နမ္မတူမှာ တိုက်ပွဲလက်ကျန်မိုင်းတွေကြောင့် ဒေသခံတွေ အခက်တွေ့

RFA Burmese
2024.04.01
နမ္မတူမှာ တိုက်ပွဲလက်ကျန်မိုင်းတွေကြောင့် ဒေသခံတွေ အခက်တွေ့ နေအိမ်အတွင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကြောင့် စိုးရိမ်နေရသည့် နမ္မတူမြို့နယ် ခိုဖိတ်ကျေးရွာ ဒေသခံတစ်ဦးကို ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
RFA

တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်က ကျေးရွာတွေအနီးမှာ မပေါက်ကွဲဘဲ ကျန်နေတဲ့ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းတွေကြောင့် ဒေသခံတွေ အခက်တွေ့နေကြပါတယ်။

မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီး မတော်တဆပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် နမ္မတူမြို့နယ်မှာ အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး နောက်ထပ်နှစ်ဦး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်တွေရှိခဲ့လို့ မိုင်းအန္တရာယ်ကို စိုးရိမ်နေရတာလို့ ဒေသခံတွေက ပြောပါတယ်။

မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ကို ကြည့်ရှုနေသည့် နမ္မတူမြို့ခိုဖိတ်ရွာခံတစ်ဦးကို ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ကို ကြည့်ရှုနေသည့် နမ္မတူမြို့ခိုဖိတ်ရွာခံတစ်ဦးကို ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လူနေအိမ်တချို့မှာလည်း မပေါက်ကွဲသေးတဲ့ လက်နက်အကြွင်းအကျန်တွေရှိနေပြီး ကလေးငယ်တွေ ဆော့ကစားမှာ စိုးရိမ်ရတဲ့အတွက် အမြဲလိုလို စောင့်ကြည့်နေရတယ်လို့ နမ္မတူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ရပ်ရွာတွေထဲ ကြွင်းကျန်နေတဲ့ မိုင်းနဲ့ လက်နက်ကြီးတွေအကြောင်း ဒီဒေသကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တာဝန်ရှိသူတွေကို အသိပေးခဲ့ပေမယ့် လာရောက် ဖယ်ရှားပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နမ္မတူမြို့ TNLA တရားဥပဒေ စိုးမိုးရေးဌာန တာဝန်ရှိသူများကို ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
နမ္မတူမြို့ TNLA တရားဥပဒေ စိုးမိုးရေးဌာန တာဝန်ရှိသူများကို ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

TNLA ကတော့ သိမ်းပိုက်ထားတဲ့မြို့တွေမှာ မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကို လိုက်လံရှင်းနေပြီလို့ ပြောပါတယ်။ လူထုအနေနဲ့ မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေ တွေ့ရှိခဲ့ရင် TNLA တရားဥပဒေစိုးမိုးရေးဌာနတွေကို သွားရောက်တိုင်ကြားလို့ရတယ်လို့ TNLA ပြောခွင့်ရသူက ဆိုပါတယ်။

ရပ်ရွာတွေထဲအပြင် ကျွဲ၊ နွား၊ ဆိတ် စတဲ့ တိရစ္ဆာန်တွေ လွှတ်ကျောင်းရတဲ့ စားကျက်မြေနေရာတွေနဲ့ ယာခင်း စိုက်ခင်းနေရာတွေမှာလည်း မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေရှိနေလို့ လုပ်ငန်းခွင်ဝင်တဲ့နေရာမှာလည်း အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးကို ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးကို ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။