စစ်ကောင်စီရဲ့ အောက်တိုဘာ ၁၈ ရက် လွတ်ငြိမ်းခွင့်
■ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးအကျဉ်းချထားသူ ၁၃၁၆ ဦးကို ပြန်လွှတ်ပေးပြီး၊ အမှုရင်ဆိုင်နေရသူ ၄၃၂၀ ဦးကို အမှုတွေပိတ်သိမ်းပေးမယ်လို့ စစ်ကောင်စီက ၂၀၂၁ အောက်တိုဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန် လိုက်ပါတယ်။ အောက်တိုဘာလ ၂၆ ရက်နေ့ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ခွင့်မပေးဖို့ အာဆီယံက ကြေညာလိုက်ပြီးနောက်မှာ အခုလို ကြေညာလိုက်တာပါ။ အခု လွှတ်ပေးလိုက်တဲ့အထဲမှာ အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့တော့ မပါဝင်ပါဘူး။
ဖမ်းဆီးထားသူတွေကို ခြွင်းချက်မရှိ လွှတ်ပေးတာမဟုတ်ဘဲ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ လွှတ်ပေးတာဖြစ်တဲ့အတွက် နောက်တစ်ကြိမ် ဖမ်းဆီးခံရရင် အဲဒီအတွက် ပြစ်ဒဏ်အပြင် ကျန်ရှိနေတဲ့ ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့ကစပြီး အောက်တိုဘာလ ၁၈ ရက်နေ့ မတိုင်ခင်အထိ ဖမ်းဆီးထိန်းသိမ်းခံရသူ၊ ဖမ်း၀ရမ်းထုတ်ခံရသူ ၁၁,၀၃၂ ဦး ရှိပါတယ်။ ဒါကြောင့် စာရင်းအရ လက်ရှိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ၊ အမှုရင်ဆိုင်နေရသူ ၅၃၉၆ ဦး ကျန်နေပါသေးတယ်။ ■