပါတယ်။
ရန်ကုန်မြို့ ဒဂုံ အထက (၁) ရှေ့က အလံပြဘုရားလမ်း လူကူးတံတားကို သော့ခတ်ထားသလို၊ အနော်ရထာလမ်းနဲ့ ဘုရားလမ်းထောင့်က သိမ်ကြီးဈေး လူကူးတံတားကိုလည်း သော့ခတ်ထားတာ တွေ့ရပါတယ်။
ပြည်လမ်း မဟာမြိုင်မှတ်တိုင် လူကူးတံတား၊ အင်းစိန်လမ်းမပေါ်က လှည်းတန်းလူကူးတံတားနဲ့ ဒေါပုံ-ယမုံနာ လမ်းမပေါ်က လူကူးတံတားတွေမှာ သံဆူးကြိုးတွေ တုပ်နှောင်ထားပါတယ်။ ကမ္ဘာအေးဘုရားလမ်း ကမ္ဘာအေးမှတ်တိုင်မှာရှိတဲ့ လူကူးတံတားကိုလည်းပိတ်ထားပြီး လက်နက်ကိုင်စောင့်ကြပ်နေပါတယ်။
လူကူးတံတားတွေ ပိတ်ထားတာကြောင့် ခရီးသွားတွေဟာ ယာဉ်အန္တရာယ်ကြားကနေပဲ လမ်းဖြတ်ကူးနေကြရတာ တွေ့ရပါတယ်။