မန္တလေးက မြန်မာ့ရိုးရာ ကြေးသွန်းလုပ်ငန်း
2023.07.07

ပန်းတဉ်းပညာရပ်ထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကြေးသတ္တုကို အရည်ကျိုသွန်းလောင်း ရတဲ့ ကြေးသွန်းလုပ်ငန်းကို မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် တမ္ပဝတီအရပ်မှာ ဒီနေ့ထိ လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။
ကြေးသွန်းလုပ်ငန်းကို အရင်က မြန်မာပြည်အနှံ့မှာ လုပ်ကိုင်ကြပေမယ့် လက်ရှိမှာတော့ မန္တလေးမြို့မှာသာ တစ်စုတစ်စည်းတည်းတွေ့ရပြီး ကြေးသွန်းလုပ်ငန်းလုပ်ကိုင်သူ တစ်ရာခန့်ရှိပါတယ်။
ဘုရားဆင်းတုတော်၊ မောင်း၊ ခေါင်းလောင်း၊ လင်းကွင်း၊ ကြေးစည်၊ ဆည်းလည်း စတဲ့ ကြေးသွန်းပစ္စည်းတွေကို ပြုလုပ်ပြီး မြန်မာနိုင်ငံအနှံ့အပြားနဲ့ ပြည်ပအထိ တင်ပို့ပါတယ်။
ကြေးသွန်းလုပ်ငန်းကို အငယ်၊ အလတ်၊ အကြီး သုံးမျိုး ခွဲခြားထားပါတယ်။ အရွယ်အစားငယ်တွေကို မိုလောင်းပြီး လုပ်ကိုင်ကြတာကို လုပ်ငန်းငယ်၊ အရွယ်အစား သုံးပေကနေ ခြောက်ပေအထိ သွန်းလုပ်ကြသူတွေကို လုပ်ငန်းလတ်လို့ သတ်မှတ်ပါတယ်။
အရွယ်အစားကြီးမားတဲ့ ခြောက်ပေနဲ့အထက် သွန်းလောင်းလုပ်ကိုင်မှုကိုတော့ လုပ်ငန်းကြီးလို့သတ်မှတ်ပြီး လုပ်ငန်းငယ်နဲ့ လုပ်ငန်းလတ် သွန်းလုပ်သူများပေမယ့် လုပ်ငန်းကြီးလုပ်ကိုင်သူက အနည်းငယ်သာကျန်ရှိတော့တယ်လို့ ကြေးသွန်းလုပ်ငန်း လုပ်ကိုင်သူတွေက ပြောကြပါတယ်။