လူတိုင်းကို စာဖတ်စေချင်သူ
2023.09.14

ရန်ကုန်မြို့က လမ်းဘေး စာအုပ်စင်ကြီးပေါ်မှာ အစီအရီခင်းကျင်းထားတဲ့ စာအုပ်မျိုးစုံကို လွတ်လွတ်လပ်လပ် ငှားရမ်း ဖတ်ရှုခွင့်ပေးနေတဲ့ နေရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကမာရွတ် ၃ ရပ်ကွက်၊ ဗဟိုလမ်း၊ ဆိုက်ကားဂိတ် မှတ်တိုင်အနီး အောင်ချမ်းသာ (၂) လမ်းနဲ့ မြဇေယျာလမ်းထောင့်မှာရှိတဲ့ “မနောဖြူ” စာပေရေချမ်းစင်ပဲ ဖြစ်ပါတယ်။
ဒီစာအုပ်စင်မှာ အရွယ်သုံးပါး ဖတ်ရှုနိုင်တဲ့ ဘာသာရေး၊ ဘာသာပြန်၊ တက်ကျမ်း၊ နည်းပညာ၊ ဘာသာစကား၊ မဂ္ဂဇင်း၊ ဟာသ အစရှိတဲ့ စာပေမျိုးစုံကို ခင်းကျင်းထားပါတယ်။
အခုကာလမှာ စာကြည့်တိုက်နဲ့ စာပေရေချမ်းစင်တွေ တဖြည်းဖြည်း နည်းပါး ပျောက်ကွယ်လာနေကြပေမယ့် “မနောဖြူ” ကတော့ အချိန် ခုနစ်နှစ်ကျော်အထိ ပြည်သူတွေကို စာပေဒါနပြုနေဆဲပဲလို့ ဒီစာအုပ်စင်ကို တည်ထောင်ထားတဲ့ အသက် ၅၈ နှစ်အရွယ် ဦးရင်ကြည်က ပြောပါတယ်။
တစ်ရပ်တစ်ကျေးကနေ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူတွေ၊ ပညာလာရောက် ဆည်းပူးသူတွေနဲ့ စာဖတ်ဝါသနာပါသူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ မနောဖြူ စာပေရေချမ်းစင်ကို စတင်လုပ်ဖြစ်ခဲ့တာလို့လည်း သူကဆိုပါတယ်။
ဒီစာအုပ်စင်က စာအုပ်တွေကို ပဲခူး၊ မှော်ဘီ၊ လှိုင်သာယာ စတဲ့ မြို့နယ်တွေကပါ လာရောက် ငှားရမ်းကြတာပါ။ ဒါပေမဲ့ စာအုပ်ငှားရမ်းတဲ့ လူတစ်ရာမှာ လူ ခုနစ်ဆယ်လောက်သာ စာအုပ်ကိုပြန်အပ်ပြီး ကျန် သုံးဆယ်လောက်ကတော့ ပြန်မအပ်ကြတာကြောင့် စာအုပ်တွေကို ထပ်တိုးဖြည့်ပေးရတယ်လို့ ဦးရင်ကြည်က ပြောပြပါတယ်။
ခြောက်သွေ့ရာသီမှာ စာအုပ်စင်ကြီး လေးစင်နဲ့ စာအုပ်ပေါင်း တစ်ထောင်ကျော်အထိ ခင်းကျင်းငှားရမ်းပေးပြီး အခုလိုမိုးတွင်း စိုစွတ်ရာသီမှာတော့ စာအုပ်စင် နှစ်ခုနဲ့ စာအုပ်ရေ ခုနစ်ရာဝန်းကျင်သာ ခင်းကျင်းငှားရမ်းပေးနေတာပါ။
သူ့ရဲ့ အလုပ်က စာအုပ်ရောင်းဝယ်ရေးဖြစ်ပေမယ့် အရောင်းအဝယ်ကို သူ့ရဲ့ အိမ်မှာသာ လုပ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
ဦးရင်ကြည်မှာ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိပြီး ဇနီးဖြစ်သူ ဒေါ်ထားကတော့ မနောဖြူစာအုပ်စင်ဘေးမှာ ကပ်လျက် ရခိုင်မုန့်တီနဲ့ အသုပ်ဆိုင်ကို နေ့လယ်ပိုင်းတွေမှာ ရောင်းချနေပါတယ်။
မနက်ပိုင်းတွေမှာ သက်ကြီးပိုင်းတွေရဲ့ စကားဝိုင်းအတွက် ဆေးလိပ်ကြမ်းနဲ့ ရေနွေးကြမ်းကိုပါ ကုသိုလ်ဖြစ် စီစဉ်ပေးထားတယ်လို့ ဦးရင်ကြည်ကပြောပါတယ်။
သူ့ရဲ့ အနာဂတ်အိပ်မက်ကတော့ နောင်တစ်ချိန်မှာ သူ့ရဲ့ မနောဖြူဟာ လမ်းဘေး စာပေရေချမ်းစင်ဘဝကနေ ကိုယ်ပိုင်အဆောက်အအုံ စာကြည့်တိုက်နဲ့ လူတိုင်း အေးအေးလူလူ ထိုင်ပြီး စာဖတ်ခွင့်ရအောင် ဖန်တီးပေးနိုင်ဖို့ပဲ ဖြစ်တယ်လို့ ဦးရင်ကြည်က ပြောပါတယ်။